မျောက်ကျောက်ရောဂါအကြောင်း လူအများသိထားသင့်သော သိကောင်းစရာ

Powered by Drupal
Thu, 08/29/2024 - 11:16 -- consumer_admin

      ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် Mpox မျောက်ကျောက်ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC)အဖြစ် (၁၄-၈-၂၀၂၄)ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ မည်သူမဆို ရောဂါလက္ခဏာတစ်စုံတစ်ရာခံစားရပါက ကျန်းမာရေးတာဝန်ရှိသူများထံသို့ ချက်ခြင်းသတင်းပေးပို့ရန် မေတ္တာရပ်ခံချက်များကို ပြည်သူနှင့် ဝန်ထမ်းများအားလုံး ဂရုပြုနိုင်ရန် အသိပေးဖြန့်ဝေလျက်ရှိသည်၊။ မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှ တစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။

မျောက်ကျောက်ရောဂါဖြစ်ပြီဆို ပြသသောလက္ခဏာများ

      ရောဂါလက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အ‌ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက်အနည်းငယ်မှ ထောင်ပေါင်းများစွာအထိတွေ့ရတတ်ပါသည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်းတွေ့ရတတ်ပါသည်။

     အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။ သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများခံစားနေရသည်ဟုသံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူပါ။ သံသယ သို့မဟုတ် အတည်ပြုမျောက်ကျောက်ရောဂါဖြစ်ပွားနေသည့်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ကျန်းမာရေးဝန်ထမ်းများကိုအသိပေးပါ။

မျောက်ကျောက်ရောဂါ ဘယ်သူတွေကိုကူးနိုင်သလဲ ဆိုတာသိထားဖို့လိုအပ်ခြင်း

        မည်သူမဆို မျောက်ကျောက်ရောဂါလက္ခဏာများခံစားနေရသည့် လူများနှင့် အနီးကပ်ကိုင်တွယ်ထိတွေ့ခြင်း သို့မဟုတ် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်များအား ကိုင်တွယ်ထိ တွေ့ခြင်းရှိသူများသည် ရောဂါကူးစက်ခံရနိုင်ခြေအများဆုံးဖြစ်ပါသည်။ ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးထားသူများသည် မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ တစ်စိတ်တစ်ပိုင်းကာကွယ်မှုရရှိနိုင်ပါသည်။ ကျောက်ကြီးရောဂါပပျောက်သွားသည့် (၁၉၈၀) ခုနှစ်နောက်ပိုင်းတွင် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးလုပ်ငန်းသည် ရပ်နားထားခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ငယ်ရွယ်သူများသည် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးနှံထားခြင်းရှိမနေပါ။ ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးထားသောကြောင့် မျောက်ကျောက်ရောဂါကူးစက်ခံရမှုမှ အကာအကွယ်တချို့ရရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ ကူးစက်ခံရမှုမရှိအောင် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ထားသင့်ပါသည်။

       မွေးကင်းစကလေးများ၊ ကလေးသူငယ်များနှင့် ခုခံအားကျဆင်းနေသူများတွင် မျောက်ကျောက်ရောဂါကြောင့် ပြင်းထန်သည့် ရောဂါလက္ခဏာများခံစားရနိုင်ပြီး သေဆုံးနိုင်ချေပိုများ ပါသည်။ ကျန်းမာရေးဝန်ထမ်းများသည်လည်း ရောဂါပိုးနှင့် အချိန်ကြာမြင့်စွာထိတွေ့နိုင်သည့်အတွက်ကြောင့် ရောဂါကူးစက်ခံရနိုင်ခြေပိုမိုမြင့်မားပါသည်။

မျောက်ကျောက်ရောဂါဖြစ်ပြီဆို ကုသနိုင်တဲ့ဆေး သတိပြုဖို့နှင့် အကြောက်မလွန်စေဖို့

     မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။ ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း သို့မဟုတ် လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ သို့မဟုတ် မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကိုရှောင်ရှားပြီး အခြားပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကိုအသုံးပြုနိုင်ပါသည်။ ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်းပရိုတိန်းတစ်မျိုး (Vaccinia immune globulin –VIG) ကိုအသုံးပြုဖို့ ထောက်ခံချက်ပေးထားပါသည်။ ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး (Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင်လည်း အသုံးပြုရန် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ခွင့်ပြုခဲ့ပါသည်။

       ၁၉၅၈ ခုနှစ်တွင် သုတေသနပြုလုပ်ရန် သိမ်းဆည်းထားသည့် မျောက်အုပ်စုများတွင် ပထမဆုံးတွေ့ရှိခဲ့သည့်အတွက် မျောက်ကျောက်ရောဂါဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ၎င်းကို ၁၉၇၀ ပြည့်နှစ်များတွင် လူသားများ၌ စတင်တွေ့ရှိခဲ့သည်ဟုသိရသည်။ မျောက်ကျောက်သည် စိုးရိမ်လွန်စရာမဟုတ်သော်လည်း ပေါ့ဆ၍မရသည့် ကူးစက်ရောဂါဖြစ်သည်။ အာဖရိကတိုက်ပြင်ပသို့ ထွက်လာပြီဖြစ်သည့် မျောက်ကျောက်ရောဂါသည် အာရှတွင် ပထမဆုံးဖြစ်သည့်ကူးစက်မှုအဖြစ် မြန်မာလူမျိုးသန်းနှင့်ချီ၍ ဝင်ထွက်သွားလာနေသည့် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိလာခြင်းဖြစ်ရာ လက်တစ်ကမ်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ မည်သည့်ကူးစက်ရောဂါမဆို ကျန်းမာရေးအသိသုတတို့ရှိနေကြမည်ဆိုပါက သတိထား၍ ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် ထုတ်ပြန်အသိပေးနှိုးဆော်လျက်ရှိသည့် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေးသတင်းအချက်အလက်များ၊ ရောဂါကာကွယ်ရေးနည်းလမ်းများကို အလေးထားမှတ်သားလေ့လာလိုက်နာဆောင်ရွက်ခြင်းအားဖြင့် ရောဂါကူးစက်မည့်အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါမည်ဖြစ်သည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

      မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးသည်။ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက်ရောဂါကိုကာကွယ်ရန် မခဲယဉ်းလှပေ။ (က) Mpox ရောဂါလက္ခဏာခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ၊ (ခ) လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ရာခိုင်နှုန်းပါဝင်သော ရေမလိုလက်သန့်စင်ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောပါ၊ (ဂ) ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ (ဃ) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ (င)နှာချေ၊ ချောင်းဆိုးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ၊ (စ) အစားစိမ်းများကို ကျက်အောင်ချက်စားပါ၊ (ဆ) တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊ (ဇ)လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါရ၊ (ဈ) လူအများသုံးသန့်စင်ခန်း၊ တံခါးလက်ကိုင်၊ လှေကားအတက်အဆင်းလက်ရန်းများ၊ ဘတ်စ်ယာဉ်ထိုင်ခုံ စသည့်ထိတွေ့မှုများကို အထူးဂရုစိုက်သင့်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးသန့်စင်ပါ၊ (ည)တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ပါ။

       မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံအများစု၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုးရှိသူနှင့်မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကျောက်ကြီးရောဂါကာကွယ်ဆေး (Small Pox)ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုအပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတချို့၌ ကာကွယ်ဆေးကို အများပြည်သူတို့တွင်လည်း ထိုးနှံနေကြကြောင်း လေ့လာသိရှိရသည်။

      အချုပ်ဆိုရသော် ကမ္ဘာကြီးသည် အကျပ်အတည်းပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကိုဗစ်ကပ်ရောဂါနှင့် အသားကျနေပြီဖြစ်သော ကမ္ဘာကြီးသည် မျောက်ကျောက်ရောဂါကို အလိုက်သင့်ခုခံနိုင်မည်သာဖြစ်သည်။ သို့သော် ယခုတစ်ကျော့ပြန် အလေးထားနေရသော ရောဂါအခြေအနေကိုထိန်းချုပ်ရန် အခွင့်အလမ်းများရှိနေသဖြင့် စိုးရိမ်စရာမရှိဟု WHO ကဆိုထားသော်လည်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတချို့က အဆိုပါဗိုင်းရပ်စ်သည် ယခင်ကမတွေ့ရှိခဲ့သောနိုင်ငံများ၌ အမြစ်တွယ်သွားမည်ကို စိုးရိမ်နေကြသည်။ သို့ဖြစ်ရာ အများပြည်သူတို့အနေဖြင့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို အလေးထားလိုက်နာ၍ သတိပြုရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

(ကိုးကား- BANGKOK HOSPITAL Assoc Prof Dr. Panpit Suwangool ကျန်းမာရေးအသိပေးမှ ကောက်နုတ်ကိုးကားဖော်ပြသည်။

DOCA(ဧရာဝတီ)