မုန်ညင်းထုပ်ကို ကမ္ဘာ့အနှံ့အပြားတွင် စိုက်ပျိုးကြသည်။ အများဆုံးစိုက်ပျိုးသောနိုင်ငံများမှာ တရုတ်၊ ဂျပန်နှင့် အာရှတောင်ပိုင်းတို့တွင်စိုက်ပျိုးကြသည်။ မြန်မာပြည်တွင် ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်တွင်သင့်တင့်သော ရာသီဥတုရှိခြင်းကြောင့် ပို၍စိုက်ပျိုးမှုများသည်။ မုန်ညင်းထုပ်သည် ဂေါ်ဖီထုပ်အမျိုးအစားထဲတွင်ပါဝင်ပြီး အေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ မုန်ညင်းထုပ်အမျိုးအစားတွင် အရှည်မျိုးနှင့် အပုမျိုးဟူ၍ (၂)မျိုးရှိသည်။ သက်တမ်းအားဖြင့် သက်ရင့်မျိုး၊ သက်လတ်မျိုးနှင့် သက်ကြီးမျိုးဟူ၍ (၃)မျိုးခွဲခြားနိုင်သည်။ မုန်ညင်းထုပ်ကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း မြေဆီ၊ မြေဩဇာပြည့်စုံစွာရရှိရန် အရေးကြီးသည်။ မြေညံ့တွင် နောက်ချေး၊ မြေဆွေးစသည်များကို ထည့်ပေးရန်လိုအပ်သည်။ အထူးသဖြင့် ရေမဝပ်သောမြေ ဖြစ်ရမည်။ ထို့အပြင် ခြောက်သွေ့လွယ်သောမြေလည်းမဖြစ်ရပါ။ ကယ်လ်ဆီယမ်ဓာတ် နည်းသောမြေတွင် စိုက်ပျိုးပါက အူတိုင်ပုတ်တတ်သည်။ ထို့ကြောင့် မိုးများသောဒေသများတွင် မိုးရေဖြင့်ကယ်လ်ဆီယမ်ဓာတ်များ ဆုံးရှုံးတတ်ခြင်းကြောင့် ၎င်းဓာတ်များပါဝင်သော ဓာတ်မြေဩဇာများထည့်ပေးရန် လိုအပ်ပါသည်။ မိုးများသောရာသီဥတုတွင် ရောဂါအလွန်ကျရောက်နိုင်ပြီး သီးနှံအထွက်နည်းသောကြောင့် မိုးနည်းသောအချိန်ကိုရွေး၍ စိုက်ပျိုးရမည်။ မုန်ညင်းထုပ်သည် အအေးကြိုက်သောသီးနှံဖြစ်၍ အအေးဓာတ်ကိုတာရှည်ခံနိုင်သည်။ မိုးရေချိန်အသင့်အတင့် ရွာသွန်းသောဒေသတွင် မုန်ညင်းထုပ်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ မုန်ညင်းထုပ်စိုက်ပျိုးရန် အသင့်တော်ဆုံး အပူချိန်မှာ(၁၅-၂၀)ဒီဂရီစင်တီဂရိတ်ဖြစ်သည်။
မျိုးစေ့အသုံးပြုရာတွင် တစ်ဧကလျှင်(၁၀၀-၂၀၀)ဂရမ်နှုန်း အသုံးပြုပေးရပါမည်။ စိုက်ပျိုးရာတွင်လည်း မုန်ညင်းထုပ်ကိုပျိုးမထောင်ဘဲ ပျိုးစေ့မှတိုက်ရိုက်စိုက်ပျိုးခြင်းက ပို၍ဖြစ်ထွန်းသည်။ ရာသီဥတုပူပြင်းလျှင် မျိုးစေ့ချထားသောနေရာကို မစိုက်ပျိုးမီ မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးပေးရမည်။ မုန်ညင်းပင်ကိုပြုစုရာတွင်လည်း အပင်လေးများ အရွက်(၃)ရွက်ခန့် ရှိသောအချိန်တွင် ပထမအကြိမ် အပင်မှုန်းပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် (၃-၄) ပင်ချန်၍ မှုန်းပေးရမည်။ စိုက်ပြီးသည့်အချိန်မှ ရက်ပေါင်း(၂၅)ရက်အကြာတွင် ပေါင်းသင်မြေဆွပေးရမည်။ မုန်ညင်းထုပ်အမြစ်သည် မြေကြီး၏အပေါ်ပိုင်းတွင်သာ ရှိသောကြောင့် အမြစ်များမထိခိုက်စေရန် သတိပြုရမည်။ အမြစ်ကိုထိခိုက်ပါက မြေဆောင်ရောဂါဝင်ရောက်ရန် လွယ်ကူခြင်းကြောင့် ဖြစ်သည်။ အပင်ခြေရင်းကိုမြေတင်ပေးရာ၌လည်း အပင်၏အောက်အရွက်များ မြေကြီးနှင့်မပိမိစေရန် သတိပြုရမည်။ မုန်ညင်းထုပ်သည် အစိုဓာတ်အမြဲရှိနေသည်ကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်ခြင်းကိုကြောက်သည်။ အထူးသဖြင့် အပင်စတင်ထုပ်လာသောအချိန်တွင် ရေပိုလိုအပ်သည်။ အပင်သည်အထုပ်ဖြစ်လာပြီး ဆက်လက်ကြီးထွားမှုမရှိပါက နိုက်ထရိုဂျင်ဓာတ်မြေဩဇာ ထည့်ပေး ရန် လိုအပ်ပါသည်။ အပင်ပတ်လည်တွင်လည်း ယူရီးယားမြေဩဇာချပေးရမည်။ အစေ့ကိုစိုက်ပျိုး မည်ဆိုလျှင် (၄)လက်မ ပတ်လည်ခြားစီ စိုက်ပျိုးသင့်ပါသည်။ မျိုးစေ့များကို လက်မဝက်လောက်မြုပ် အောင်ထားရပါမည်။ အပင်ပေါက်လေးများကို စိုက်ပျိုးသည့်အခါ ပင်ကြားအနေဖြင့် (၁၂-၁၈) လက်မထားပေးရပြီး တန်းခြားအနေဖြင့် (၁၈-၃၀) လက်မခန့်ထားပေးရပါမည်။ မျိုးအပေါ်မူတည်၍ ကွာခြားမှု အနည်းငယ်ရှိပါသည်။ အပင်ပေါက်ကို ရွေ့ပြောင်းစိုက်ပျိုးမည်ဆိုလျှင် သေချာဂရုစိုက်၍ စိုက်ပျိုးသင့်ပါသည်။ ဂရုမစိုက်လျှင် ရွေ့ပြောင်းစိုက်ပျိုးသည့်အခါ ပျက်စီးဆုံးရှံးမှုများ များပြားနိုင် ပါသည်။ စိုက်ပျိုးရာတွင် ခရမ်းချဉ်၊ ငရုတ်၊ ရုံးပတီ၊ အာလူးစသည်တို့နှင့် တွဲဖက်၍မစိုက်သင့်ပါ။
မုန်ညင်းထုပ်များကို ပြုစုရာတွင် မြေကိုအစိုဓာတ်မပြတ်အောင် ထားပေးရမည်။ ထိုကဲ့သို့ ပြုလုပ်ပေးလျှင် အပင်ကြီးထွားမှု မြန်လာနိုင်ပါသည်။ ကြီးထွားမှုနှေးလျှင် အပင်များသည်ပန်းပွင့်များ ပွင့်ပြီး မုန်ညင်းထုပ်ထုပ်ဖို့ထက် အစေ့ဖြစ်ဖို့သို့ ရောက်သွားတတ်ပါသည်။ ခပ်နွေးနွေးရာသီဥတုတွင် စိုက်ပျိုးမည်ဆိုလျှင် နေရောင်အမြဲရရှိပြီး တိုက်ရိုက်နေရောင်ရသော နေရာတွင်မစိုက်ပျိုးသင့်ပါ။ တစ်နေ့တွင် (၈)နာရီထက်ပို၍ တိုက်ရိုက်နေရောင်မရသင့်ပါ။ မုန်ညင်းထုပ်များသည် အဝါရောင်ဗိုင်းရပ်ရောဂါကို ခံနိုင်ရည်မရှိပါ။ ခံနိုင်ရည်ရှိမျိုးကို ရွေးချယ်၍ စိုက်ပျိုးနိုင်ပါသည်။ ရောဂါကျရောက်မှု မဖြစ်အောင် ကာကွယ်နိုင်ရန်နည်းလမ်းမှာ အပင်စိုနေသောအချိန်တွင် မခူးရပါ။ ရောဂါကျရောက်နေပြီဟု ယူဆရသောအပင်များကိုတွေ့လျှင် ချက်ချင်းဖယ်ရှားပစ်ပြီး စိုက်ခင်းနှင့်ဝေးရာတွင် ဖျက်ဆီး ပစ်ရပါမည်။ စိုက်ပျိုးပြီးရက် ၅၀ မှ ၈၀အတွင်း မုန်ညင်းများ အထုပ်စထုပ်ပါမည်။ မြေကြီးနားကပ် နေသော နေရာမှစ၍ ခူးဆွတ်နိုင်ပါသည်။ အရမ်းအေးသောအချိန်မရောက်ခင် ခူးဆွတ်နိုင်ရန်အတွက် စိုက်ပျိုးရန်လိုအပ်ပါသည်။
မုန်ညင်းထုပ်သည် ကျစ်၍မာလာလျှင် စတင်ခူးဆွတ်ရမည်ဖြစ်သည်။ အချိန်ကြာမြင့်စွာ စိုက်ခင်းထဲတွင် ဆက်လက်ထားရှိပါက အထုပ်ကွဲလာခြင်း၊ ပုပ်သွားခြင်းတို့ဖြစ်နိုင်သည်။ အထုပ်၏ အပြင်ဘက်ဆုံး အရောင်ပျက်နေသောအရွက်များကို ခွာပစ်ရမည်။ မုန်ညင်းထုပ် အကာအကွယ်ရစေရန်အတွက် အောက်အရွက်(၃)ရွက် ချန်ထား၍ ဆက်လက်ခူးဆွတ်ရမည်။ အထွက်နှုန်းအနေဖြင့် လည်း တစ်ဧကလျှင်(၅၀၀၀-၇၀၀၀) ပိဿာထွက်သည်။ မျိုးစေ့ထုတ်လုပ်ရာတွင်လည်း ဂေါ်ဖီထုပ်ကဲ့သို့ပင်ဖြစ်သည်။ သို့ရာတွင် အထုပ်ကိုခွဲပေးရန်မလိုပေ။ မြေပြန့်ဒေသတွင် မျိုးစေ့ထုတ်နိုင်သော် လည်း အပူချိန်(၅) ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းသွားမှသာ ပွင့်တံထွက် လာနိုင်ပါသည်။
မုန်ညင်းဖြူသည်ဟင်းတစ်ခွက်အနေဖြင့် အသုံးဝင်ရုံသာမက ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါသည်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသလို မျက်လုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါသည်။ နာတာရှည်ရောဂါသမားများ စားသုံးပေးသင့်ပါသည်။ သွေးဖိအားကို ပုံမှန်အနေအထား ထိန်းညှိပေးနိုင်သောကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရုတ်တရက်နှလုံးဖောက် ခြင်းများကိုလည်း ကာကွယ်စေနိုင်ပါသည်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကိုလည်း အစာကြေညက်လွယ်ကာ ဝမ်းချုပ်စေခြင်းမှလည်း ကာကွယ်ပေးပါသည်။ မုန်ညင်းဖြူတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်နေပါသည်။ ထို့အပြင် သံဓာတ်လည်းအပြည့်အဝရရှိစေပါသည်။ ဗီတာမင်အေကြွယ်ဝမှုကြောင့် အာရုံကြောများကို အားကောင်းစေပြီး မျက်ကြည်လွှာမပျက်စီးအောင်လည်း ကာကွယ်ပေးပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေသော မုန်ညင်းဖြူကိုစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(ပဲခူး)