တစောင်းခါးပင်သည် မြန်မာနိုင်ငံအပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးပေါက်ရောက်ပြီး မြေမှာကပ်ပေါက်၍ အလွန်ပွားလွယ်သည့် နှစ်ရှည်ခံအပင်တစ်မျိုးဖြစ်သည်။ အညာဒေသထွက်ကုန် သဘာဝဟင်းသီးဟင်းရွက်အပင်တစ်မျိုးအဖြစ်လည်း တင်စားခေါ်ဆိုကြပြီး တစောင်းခါးကို ကဇောင်းခါးဟူ၍လည်း ဒေသအလိုက် အမည်အမျိုးမျိုးကွဲပြားခေါ်ဆိုကြသည်။ တစောင်းခါးနှင့် တစောင်းချဉ်ဟူ၍ နှစ်မျိုးရှိသည်။ တစောင်းခါး၏အရသာမှာ ခါးသက်၍ တစောင်းချဉ်မှာ ချဉ်သောအရသာများစွာပါရှိသည်။ တစောင်းခါးမှာ ခါးသက်အရသာရှိပြီး စားသုံးပြီးလျှင် ဖန်ချိုအရသာခံစားရကာ ခံတွင်းမြိန်စေပြီး ဆေးဖက်ဝင်၍ စားသုံးမှုများပြားခြင်းကြောင့် ဈေးကွက်တွင် အများဆုံးတွေ့ရှိရသည်။ တစောင်းခါးနှင့် တစောင်းချဉ်မှာ အပင်ပုံစံတူ၍ ခွဲရခက်ခဲသော်လည်း ဒေသခံများက ပင်စည်မှထွက်သည့် အတက်အချွန်ကလေးများကိုကြည့်ပြီး အလွယ်တကူခွဲခြားနိုင်သည်။ တစောင်းခါးပင်မှာ ကိုင်းဖြာ၍ ထောင်မတ်သော အရိုးပျော့အပင်မျိုးဖြစ်ပြီး အမြင့်(၁)ပေခန့်အထိသာကြီးထွားနိုင်ပါသည်။ ၎င်းမှာ အစိမ်းရောင်ရှိ၍ အသားထူပြီး အရည်ရွှန်းသော အပင်ဖြစ်သည်။ အပင်၏ ထိပ်ပိုင်းမှာ ချွန်၍သွယ်လျပြီး အရွက်မှာ သေးငယ်၍ အချိန်တိုအတွင်း၌ ကြွေလွယ်သော အပင်မျိုးဖြစ်သည်။
တစောင်းခါးသည် သဘာဝအလျောက်ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး တစောင်းခါးကို မြန်မာနိုင်ငံ၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့မှ စတင်ဖြစ်ထွန်းသည်ဟုသိရှိရသည်။ အိန္ဒိယနိုင်ငံ၌ ကျွန်းစွယ်ဒေသများတွင် အများဆုံးပေါက်ရောက်မှုများကြောင်း၊ အစားအစာ စားလိုစိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိ၍ အစာခံနိုင်ခြင်းကြောင့် အိန္ဒိယလူမျိုးများသည် ခရီးသွားရာတွင် တစောင်းခါးကို ယူဆောင်သွားလေ့ရှိကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း ရှေးလွန်ခဲ့သည့်နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက တစောင်းခါးကို အစာအာဟာရအတွက် ဟင်းသီးဟင်းရွက်အဖြစ် စားသုံးခဲ့ကြရုံသာမက ဆေးဖက်ဝင်ပရဆေးပင်အဖြစ်လည်းအသုံးပြုခဲ့ကြသည်။ တစောင်းခါးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါရှိသည့်အပြင် ရေဓာတ်ပြည့်ပြည့်ဝဝပါရှိ၍ အစာစားလိုစိတ်ကိုထိန်းချုပ်နိုင်ခြင်း၊ ကိုယ်ခန္ဓာအလေးချိန်ကိုကျဆင်းစေခြင်း၊ သက်လုံအားကောင်းပြီး ရေငတ်ပြေစေ၍ အစာခံနိုင်ခြင်းတို့ကြောင့် တစောင်းခါးကို ကျန်းမာရေးဆေးဖက်ဝင်သီးနှံအဖြစ် အသုံးပြုခဲ့ကြကြောင်း၊ တစောင်းခါးကို ရှေးယခင်က ငတ်မွတ်ခေါင်းပါးမှုမှ ကင်းစေနိုင်သည့် အစားအစာအဖြစ် သတ်မှတ်စားသုံးကြကြောင်းသိရှိရသည်။
တစောင်းခါးသည် ပူးပြင်းခြောက်သွေ့သည့်ဒေသများတွင် ဖြစ်ထွန်းမှုများ၍ မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များ၌ အများဆုံးပေါက်ရောက်တွေ့ရှိ ရသည်။ ရှေးယခင်နှစ်များစွာက တစောင်းခါးကို တောတောင်အတွင်း အရိပ်အာဝါသကောင်းသည့် သစ်ပင်ကြီးများအောက်ရှိ အပင်ခြေများတွင် အလေ့ကျပေါက်ရောက်ခြင်းဖြစ်၍ ခက်ခက်ခဲခဲရှာဖွေစားသောက်ခဲ့ကြရာမှ ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိသည့် တစောင်းခါးပင်ကို မျိုးပွားယူပြီး ယနေ့ခေတ်တွင် ကျေးလက်ဒေသများ၌ တစောင်းခါးကို မိသားစုစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင် အိမ်ခြံမြေ၊ ဥယျာဉ်မြေများ၊ လမ်းဘေးဝဲယာများအပြင်၊ မိမိတို့အိမ်ခြံဝန်းအတွင်း၌လည်း မြေအိုး၊ ပလတ်စတစ်ဘူးများတွင် သဲနှင့်သစ်ရွက်မြေဆွေးရောနှပ်၍ စနစ်တကျမျိုးပွားစိုက်ပျိုးလျက်ရှိပြီး ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တစောင်းခါးပင်မှာ ရေများစွာကြိုက်နှစ်သက်ခြင်းမရှိ၍ ရေဝပ်ခြင်းမရှိသော မြေနေရာများတွင် စိုက်ပျိုးပါက ဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်သည်။
ပခုက္ကူမြို့၏ ဒေသထွက်ကုန်များစွာရှိသည့်အနက်မှ တစောင်းခါးပင်သည် ထင်ရှားသည့် ဟင်းသီးဟင်းရွက်အပင်တစ်မျိုးဖြစ်သည်။ ယခုကဲ့သို့သော မိုးရာသီ ဩဂုတ်လ၊ စက်တင်ဘာလများတွင် ပခုက္ကူအနောက်ပန်းခြံဈေးနှင့် မြို့မဈေးကြီးအပြင်ဘက်တန်းများတွင် လာရောင်းသည့် သီးနှံမျိုးစုံထဲမှ တစောင်းခါးကို ပေါများစွာတွေ့ရှိသည့် အညာဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ ယခုမိုးရာသီအချိန်တွင် ဈေးတန်းတွင်း၌ တစောင်းခါးပင်များအား အစုလိုက်အပုံလိုက်ခင်း၍ ရောင်းချလျက်ရှိရာ တစောင်းခါးတစ်ပိသာလျှင် လက်ကားဈေး ကျပ်(၆၀၀၀)၊ လက်လီဈေး ကျပ်(၈၀၀၀) ဈေးအသီးသီးဖြင့်ရောင်းချရ၍ ဒေသခံ တစောင်းခါးစိုက်ပျိုးသူများမှာ မိသားစု ဟင်းတစ်ခွက်အပြင် အပိုဝင်ငွေရရှိလျက်ရှိပြီး စားသုံးသူများကလည်း ယခုဝါတွင်းကာလတွင် တစောင်းခါးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ သံဃာတော်အရှင်သူမြတ်များနှင့် ဥပုသ်သီတင်းဆောက်တည်သူများအား အာဟာရဆေးတစ်မျိုးအဖြစ် တစောင်းခါးကိုသုပ်ပြီး ကျွေးမွေးလှူဒါန်းပြုလုပ်ခြင်းဖြစ်၍ ရာသီပေါ် တစောင်းခါးကို ကျန်းမာရေးဆေးဖက်ဝင်အဖြစ် စားသုံးမှုများလျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် တစောင်းခါးကို ဈေးကောင်းပေး၍ ဝယ်ရသော်လည်း ကျန်းမာရေးအထောက်အကူပြု ရာသီပေါ်တစောင်းခါးကို ဝယ်ယူစားသုံးမှုများလျက်ရှိသော ပခုက္ကူမြို့၏ ဒေသထွက်ကုန်သီးနှံများမှ ထင်ရှားသည့် ဆေးဖက်ဝင်တစောင်းခါးဖြစ်ပါသည်။
တစောင်းခါးစားသုံးမှုနှင့် သူ၏ဆေးဖက်ဝင်ပုံ
တစောင်းခါးကို အသုံးပြုရာတွင် ဦးစွာပထမဝယ်ယူပြီးသည့်အခါ ချက်ပြုတ်ခြင်းမပြုမီ တစောင်းခါးအမြစ်တွင် သဲ၊ ရွှံ့များပါလာခြင်းအတွက် စားသုံးခြင်းမပြုမီ ရေဖြင့် စင်ကြယ်စွာဆေးကြောသင့်ပါသည်။ ဆေးကြောပြီးသော တစောင်းခါးများကို စဉ်းတီတုံးပေါ်တွင် ဓားပြားရိုက်ပြီး ဆားဖြင့်နယ်၍ ချေပြီးလျှင် ရေဆေးရကြောင်း၊ ၎င်းနောက် ရေညှစ်ပြီး ရရှိသော တစောင်းခါးဖတ်များကို အစိမ်းသုပ်စားခြင်း၊ ငါးနီတူ၊ ပုစွန်ခြောက်များနှင့်ကြော်စားခြင်းပြုလုပ်ကြသည်။ တချို့အိမ်ရှင်မများကလည်း ဟင်းသီးဟင်းရွက်များဖြစ်သည့် မျှစ်၊ ချဉ်ပေါင်၊ မန်ကျည်းရွက်တို့နှင့်လည်းတွဲဖက်၍ စားသုံးကြသည့်အပြင် အသားများနှင့်ရော၍လည်းစားသုံးကြပါသည်။ တစောင်းခါးအရသာသည် ဖန်ခါးသောအရသာရှိ၍ ခံတွင်းလိုက်ပြီး ထမင်းမြိန်စေပြီး စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အင်အားကိုတိုးပွားစေသည်။
ယခုဆိုလျှင် တစောင်းခါးကို သဘာဝပိန်ဆေးအနေဖြင့် တွင်တွင်ကျယ်ကျယ်စားသုံးနေကြပါသည်။ ယနေ့ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် အဝလွန်ခြင်းသည် အဓိကကျန်းမာရေး ပြသနာဖြစ်၍ အဝလွန်သူများအနေဖြင့် တစောင်းခါးကိုစားသုံးခြင်းဖြင့် အဆီကျ၊ အသားကျစ်ကာ ပိန်စေပါသည်။ "များများစားပေးလေ ခန္ဓာကိုယ်သွယ်လျလေ" ဖြစ်ကြောင်းသိရှိရသည်။ အညာဒေသမှာ တစောင်းခါးကို ဈေးနှုန်းချိုသာစွာ အလွယ်တကူဝယ်ယူစားသုံးရသော်လည်း မြို့ကြီးများတွင် ရှားပါးစွာတွေ့ရှိရတတ်ပြီး ဆိုင်ကြီးများ၌ ဈေးကြီးပေး၍ ဝယ်စားရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ တစောင်းခါးတွင် အမျှင်ဓာတ်များစွာပါဝင်ခြင်းကြောင့် ကျန်းမာခြင်းကို အထောက်အကူဖြစ်စေသည်။ အူလမ်းကြောင်းမှ အာဟာရဓာတ်များကို စုပ်ယူနိုင်စွမ်းကိုလည်း အားကောင်းစေသည်။ အစာစားလိုစိတ်ကိုလျှော့ချစေနိုင်ပြီး အဆာခံနိုင်စွမ်းရှိသည့်အတွက် ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် အလွန်သင့်လျော်ပါသည်။ နာတာရှည်ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါများကိုလည်း ကာကွယ်ပေးခြင်းအပြင် လေငန်း၊ လေချုပ်နှင့် လိပ်ခေါင်းရောဂါရှိသူများအနေဖြင့်လည်း ဆေးဖက်ဝင် တစောင်းခါးကို သုံးစွဲလျက်ရှိကြောင်းသိရှိရသည်။
ရာသီအချိန်အခါနှင့်အညီ သဘာဝတရားမှပေးသည့် တစောင်းခါးပင်မှရရှိသော အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေ၍ ဖန်ဖန်ခါးခါးအရသာရှိပြီး ခံတွင်းမြိန်စေကာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိပြီး တစောင်းခါး (ခေါ်) ကဇောင်းခါးပင်၏ ထူးခြားသည့်အာနိသင်နှင့် အသုံးဝင်မှုကြောင့် တစောင်းခါးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြ၍ ယခုအခါတွင် ကျေးလက်ဒေသခံများသည် တောတွင်း၌ သဘာဝအလျောက်ပေါက်ရောက်သည့် တစောင်းခါးပင်များကို မျိုးပွားယူပြီး မိသားစုစီးပွားရေးအဖြစ် မိမိတို့အိမ်ခြံမြေ၊ ဥယျာဉ်မြေကွက် စည်းရိုးတန်းများတွင် စနစ်တကျစိုက်ပျိုးနေကြပါသည်။ သို့ဖြစ်ပါ၍ သဘာဝတရားမှပေးသည့် အညာဒေသထွက် တစောင်းခါးသည် လူသားတို့၏ကျန်းမာရေးကို အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနိုင်သည့် ဓာတုဆေးဝါးကင်းစင်ပြီး သဘာဝဆေးဖက်ဝင် တန်ဖိုးရှိသည့် အပင်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)