၂၀၂၄ခုနှစ်၊ အောက်တိုဘာ လဆန်းပိုင်းတွင် အစေ့ထုတ်ပြောင်း(မိုး) သီးနှံထွက်ပေါ်လာတော့မည်ဖြစ်ပေသည်။ ပြောင်းသီးနှံသည် စိုက်ဧကများပြားပြီး ဈေးကွက်လိုအပ်ချက်မြင့်မားသော သီးနှံဖြစ်ပါသည်။ ပြောင်းသီးနှံတွင် ဒေသပြောင်းခေါ် ဖူးစားပြောင်း၊ နှံစားပြောင်းနှင့် အစေ့ထုတ်ပြောင်းဟူ၍ ဈေးကွက်အရ အမျိုးစားကွဲပြားပါသည်။
ဒေသပြောင်းခေါ်ဖူးစားပြောင်းကို ရှမ်းပြောင်းဟုလည်းခေါ်ပါသည်။ မိုးလယ်၊ မိုးနှောင်းကာလများတွင် ဟဲဟိုးမြို့၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့များတွင် ရောင်းချကြပါသည်။ ရှမ်းပြောင်းတွင် ကြက်သွေးရင့်ရောင်ငချိတ်ပြောင်း၊ ရိုးရိုးပြောင်းနှင့် လေးတန်းပြောင်းဟု၍ရှိပါသည်။ CP ပြောင်းချိုကိုလည်း ဒေသထွက်ကုန်အဖြစ်ရောင်းချကြပါသည်။ အထူးသဖြင့် CP ပြောင်းချိုကို ပြောင်းစိုက်ပျိုးရာ ဒေသအသီးသီးတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိသားစုဝင်ငွေကိုရှာဖွေကြရပါသည်။
နှံစားပြောင်းကို ကချင်၊ ကယား၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး(အရှေ့နှင့်အနောက်)မန္တလေး၊ ရှမ်းပြည်(တောင်၊ မြောက်၊ အရှေ့) ဧရာဝတီ၊ ချင်းတို့တွင် စိုက်ပျိုးကြပါသည်။ နှံစားပြောင်းကို မိုးရာသီနှင့် မိုးနှောင်ရာသီတွင် စိုက်ပျိုးကြပြီး ခွံပြောင်းနှင့် ဆန်ပြောင်းဟူ၍နှစ်မျိုးရှိပါသည်။ ခွံပြောင်းကို ကုလား၊ ပြောင်းနက်၊ ခွံပြောင်းညို၊ နှံကားဟု၍ခေါ်ဆိုကြပြီး ဆန်ပြောင်းကို လယ်ကြီး၊ ပြောင်းကောက်ဟု၍ ဒေသအလိုက်ခေါ်ဆိုကြပါသည်။ ခွံပြောင်း၏ပင်စည်ရိုးတန်မှာ နီကြန့်ကြန့်အရောင်နှင့် ပင်စည်အသားပျော့၍ သကြားရည်ရွှန်းပါသည်။ ဆန်ပြောင်းမှာ အပင်ပု၍ စိမ်းလဲ့လဲ့အရောင်ဖြစ်ပြီး ဆန်ရှားပါးသော တချို့ဒေသနှင့် တောင်ပေါ်ဒေသများတွင် ဆန်အစား ချက်ပြုတ်စားသုံးကြပါသည်။
အစေ့ထုတ်ပြောင်းကို အစေ့ထုတ်ပြောင်း(မိုး)နှင့်အစေ့ထုတ်ပြောင်း(ဆောင်း)ဟူ၍ စိုက်ပျိုးချိန်ကိုမူတည်၍ နှစ်မျိုးရှိပါသည်။ အစေ့ထုတ်ပြောင်း(မိုး)ကို နေပြည်တော်၊ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး(ရှေ့၊နောက်)၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းပြည်(တောင်၊ မြောက်၊ အရှေ့) နှင့် ဧရာဝတီ စသော မြန်မာနိုင်ငံအနှံအပြားစိုက်ပျိုးကြပါသည်။ မေလ၊ ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်တိုဘာလဆန်းပိုင်းတွင် စတင်ခူးဆွတ်ရိတ်သိမ်းကာ နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ အစေ့ထုတ်ပြောင်း(ဆောင်း)ကို နေပြည်တော်၊ ကချင်၊ ကယား၊ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်(တောင်၊ မြောက်၊ အရှေ့)တို့တွင် အောက်တိုဘာလ၊ နိုဝင်ဘာလများ၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် စတင်ခူးဆွတ်ရိတ်သိမ်းကာ မတလ၊ ဧပြီလများတွင် ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။
ပြောင်းသီးနှံသည် ကျန်သီးနှံများလောက် တစ်ဧကကုန်ကျစရိတ်မများဘဲ အပင်ပြုစုထိန်းသိမ်းရာတွင်လည်း တောင်သူသက်သာသော သီးနှံဖြစ်၍ အကျိုးအမြတ်နှင့် ဈေးကွက်တွင်မူ ခိုင်မာပါသည်။ တောင်သူများအနေဖြင့် အစေ့ထုတ်ပြောင်းကို ထွက်နှုန်းကောင်း/ အရည်သွေးကောင်းစေရန်အတွက် မိမိစိုက်ပျိုးမည့်မြေ၏ ဂုဏ်သတ္တိကိုသိရှိထားခြင်း၊ ပြောင်းသီးနှံနှင့် သင့်တင့်သော ရာသီတုကိုလေ့လာထားခြင်း၊အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်မူရှိသော မျိုးစေ့ကိုရွေးချယ်စိုက်ပျိုးခြင်း၊ ကောင်းမွန်သောစိုက်နည်းစနစ်နှင့် အပင်စောင့်ရှောက်မူကျွမ်းကျင်ခြင်း၊ ခူးဆွတ်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကျင့်သုံးခြင်း၊ မိမိအကျိုးအမြတ်အတွက် သီးနှံဈေးနှုန်းဈေးကွက်ခန့်မှန်းတွက်ချက်ရန် ပြည့်စုံကောင်းမွန်သော သတင်းအချက်အလက်များ စုဆောင်းခြင်း စသည့် ခေတ်မီသော တောင်သူတို့၏ ဓလေ့စရိုက်များကိုလိုက်နာကျင့်သုံးရပေမည်။
မြေဆီဩဇာထက်သန်သော နုန်းမြေစေး၊ သဲနုန်းမြေတို့တွင် စိုက်ပျိုးသင့်ပါသည်။ ရွှံ့စေးမြေ ကျောက်စရစ်နှင့် သဲမြေတို့တွင် စိုက်ပျိုးရန်မသင့်ပေ။ စိုက်ပျိုးရန်မြေ၏ ချဉ်ငံဓာတ်မှ ၅.၃ မှ ၇.၃ အတွင်း စိုက်ပျိုးနိုင်ပြီး အသင့်တော်ဆုံး PH မှာ ၆-၇ အတွင်းဖြစ်ပါသည်။ PH ၅.၆ အောက်တွင် အပင်ဖြစ်ထွန်းမှုညံ့ဖျင်းပြီး PH ၄.၀ အောက်တွင် အပင်ဖြစ်ထွန်းနိုင်စွမ်းလုံးဝမရှိပါ။ စိုက်ပျိုးမြေ၏ PH မြင့်လွန်းလျှင်လည်း အထွက်နှုန်းလျော့ကျနိုင်ပါသည်။ မိမိစိုက်ပျိုးမြေ၏ ဂုဏ်သတ္တိကို ဓာတ်ခွဲစမ်းသပ်၍ လိုအပ်သည့်အဟာရဓာတ်များဖြည့်စွမ်းနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
ပြောင်းသီးနှံအတွက် သင့်တင့်သောရာသီဥတုမှာ နှစ်စဉ်မိုးရေချိန် ၃၅-၄၅ လက်မအတွင်း ရွာသွန်းပြီး အပူချိန် ၇၅ဒီဂရီဖာရင်ဟိုက်နှင့် ၈၅ဒီဂရီဖာရင်ဟိုက် အတွင်းတွင် အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ အပူချိန် ၅၀ဒီဂရီဖာရင်ဟိုက်အောက်တွင် အပင်ပေါက်နိုင်စွမ်းမရှိတော့ပေ။ မျိုးစေ့အပင်ပေါက်ရက်မှာ မြေတွင်းအပူချိန်အရ အပင်ပေါက်ရက်ကွာခြားပါသည်။ အပူချိန် ၇၀ဒီဂရီဖာရင်ဟိုက်နှင့်အထက်တွင် ၅ရက်မှ ၆ရက်၊ ၆၀/ ၆၅ ဒီဂရီဖာရင်ဟိုက်ကြားတွင် ၈ရက်မှ ၁၀ရက်၊ ၅၀/ ၅၅ဒီဂရီဖာရင်ဟိုက်ကြားတွင် ၁၈ရက်မှ ၂၀ရက်ကြာသည့်အတွက် အပူချိန်ထိန်းသိမ်းနိုင်ရန် မြေသားလုံခြုံမှုရှိရန် ကြမ်းတုံးရိုက်၍ မြေသားဖုံးအုပ်ထားသင့်ပါသည်။
အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးစေ့ကိုရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပြောင်းသီးနှံအထွက်နှုန်းနှင့် အရည်အသွေးကို များစွာတိုးတက်စေပါသည်။ စိုက်ပျိုးရန် မျိုးစေ့အနေဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှထုတ်ဝေသော မြေပြန့်ဒေသအတွက် ရေဆင်းစပ်မျိုး ၆ နှင့် ၁၀၊ တောင်ပေါ်ဒေသအတွက် ရေဆင်းစပ်မျိုး ၆ နှင့်၁၁ စိုက်ပျိုးသင့်သည်ဟုသိရပါသည်။ ပြောင်းတောင်သူအကြိုက်မျိုးစေ့များမှာ CP 888၊ CP 8၀၉၊ CP ၃၀၁၊ CP ၂၀၁၊ SA 282၊ TF227၊ BKS ၃၃၃၊ ရွှေဝါ ၁၃၊ ဆူဝမ်၃၆၊ အာမိုစပ်မျိုးနှင့် တရုတ်စပ်မျိုးတို့ကိုကြိုက်နှစ်သက်ကြပြီး နေရာဒေသ၊ မြေအနေအထားနှင့် ရာသီဥတုပေါ်မူတည်၍ ရွေးချယ်စိုက်ပျိုးကြပါသည်။တစ်နှစ်လျှင် မိုးနှင့်ဆောင်း နှစ်ကြိမ်စိုက်ပျိုးသဖြင့် တချို့ဆိုင်များတွင် မျိုးစေ့လိုအပ်ချက်ထက် နှစ်ချို့သိုလှောင်မှုများရှိနိုင်သဖြင့် ၎င်းမျိုးစေ့များသည် အပင်ပေါက်နှုန်းလျော့ကျနိုင်သဖြင့် မှန်ကန်သောမျိုးစေ့များအား ရွေးချယ်ဝယ်ယူ သင့်ပါသည်။
စိုက်ပျိုးနည်းစနစ်မှန်ကန်ခြင်းနှင့် အပင်ပြုစုစောင့်ရှောက်မှုကျွမ်းကျင်ခြင်း သည် အထွက်နှုန်းကောင်းမွန်မှုနှင့် အရည်အသွေးကိုတိုးတက်စေသည့် အဓိကအချက်ဖြစ်ပါသည်။ စိုက်ပျိုးရာတွင် ပထမထယ်တစ်ထပ်ကို နက်နက်ထိုးရပါမည်။ ထို့နောက် ပေါင်းမြက်များနှင့် ပထမသီးနှံအကြွင်းအကျန်များ ကို ဖယ်ရှား၍ ဒုတိယထယ်တစ်ထပ်ထိုး၍ သင့်လျော်သော အစိုဓာတ်ရသည့်အခါ ထွန်ရေးနှစ်ထပ်ဖြင့် မြေကိုညှိသင့်ပါသည်။ မြေအနက် ၂လက်မမှ ၄လက်မ အကြား စိုက်ကြောင်းဆွဲ၍ အနက် ၂.၅ လက်မဝန်းကျင်တွင် မျိုးစေ့ချစိုက်ပျိုးသင့်ပါသည်။ ပင်ကြား ၉လက်မနှင့် တန်းကြား ၂ပေခွဲခန့်ထား၍ စိုက်ကျင်းတစ်ကျင်းလျှင် မျိုးစေ့၂စေ့ခန့်ထည့်သွင်းရပါသည်။ မျိုးစေ့ချပြီး ၁၀ရက်မှ ၁၅ရက်အတွင်း တစ်ကျင်းလျှင် သန်စွမ်းသောအပင်ပေါက်တစ်ပင်ချန်၍ သားခွဲခြင်းပြုလုပ်ရပါသည်။ ထိုအချိန်တွင် ပြောင်းပင်သည်ကြီးထွားမှုနှေးကွေးသဖြင့် ပေါင်းမြက်ကင်းစင်ရန်လိုပါသည်။ သားခွဲသည်မှ ၁လခွဲခန့်တွင် ၁ကြိမ်၊ စုစုပေါင်း ၂ကြိမ်ခန့် တီစူပါနှင့် ပုလဲသွင်းအားစုများထည့်သွင်းပေးရသည်ဟုသိရပါသည်။ ပိုးမွှားများအနေဖြင့် ရွက်စားပိုး (သို့) ခေါင်ညွန့်ထိုးပိုးနှင့် ပန်းပွင့်ချိန်တွင် ပြပိုးကျရောက်တက်ပါသည်။ ပြောင်းဖူးနုချိန်တွင် ကြက်တူရွေးနှင့် ခူးဆွတ်ချိန်တွင် ကျိုင်းကောင်များက ဖျက်ဆီးတတ်ပါသည်။
ခူးဆွတ်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကျင့်သုံးခြင်းသည် သီးနှံအရည်အသွေးနှင့်အလေအလွင့်နည်းပါးစေရန် အထောက်အကူပြုပါသည်။ ပြောင်းဖူးများအခွံဖတ်ဝါ၍ အမြိတ်စနှင့်ရိုးတံခြောက်ချိန်တွင် ခူးဆွတ်သင့်ပါသည်။နောက်ကျလျှင် အပင်များယိုင်နဲ၍ ကျိုးကျကာ ဆုံးရှုံးနိုင်သဖြင့် စောလျင်စွာရိတ်သိမ်းရပါသည်။ ခူးဆွတ်ထားသောပြောင်းဖူးများကို အစိုဓာတ်လျော့ကျစေရန် ဆောင်ရွက်သင့်ပါသည်။ မြေပေါ်တွင် စုပုံထားခြင်းဖြင့် အစိုဓာတ်ကြောင့် ကင်ဆာဖြစ်စေနိုင်သော အက်ဖလာတောက်ဆင်မှိုပေါက်ဖွားခြင်း၊ အဖူးပုတ်ခြင်း၊ ပိုးမွှားရောဂါများ အလွယ်တကူကျရောက်ခြင်းဖြစ်စေနိုင်ပါသည်။ သီးနှံအဖူးနှင့်အစေ့အဆံများသိုလှောင်မည့် အဆောက်အဦများကို ယခင်နှစ်လက်ကျန်သီးနှံနှင့် အမှိုက်များရှင်းလင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ သိုလှေုာင်ရုံဝန်းကျင်ရေဝပ်ခြင်းနှင့် အစိုဓာတ်ကင်းစင်ရန်လိုအပ်ပါသည်။ အစေ့ခြွေရာတွင်လည်း ဒေသနည်းများကိုမသုံးဘဲ ခြွေလှေ့စက်ဖြင့် စကာအဆင့်ဆင့်သုံးခြင်းသည် အဖျင်းအမှော်၊ လုံးပိန်၊ လုံးကွဲကင်းစင်ပြီး ဈေးကွက်ဝင်ပြောင်းဆံထုတ်လုပ်နိုင်ရန် အစိုဓာတ် ၁၃-၁၄ ခန့်ဖြင့် သိုလှောင်သင့်ပါသည်။
ပြောင်းဈေးကွက်တွင် ကျင့်သုံးနေသော ပြောင်းသီးနှံအရည်အသွေးသတ်မှတ်ချက်များမှာ -
(က) ဖုန်၊ သဲ၊ ခဲ အများဆုံး ၁ရာခိုင်နှုန်း
( ခ ) ပိုးထိုးပိုးကိုက် အများဆုံး ၅ရာခိုင်နှုန်း
( ဂ ) အပျက်နှင့်အခြား အများဆုံး ၆ရာခိုင်နှုန်း
(ဃ) အရောင်ကွဲ အများဆုံး ၆ရာခိုင်နှုန်း
( င ) အကျိုးအကြေ အများဆုံး ၂ရာခိုင်နှုန်း
( စ ) အစိုဓါတ် အများဆုံး ၁၄ရာခိုင်နှုန်
(ဆ) အက်ဖလာတောက်ဆင် အများဆုံး 50ppb တို့ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အထက်ပါအရည်အသွေးစံနှုန်းများကိုက်ညီစေရန် ဖော်ပြခဲ့သည်နည်းစနစ်ကျင့်ထုံးများကို ပြောင်းစိုက်တောင်သူများ လိုက်နာကျင့်သုံးရပေမည်။
ပြောင်းတစ်ပင်လုံးသည် လူသားတို့အကျိုးစီးပွားအတွက် အသုံးဝင်ပေသည်။ ပြောင်းပင်အစေးမှ အဆင့်မြင့်ပြောင်းကော်၊ ပြောင်းဆံမှ ပြောင်းဆီ နှင့် ပြောင်းပင်ကို တိရစ္ဆာန်အစာနှင့် ဘိုင်အိုအက်သနော (ဇီဝလောင်စာဆီ) ထုတ်လုပ်ခြင်းများပြုလုပ်နိုင်ပါသည်။ တရုတ်နိုင်ငံပြောင်းထုတ်လုပ်မှုသည် ၂၆၀.၇၈ မီလီယံမက်ထရစ်တန်ထွက်ရှိသော်လည်း ဈေးကွက်လိုအပ်ချက်ရှိနေဆဲဖြစ်ပြီး ၂၀၂၀ခုနှစ်တွင် ပြောင်းတင်သွင်းမှု ကမ္ဘာ့အဆင့် ၂ (၁၀.၇၂ ရာခိုင်နှုန်း) ခန့်၊ မတ်တရစ်တန်ချိန် ၁၁.၂၉ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၂.၅ဘီလီယံတန်ဖိုးရှိခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံ၏ ပြောင်းဆံဈေးနှုန်းသည်အရည်အသွေးစံချိန်စံညွှန်းများအရ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်တို့နှင့်နှိုင်းယှဉ်လျှင် မြင့်မားပေသည်။ ထို့ကြောင့် တရုတ်မွေးမြူရေးလုပ်ငန်းရှင်များသည် တရုတ်ပြောင်းအစား မြန်မာ့ပြောင်းဆံနှင့် ပြည်ပမှတင်သွင်းသည်ကို ဈေးနှုန်းသက်သာသဖြင့် သုံးစွဲကြပါသည်။
မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်အခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့ကြား ချုပ်ဆိုထားသည့် ကြေညာချက်အမှတ် ၂၄၈ (မှတ်ပုံတင်မှုစီမံခြင်း)၊ ကြေညာချက်အမှတ် ၂၄၉ (စီမံခန့်ခွဲမှုနည်းလမ်းများ)၊ ကြေညာချက်အမှတ် ၁၀၃ (မှတ်ပုံတင်ခြင်းအားစီမံခန့်ခွဲမှုနှင့် သွင်းကုန်များအကောင်အထည်ဖော်ဆောင်ခြင်း) စသည့် ကြေညာချက်များကို (၁၂-၄-၂၀၂၁)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းကြေညာချက်အရ ဆန်၊ ပိုးအိမ်ခြောက်၊ ပြောင်း၊ ငှက်ပျောတို့ကို တင်ပို့နိုင်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံဘက်မှ (GACC) တွင် မှတ်ပုံတင်နိုင်ရေး၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ ထောက်ခံချက်ပေးရေး၊ ကုန်သွယ်မှုလျှင်မြန်ချောမွေ့စွာတင်ပို့နိုင်ရေးအတွက် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့( WorkingGroup)ကို ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကာ အဖွဲ့ဝင် ၂၁ဦးဖြင့် တာဝန်ယူဆောင်ရွက်ပေးနေသည့်အတွက် Exporter များ၊ လုပ်ငန်းရှင်များတင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။
ထိုင်းနိုင်ငံသို့ တင်ပို့မည်ဆိုရင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တင်ပို့သောကုန်စည်များအတွက် ခံစားခွင့်ရနိုင်ရေး ဦးတည်လျက် Form D နှင့် E-Form D နှင့် လူ၊ တိရိစ္ဆာန်ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံကြောင်း သက်ဆိုင်ရာဌာန၏ ခွင့်ပြုထောက်ခံချက်နှင့်အတူ ပြောင်းသီးနှံအား တိရိစ္ဆာန်အစာအဖြစ် တင်သွင်းနိုင်ပါသည်။ ထိုင်းနိုင်ငံသည် နှစ်စဉ်ပြောင်းတန်ချိန် (၅၄၇၀၀)မက်ထရစ်တန်ကို WTO agreement အရ တင်သွင်းခွင့်ပြုထားရာ ပြောင်းတင်ပို့သည့် ကုမ္မဏီများအပြင် ပြောင်းစိုက်တောင်သူများအနေဖြင့်လည်း မြဝတီပြောင်းကုန်စည်ဒိုင်များနှင့်ချိတ်ဆက်တင်ပို့ရောင်းချနိုင်ကြောင်း ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၂၆ရက်နေ့တွင် ပြောင်းအား တိရိစ္ဆာန်အစာအဖြစ် တင်သွင်းခွင့်ပြု ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက ၁.၉သန်းကျော်ရှိခဲ့ရာ ယခုနှစ်စက်တင်ဘာလ သဘာဝဘေးအန္တရာယ်ကြောင့် အထွက်နှုန်းနှင့် အရည်အသွေးလျော့ကျနိုင်ပြီး အိမ်နီးခြင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဗီယက်နမ်၊ ထိုင်း စသည့် အာရှနိုင်ငံများမှာလည်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်အတွက် အထွက်နှုန်းလျော့ကျနိုင်ပါသည်။ ထိုသတင်းအချက်အလက်များပေါ်မူတည်၍ အစေ့ထုတ်ပြောင်း (ဆောင်း)နှစ်ဆတိုးစိုက်ပျိုးသင့်ပါသည်။
ထို့ကြောင့် ပြောင်းတင်ပို့ရာတွင် အရည်အသွေးမြင့်မာရန် Aflatoxin ကင်းစင်ရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို ပြောင်းစိုက်တောင်သူများက လိုက်နာကျင့်သုံးသင့်သည့်သကဲ့သို့ တင်ပို့ရောင်းချသူကုမ္မဏီပွဲစားများဘက်မှလည်း ပြောင်းစိုက်တောင်သူ များကို မျိုးစေ့၊ သွင်းအားစု၊ နည်းပညာများနှင့် လယ်ယာသုံးအထောက်ကူပစ္စည်းများ စသည့် အကူညီများပေးပံ့ပိုးသင့်ပါသည်။ ထို့ပြင် ပြောင်းတင်သွင်းမှုမြင့်မားသည့် အခြားနိုင်ငံများနှင့်လည်း ဈေးကွက်ချဲ့ထွင်ချိတ်ဆက်သင့်ပါသည်။ နိုင်ငံတော်နှင့်သက်ဆိုင်ရာဌာနများမျှလည်း ပို့ကုန်တင်ပို့ရာဖြစ်စဉ်တစ် လျောက် လျင်မြန်ချောမွေ့စေရန်စီမံခြင်း၊ နိုင်ငံအချင်းချင်း လွတ်လပ်သောပူးပေါင်းကုန်သွယ်မှု Free Trate Zomes တွင် ထဲထဲဝင်ဝင်ပါဝင်လာရေး စီမံခြင်း(ပြောင်းချို)၊ နှံစားပြောင်းနှင့် အစေ့ထုတ်ပြောင်း စသည့် ပြောင်းသီးနှံကဏ္ဍတစ်ခုလုံးထွန်းကာလာစေရေးအတွက် ကုန်သွယ်ဖွံ့ဖြိုး စီးပွားတိုး ကျိုးပမ်းဆောင်ရွက်နိုင်ငံအတွက် ဟူသော ဆောင်ပုဒ်နှင့်အညီ ထွက်နှုန်းကောင်းအရည်အသွေး ကောင်းသည့် မြန်မာ့ပြောင်းကို နိုင်ငံတကာ မြန်မာ့ပို့ကုန် ဈေးကွက်တွင်ဂုဏ်သတင်း တိုးမြင့်ရန် တောင်သူ၊ ကုန်သည်လုပ်ငန်းရှင်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြပါစို့ဟူ၍ အကြံပြုရေးသားတင်ပြလိုက်ရပါသည်။
DOCA(ရှမ်း)