" သခင်မပစ် သခင်ချစ်တဲ့ မြေပဲကို စိုက်ပျိုးကြလို့ " နိုင်ငံ့ဘဏ္ဍာ တိုးလို့ရှာစို့

Powered by Drupal
Tue, 10/08/2024 - 13:35 -- consumer_admin

          မြေပဲသီးနှံသည် ပြည်တွင်းစားသုံးမှုတွင် အလွန်ပင်အရေးပါသော သီးနှံတစ်မျိုးလို့ ခြေဆင်းစကားဆိုပါရစေ။ စားရေးသူအနေဖြင့် အရေးပါတဲ့သီးနှံတစ်မျိုးဖြစ်သည့်အတွက် မြေပဲဆန်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းမိတ်ဆွေစိုက်ပျိုးထားရာ ကျောက်ရန်ရွာကိုသွားရောက်ခဲ့ပုံက ဒီလိုဗျ။ ကြီးစိန် ကိုမျိုးရှိလား။ ရှိပါ့ရှိပါ့။ မင်းမလဲ ရွာကိုဟောပြောပွဲလာပြီးကတည်းက ပျောက်သွားလိုက်တာ ခုမှပဲပေါ်လာတော့တယ်။ ခုပဲ မြေပဲစိုက်ခင်းကို သွားကြဖို့လုပ်နေတာ။ အဲဒီမြေပဲ အကြောင်းပဲမေးမလို့။ ဟောဟိုမှာ မင်းလူလာပါပြီ။  စားသုံးသူကြီး ဘာအရေးပေါ်ပြန်ပြီလဲ။ ခင်ဗျာကလဲဗျာ စားသုံးသူတော့မလုပ်ပါနဲ့ဗျာ။ ဟ ဘာဖြစ်လဲကွ၊ စားသုံးသူအကျိုးပြုလုပ်ငန်းတွေလုပ်နေလို့ စားသုံးသူကြီးလို့ခေါ်တာ ဘာဆန်းလို့လဲ။ ငါတို့ရပ်ရွာတောင် မင်းတို့ဌာနရဲ့ ကြီးကြပ်မှုနဲ့ စားအုန်းဆီတွေ မကြာမကြာရခဲ့တာပဲ။ ခုဆိုရင် အိမ်ထောင်စုအလိုက် စားအုန်းဆီတွေရလို့ မင်းတို့ဌာနကို ကျေးဇူးတောင်တင်နေကြတာ။ အဲဒါတော့ ဟုတ်တယ် ငါ့မောင်ရေ။ ကဲကဲမင်းတို့ပြောစရာရှိတာ ပြောကြအုန်း။ ကြီးကြီးလည်း မြေပဲခင်းသွားလိုက်အုံးမယ်။ ဟုတ်ဟုတ်၊ ကျွန်တော်လဲပြီးရင် မြေပဲခင်းလိုက်ခဲ့အုံးမယ်။ ဒီလိုနဲ့ပဲ ကိုမျိုးရေ၊ မြေပဲစိုက်ပျိုးမှုအကြောင်း သိချင်လို့ပါ၊ မြေပဲဆန်ဖြစ်တဲ့အထိပေါ့။ ဒါများကွာ ဆီဖြစ်တဲ့အထိပြောပေးရအုံးမလား။ ကောင်းတာပေါ့ကွာ၊ ပိုပြီးပြည့်စုံတာပေါ့။ လေ့လာထားသမျှနဲ့ လက်တွေ့လုပ်ငန်းအတွေ့အကြုံအရပေါ့ကွာ။ မြေပဲစိုက်မယ်ဆိုရင် မြေအမျိုးအစားက မြေချဉ်ငံဓာတ် ၅.၅ မှ ၇ ကြားရှိရင် မြေပဲပိုမိုဖြစ်ထွန်းအောင်မြင်တယ်လို့ ပညာရှင်တွေ သုံးသပ်ထားတာပဲ။ ဒို့မိရိုးဖလာတော့ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေနဲ့ မြေနီသဲဝင်းဆိုရင်လည်း ကောင်းတာပါဘဲ။ တူရွင်းဘို့ကျေးရွာ၊ သစ်ရုံကျေးရွာဘက်ဆို မြေနီသဲဝင်းဆန်တဲ့နေရာတွေပဲ။ မြေပဲဆို ကောင်းမှကောင်း။ အောက်တိုဘာ၊ နိုဝင်ဘာဆိုရင် ရွာအဝင် ပေလမ်းဘေးမှာ မြေပဲပုံတွေတွေ့ရပါလိမ့်မယ်။ စိုက်စနစ်ကတော့ ပင်ထောင်ဆိုရင် တန်ကြား ၁၅လက်မနှင့် ပင်ကြား ၄လက်မနဲ့ ပင်ပြန့်ဆိုရင် တန်ကြား ၁၈လက်မနှင့် ပင်ကြား ၄လက်မခြားလို့ စိုက်ကြတယ်၊ ဘယ်လိုလတွေမှာ စိုက်ကြလဲ။ သူကတေ့ မိုးဦး၊ မိုးလယ်နဲ့ ဆောင်းပဲဆိုပြီး စိုက်ကြတာပဲ။ ၁၂လကို ၆လလောက်ကတော့ မြေပဲစိုက်ရာသီပဲ။ မိုးဦးဆိုရင် မေ၊ ဇွန်၊ ဇူလိုင်မှာ စိုက်တယ်။ သုံးလပဲ/ လေးလပဲ ပဲလေးလို့ခေါ်ကြတယ်။ စားသုံးမှုနဲ့ ဆီကြိတ်ရာမှာ သူကမှ အဆီအနှစ်ပါတာ။ ဆီထွက်လည်းကောင်း ကြော်စားရာမှာလည်း အရသာရှိပြီး စိမ့်တယ်။ ပြီးရင် သူငယ်ချင်းကို ချဉ်ပေါင်ဖူးနဲ့မြေပဲဆန်ရောချက်ထားတဲ့ ဟင်းနဲ့ဧည့်ခံအုံးမယ်။ စားရကံကြုံတော့လဲ စားရသေးတာပေါ့ကွာ။ ကဲကဲဆက်ပါအုံး။ မိုးလယ်ဆိုရင် ဩဂုတ်၊ စက်တင်ဘာနဲ့ ဆောင်းမြေပဲဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာမှာ စိုက်ကြတယ်။ ၆လပဲ ပဲကြီးပေါ့ကွာ။ ထွက်လာတဲ့ မြေပဲတောင့် ၂ဆစ်တောင့်၊ ၃ဆစ်တောင့်နဲ့ မြေပဲလုံးဆန်က ကြီးတယ်။ မြေပဲမျိုးကကော ဘယ်လိုမျိုးတွေစိုက်ကြလဲ။ ဒီဘက်ကတော့ ရိုးရိုးဒေသမျိုးစိုက်ကြတာ။ မျိုးတွေကတော့ အများကြီးဘဲ။ မကွေး ဆင်း ၁ကနေ ဆင်း ၁၂ထိရှိတာပဲ။ စိုက်ပျိုးဖို့ မြေပြင်တော့ ဘာတွေထည့်ကြသေးလဲ၊ ဒို့မိရိုးဖလာတော့ (၁) ဧကဆို နွားချေးလှည်း ၇စီး/ ၁၀စီးပေါ့ကွာ။ တတ်နိုင်သူကတော့တတ်နိုင်သလို နိုင်ငံခြားမြေဆီပုလဲတို့ အာမိုတို့ ထည့်ကြတာပေါ့။ အထွက်ကြလည်း ကွာဟမှုတော့ရှိတာပေါ့။ နိုင်ငံခြားမြေဆီဆိုလို့ ခုနိုင်ငံတော်က ဓာတ်မြေဩဇာတချို့ကို ရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းပေးနေတာကောသိလား။ ဟုတ်လား၊ ပြောပါအုံး။ ငါတော့ သုံးတော့သုံးနေတာ သတိမထားမိပါဘူး။ ပြောသံတော့ အကြားပဲ။  ဘယ်ဈေးတွေလဲ ပြောပါအုံး။ ယူးရီးယား (အလုံးကြီး) ၅၀ကီလိုတစ်အိတ် ၈၃၀၀၀၊ Rock Phosphate အခြေခံ ၁၅ပတ်လည် ၅၀ကီလိုတစ်အိတ် ၁၁၅၀၀၀ကျပ် ၊  Di Ammonium Phosphate ၅၀ကီလိုတစ်အိတ် ၁၂၈၀၀၀ကျပ်နဲ့ သက်ဆိုင်ရာတိုင်း/ ပြည်နယ်/ ခရိုင်အလိုက် သတ်မှတ်ပေးထားတယ်။ ဒါဆို ဒို့တောင်သူတွေအတွက် စိုက်စရိတ်သက်သာ၊ ထုတ်လုပ်မှုစရိတ်သက်သာတော့ စားသုံးသူကျလည်း အဆင်ပြေတာပေါ့။  ဒါနဲ့ (၁) ဧကထုတ်လုပ်မှုစရိတ် ဘယ်လောက်ရှိလဲ။ (၄) သိန်း နဲ့ (၅) သိန်း အကြားပေါ့ကွာ။ ငါတောင် (၂) ဧကစိုက်ထားတာ။ (၁၀) သိန်းပတ်ချာလည်လောက်ကုန်တယ်။ သွင်းအားစုအနည်းအများပေါ်မူတည်တာပဲ။ အထွက်ကကော ဘယ်လောက်မှန်းလဲ။ (၁) ဧက အနိမ့်ဆုံး တင်း (၄၀)  နဲ့ အမြင့်ဆုံး တင်း (၆၅) လောက်တော့ ထွက်ကြပါတယ်။ ဆွတ်ပြီး ပဲတောင့် (၁) တင်းကို အလေးချိန် ဘယ်လောက်ရှိလို့ ပဲဆန်ဘယ်လောက်ရမလဲ။ မြေပဲတောင့် (၁) တင်းကို (၇) ပိဿာရှိတယ်။ ခွဲစက်တင်ရင် ပဲဆန် (၄) ပြည်မှ (၅) ပြည်တော့ရပါတယ်။ အလေးချိန်အားဖြင့် ၃.၅ ပိဿာနှင့် ၄.၅ ပိဿာကြားမှာရှိတယ်။ မြေပဲတောင့် တင်း (၄၀) ခွဲရင် ပဲဆန် ၁၄၀ပိဿာနှင့် ၁၈၀ပိဿာကြားတော့ရကြတယ်။ ဒါဆို အကျိုးအမြတ်ကကော ဘယ်လောက်ရမလဲ။ ပဲပေါ်ဈေး (၁) ပိဿာ ၈၀၀၀ကျပ်ဆိုရင် စိုက်စရိတ်နုတ်ပြီး (၆) သိန်းနဲ့ (၉) သိန်းအကြားတော့ အကျိုးအမြတ်ရှိတယ်။ ဒို့တောင်သူပြောနေကြပြောရရင် ပဲဆန် (၁) စေ့စိုက်တာ ပဲတောင့် (၂၀)/ (၂၅) ရတာ ရှုံးစရာဘာရှိမလဲ။ မြေပဲရိုးဆို နွားစာ၊ အဆန်ထုတ်ပြီး ပဲခွံဆိုလည်း လောင်စာအဖြစ်သုံးရတယ်။ ဆီကြိတ်မယ်ဆိုလည်း မြေပဲဆန်တစ်တင်းကြိတ်ရင် ဆီ(၇)ပိဿာဝန်းကျင်ရရှိတယ်။  ပဲဖတ်က တိရိစ္ဆာန်အစာဖြစ်ရသေးတယ်။ ပြောရရင် မြေပဲက သခင်မပစ်တာတော့ အမှန်ဘဲ။ အင်မတန် မိုးလေဝသမကောင်းခဲ့ရင် ဒါလည်းဖြစ်ခဲပါတယ်။ ဒါနဲ့ မြေပဲကို အများဆုံးစိုက်တာဆိုလို့ ကျွန်တော်တို့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းပဲ။ မန္တလေးတိုင်းဆိုရင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ မြေပဲစိုက်ဧကပေါင်း (၅၄၁၃၀၇)ဧကတောင်စိုက်ပျိုးထားပြီး မကွေးတိုင်းဒေသကြီးဆိုရင်လည်း မြေပဲစိုက်ဧကပေါင်း (၈၇၇၃၆၀)ဧကရှိပြီး မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့တောင် တင်စားကြတယ်။ ပြည်တွင်းစားသုံးမှုပိုလျှံတဲ့ ပဲဆန်များကိုလည်း ပြည်ပဈေးကွက်ကို တင်ပို့နိုင်အောင် ဒို့ဌာနကပဲ ဆောင်ရွက်ပေးနေတာလေ။ နောက်ပြီး သူငယ်ချင်းတို့လို စိုက်ပျိုးထုတ်လုပ်သူတွေ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေဖို့ သီးနှံဆိုင်ရာသတင်းအချက်အလက် အခြေခံစားကုန်ဈေးနှုန်းတွေကို ဝန်ကြီးဌာနရဲ့ ဝက်ဆိုက်မှာ တင်ထားပေးတယ်။ သူငယ်ချင်းလည်း အချိန်ရရင် ဝင်ကြည့်ကြည့်အုံး။ စိတ်တော့ ဝင်စားသားပဲ။ ပြောပါအုံး၊ မင်းတို့ဌာနဝက်ဆိုက်လိပ်စာ w.w.w.commerce.gov.mm အဲမှာသာဝင်ကြည့်လိုက်၊ တွေ့ရလိမ့်မယ်။ နောက် ငါတို့ဦးစီးဌာနရဲ့ w.w.w.doca.gov.mm မှာ ကုန်သွယ်မှု သတင်းအချက်အလက်များကိုလည်း ဝင်ကြည့်ဖြစ်အောင် ကြည့်ကြည့်လိုက်အုံး။ ကဲကဲ၊ ငါ့ကိုလည်း မင်းမြေပဲခင်းလိုက်ပြပါအုံး။  ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် မြေပဲခင်းကိုလေ့လာကြည့်ရင်းနဲ့ပဲ တစ်မနက်ကုန် နေ့လယ်စာ ပဲဟင်းချို၊ ချဉ်ပေါင်ဖူးနဲ့ မြေပဲဆန်ထောင်းပြီး ရောချက်ဟင်းရယ်၊ ငရုပ်သီးထောင်းစပ်စပ်နဲ့ နဖူးပြင်ချွေးစီးစီးပြန်အောင် စားရင်းနဲ့ပဲ ကျွန်တော်ရဲ့ သခင်မပစ် သခင်ကိုချစ်တဲ့ မြေပဲကိုစိုက်ပျိုးကြဖို့ တိုင်းပြည်၏ သယံဇာတအရင်းအမြစ်မှန်ကို ဖော်ထုတ်ရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)