မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပွဲတော်

Powered by Drupal
Tue, 10/15/2024 - 15:59 -- consumer_admin

      မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ ရိုးရာပွဲတော်များ ထွန်းကားပေါများသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသော ပွဲတော်များနှင့် ပြည့်နှက်နေသော နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်ပါသည်။ ၎င်းယဉ်ကျေးမှု အစဉ်အလာ ရိုးရာပွဲတော်များထဲမှ သီတင်းကျွတ်မီးထွန်း ပွဲတော်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သီတင်းကျွတ်လ၏ ထူးခြားသော ပွဲတော်တစ်ခုလည်း ဖြစ်သည်။

    သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမလဖြစ်ပြီး မိုးရာသီဥတုတွင် ပါဝင်ပါသည်။ ရှေးအခါက သီတင်းကျွတ်လလို့ မခေါ်ဆိုဘဲ သန်တူလလို့ဟု ခေါ်ဆိုသည်ကို  တွေ့ရပါသည်။ သန်တူလ အဓိပ္ပာယ်သည် ဝဿာန မိုးဥတုရာသီကို တန်ဟူ၍ ရှေးလူကြီးများက ခေါ်ဆိုကြသည်။ သန်တူလသည် ကောက်စပါးပင်များ ပေါက်ဖွား၊ ထွက်ထ၊ ထောင်မတ်သော လတစ်လ ဖြစ်ပါသည်။ သီတင်းကျွတ်လသည် မိုးရာသီဥတု၏ နောက်ပိုင်းချိန်လ တစ်ခုလည်း ဖြစ်ပါသည်။

     ပုဂံခေတ်ကျောက်စာများတွင် သီတင်းကျွတ်ဟူသော စကားအသုံးနှုန်းကို မသုံးဘဲ သီတင်းချွတ်ဟူ၍ အသုံးအနှုန်းကိုသာ တွေ့ရပါသည်။ သီတင်းချွတ်ဟူသော စကားသည် သတင်း သီလစောင့်ထိန်းခြင်း ချွတ်လွတ်ကုန်ဆုံးအောင်ပြုသည် ဆိုသည့် အဓိပ္ပာယ်လည်းဖြစ်သည်။ သီတင်း ချွတ်နှင့် သီတင်းကျွတ်ဟူသော စကားကို တွဲဖက်၍ သီတင်းကျွတ်ဟူသော စကားဖြစ်ပေါ်လာပါသည်။

    သီတင်းကျွတ်အခါသမယသည် အလွန်မှ မင်္ဂလာရှိသော လတစ်လဖြစ်ပါသည်။  နတ်ပြည်တွင် နတ်သားဖြစ်နေသော မယ်တော်ကို ဗုဒ္ဓမြတ်စွာဘုရားက သီတင်းကျွတ်လတွင် သွားရောက် ကျေးဇူး ဆပ်သောအားဖြင့် မယ်တော်၊ သိကြားမင်းနှင့် နတ်ဗြဟ္မာများကို ဘုရားရှင်က “အဘိဓမ္မာ” တရားဟော ကြားရာတွင် ဝါတွင်းသုံးလ ကြာမြင့်အောင် ဟောကြားခဲ့ပြီး လူ့ပြည်သို့ ဆင်းသက်လာသော ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကို ဆီးမီး၊ ပန်း၊ နံ့သာ၊ မီးရှုးမီးပန်းများဖြင့် ပူဇော်၍ ကြိုဆိုခဲ့ ကြသည်။ ယင်းပူဇော်ခဲ့သည့် အစဉ်အလာကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ဆီးမီးထွန်း ပူဇော်ကြရာမှ သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်လာပါသည်။ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ဟုလည်း ခေါ်ကြသည်။

     သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာ အခါတော်နေ့ဟုဆိုဆို၊ ဆီမီးထွန်းပူဇော်ပွဲဟု ပြောပြော၊ အဆိုပါနေ့မြတ်သည် မြန်မာလူမျိုးများအတွက်သာမက ထေရဝါဒဗုဒ္ဓဘာသာဝင် တိုင်းရင်း သားလူမျိုးများအားလုံးနှင့် သက်ဆိုင်ပေသည်။ ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓကို ရည်မှန်း၍ ဆီမီးပူဇော် သည့်ယဉ်ကျေးမှုအစဉ်အလာမှာ ယနေ့ထက်တိုင် ထွန်းကားနေခြင်းမှာလည်း ဗုဒ္ဓသာသနာ ထွန်းလင်း တောက်ပနေခြင်းသာ ဖြစ်ပေသည်။

    သီတင်းကျွတ်အခါသမယတွင် နေအိမ်ဘုရားများတွင် ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော် ခြင်း၊ မိဘဆရာမများနှင့်သက်ကြီးသက်ဝါကြီးများကို ပူဇော်ကန်တော့ခြင်း၊ ဘုရားကျောင်းကန်များ သွား၍ ဥပုသ်သီလစောင့်ခြင်း၊ ဘုရားစေတီများတွင် ဆီမီးပူဇော်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်း စသည့် ကောင်းမှုူကုသိုလ်များ ပြုလုပ်ခြင်း၊ မီးရှုးမီးပန်းများ ဖောက်ခြင်း၊ မီးပုံးများ လွှတ်ခြင်း စသည့် သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြပြီး နိဗ္ဗာန်စျေးများ ဖွင့်လှစ်ကာ လာလာ သမျှသော လူတို့ကို စတုဒီသာကျွေးမွေးပွဲများ ပြုလုပ်ကျွေးမွေး လှူဒါန်းကြပါသည်။

     သီတင်းကျွတ်အခါသမယတွင် မိမိတ်ို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘဘိုးဘွား များ၊ အစ်ကိုအစ်မများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပ ဆင်နွှဲကြပါသည်။

     သီတင်းကျွတ်မီးထွန်းပွဲတော်ကို မည့်သည့်တိုင်းရင်းသားလူမျိုးမဆို မိမိတို့၏ ယဉ်ကျေးမှု အစဉ်အလာအမျိုးမျိုးဖြင့် ပူဇော်ခြင်းသည် ‌ကောင်းသော ကုသိုလ်၊ မြတ်သောအမှုသာ ဖြစ်သည်။ အစဉ်အလာကောင်းသည့် ဘာသာရေးအခြေခံ အဘိဓမ္မာအခါတော်နေ့၊ ဆီမီးထွန်းပွဲတော်၊ ပဝါရဏာနေ့ တစ်မျိုးမဟုတ်  တစ်မျိုးပြုလုပ်၍ ကောင်းမှုပြုကြသည်။  အဓိကမှာ အဘိဓမ္မာတရားတော်ကို နားကြား ပူ‌ဇော်ခြင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော် မူခြင်းသည် အနှစ်သာရပင်ဖြစ်သည်။ သို့ဖြစ်ရာ သီတင်းကျွတ်လပြည့်နေ့သည် မြန်မာတို့၏ ဘာသာယဉ်ကျေးမှု ရှေးရိုးအစဉ်အလာမပျက် စိတ်ကြည်နူးချမ်းမြေ့ဖွယ် မီးထွန်းပူဇော်ပွဲနေ့ တစ်နေ့ဟု ဆိုသည်ထက် အမိကျေးဇူးဆပ်သောနေ့၊ အဘိဓမ္မာအခါတော်နေ့၊ မြတ်စွာဘုရားရှင်ကို ရည်မှန်း ပူဇော်သောနေ့၊ ပဝါရဏာပြုသောနေ့ဟူ၍ မွန်မြတ်သောသဒ္ဒါဆန္ဒဖြင့် ကုသိုလ်ပြုကြမည်ဆိုလျှင် ထူးကဲသောကောင်းမှုကုသိုလ်များ ရှိကြလိမ့်မည် ဖြစ်ပါကြောင်း စုဆောင်းရေးသား တင်ပြလိုက်ရပါသည်။

DOCA(ကရင်)