မြန်မာ့သယံဇာတဝါးပင်အကြောင်း

Powered by Drupal
Tue, 10/22/2024 - 14:01 -- consumer_admin

မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယပြီးလျှင် ဝါးဖြစ်ထွန်းမှု တတိယအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ဝါးမျိုးစိတ် ၁၀၂မျိုးခန့်အလေ့ကျပေါက်ရောက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ၎င်းတို့အနက် ဝါးပိုးဝါး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ထီးရိုးဝါး၊ ဝါးမင်း အစရှိသည့်ဝါးများမှာ စီးပွားရေးအရ ဈေးကွက်ဝင်သည့် ဝါးပင်အမျိုးအစားများဖြစ်ကြပါသည်။
ဝါးကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိပါသည်။
ဝါးပင်များသည် ကမ္ဘာ့ကြီးထွားမှုအမြန်ဆုံးအပင်အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် တစ်မီတာအထိမြင့်မားနိုင်ပြီး နှစ်ရှည်ခံသည့် အပင်အမျိုးအစားဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို အထူးအကျိုးပြုသည့် အပင်ဖြစ်သည့်အလျောက် ဝါးပင်များသည် လေထုထဲရှိ များစွာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကိုစုပ်ယူနိုင်စွမ်းရှိသည်။ အမြစ်ဖွဲ့စည်းမှုကျစ်လစ်ခိုင်မာသည့်အတွက် မြေဆီလွှာရေတိုက်စားမှုကို အထူးကာကွယ်ပေးသည့် အပင်အမျိုးအစားဖြစ်ပါသည်။ ထို့ပြင် ရာသီဥတုပူနွေးမှုကို လျှော့ချသည့်နေရာတွင် ကူညီးပေးနိုင်စွမ်းရှိသည်။
ဘက်စုံသုံးရသည့် ဝါးပင်မှရရှိသောမျှစ်ကို စားသုံး၍ရသည့်အပြင် ဝါးရွက်ကိုပြုတ်၍သောက်လျှင်လည်း ကျန်းမာရေးကို အလွန်အထောက်အကူပြုပါသည်။ ဝါးပင်သည် ကျန်းမာရေးအရ အသုံးဝင်သည်သာမက နေထိုင်မှုအတွက်လည်းအသုံးပြုနိုင်ပါသည်။ အိမ်ဆောက်ရာတွင်လည်းကောင်း၊ လက်မှုလုပ်ငန်းများတွင်လည်း ဝါးပင်ကိုအသုံးပြု၍ အိမ်အသုံးအဆောင်ပစ္စည်းများစွာထုတ်လုပ်၍ရပါသည်။ ထို့ပြင် နာမည်ကြီးလှသည့် မြန်မာ့ရိုးရာ ပုသိမ်ထီးပြုလုပ်ရာတွင်လည်း ဝါးပင်သည် မရှိမဖြစ်လိုအပ်သည့် ကုန်ကြမ်းတစ်မျိုးဖြစ်ပါသည်။
ထို့ကြောင့် ဘက်စုံအသုံးဝင်လှသောဝါးပင်များကို “အစိမ်းရောင်ရွှေ”ဟု တင်စားခေါ်ဝေါ်ကြသည်မှာ မဆန်းချေ။ ဝါးပင်များကို နည်းစနစ်တကျစိုက်ပျိုးထုတ်လုပ်ပြီး ကုန်ချောအဖြစ် ပြည်ပနိုင်ငံများသို့ မြောက်မြားစွာတင်ပို့နိုင်ရေးအတွက် လက်ရှိဖြစ်ထွန်းနေသော အဖိုးဆန်ဝါးများကို ထပ်မံတိုးပွားအောင် ဂရုတစိုက်စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာမည့်အပြင် နိုင်ငံခြားဝင်ငွေများ အမြောက်အမြားရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော သယံဇာတဖြစ်သည့်ဝါးပင်များကို စနစ်တကျတန်ဖိုးထားစိုက်ပျိုးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
DOCA(ဧရာဝတီ)