နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)များသည် အဓိကမောင်းနှင်အားများပင် ဖြစ်ပါသည်။ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ခြင်းနှင့်အညီ စီးပွားရေးတိုးတက်မြင့်မားလာကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဆီသို့ ကူးပြောင်းနိုင်မည်ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက် ညီညီဖြစ်စေရန်အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဆောင်ရွက်ကြဖို့ လိုအပ်မည် ဖြစ်ပါသည်။
MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရောင်းဝယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ရှိရာ ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထား ထုတ်လုပ်ရန် အတွက် အဓိကလိုအပ်ချက်မှာ အခြေခံအဆောက်အဦ၊ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် MSME လုပ်ငန်းများသည် ၉၈ ရာခိုင်နှုန်းခန့် အထိဖြစ်ပြီး MSME လုပ်ငန်းများ၏ အားသာချက်မှာ ပြောင်းလဲနေသော ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ မြန်ဆန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ခြင်း၊ တီထွင်ကြံဆမှုရှိခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ နေရာအနှံ့အပြားတွင် တည်ရှိခြင်း၊ ဈေးကွက်လိုအပ်ချက်ကို လုပ်ငန်းကြီးများထက် လျှင်မြန်စွာ ထုတ်လုပ်ဆောင်ရွက်နိုင်ခြင်းတို့ပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှလည်း MSME လုပ်ငန်းသစ်များ စတင်ထူထောင်ရန်နှင့် တိုးချဲ့ဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးများ ထုတ်ချေးပေးခြင်း၊ နည်းပညာ အကူအညီများ ပံ့ပိုးဆောင်ရွက်ခြင်းဖြင့် အဘက်ဘက်မှ အားပေးကူညီဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာတွင် ပြည်တွင်းအင်အားကို အခြေပြုပြီး အရင်းအမြစ်များကို အကျိုးရှိရှိ ထိရောက်စွာ အသုံးချလုပ်ကိုင်ဆောင်ရွက်နိုင်စေရေး၊ ပြည်ပသွင်းကုန်များလျှော့ချပြီး ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် ထုတ်လုပ်မှုကဏ္ဍမြင့်မားလာစေရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေးတို့အတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေထုတ်ချေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်ကချမှတ်ပေးထားသည့် မူဝါဒတစ်ရပ်ဖြစ်သော MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လယ်ယာ ကဏ္ဍသီးနှံဖွံ့ဖြိုးတိုးတက်ရေး (One Region One Product) စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ ပါသည်။ တိုင်းဒေသကြီးရှိ MSME လုပ်ငန်းအများစုမှာ ကုန်ပစ္စည်းအရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အဓိကထား လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး ခေတ်မီနည်းပညာများ၊နည်းစနစ်များကို အသုံးပြုလာ၍ ဈေးကွက်ခိုင်မာစေရေး၊ ဈေးကွက်တွင် နာမည်ကောင်းဖြင့် ရေရှည်ရပ်တည်နိုင်စေရေး၊ ဈေးကွက်လိုအပ်ချက်၊ စားသုံးသူလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင် ရေးလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဒေသထွက်ကုန် ကုန်ကြမ်းများအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများပို့ချပေးခြင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးစေရေး စီမံကိန်းများကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယခင်ကဆိုလျှင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသော ထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ပြည်တွင်း/ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်း/ ရောင်းဝယ်ဖောက်ကားခြင်းများကို သမရိုးကျပုံစံဖြင့် မိရိုး ဖလာနည်းအတိုင်း ဆောင်ရွက်ကြပါသည်။ ယခုအချိန်တွင် ပြည်ပနိုင်ငံများသို့ ကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် ကုန်ချောများထုတ်လုပ် တင်ပို့ခြင်းသည် ပြည်ပဝင်ငွေများ ပိုမိုစီးဆင်းမည်ဖြစ်ရာ ကုန်ကြမ်းကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ကုန်ချောပြုလုပ်၍ ကုန်ပစ္စည်းများထုတ်လုပ်လာ ကြပြီး နိုင်ငံတော်က ငွေကြေးနှင့်နည်းပညာများ ပံ့ပိုးကူညီပေးခြင်းနှင့် ဈေးကွက်များ ရှာဖွေချိတ်ဆက် ပေးလျက်ရှိပါသည်။ MSME လုပ်ငန်းရှင်များဘက်မှလည်း ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထုတ်ပိုး ပစ္စည်းများကို အဆင့်အတန်းမြင့်သည့် ထုတ်ပိုးမှုစနစ်ဖြစ်စေရေး၊ ဈေးကွက်ချဲ့ထွင်နိုင်စေရေး အတွေးအခေါ်ကောင်းများ၊ ခေတ်မီဒီဇိုင်းတီထွင်ဖန်တီးမှု ပုံစံအမျိုးမျိုးဖြင့် တန်းဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး MSME Agency ကိုလည်း ဖွဲ့စည်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ MSME HelpDesk များ ဖွင့်လှစ်၍ MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများနှင့်လုပ်ငန်းရှင်များ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းရှင်များ၏အခက်အခဲများကို ကူညီဆောင်ရွက်ပေးခြင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များကို ပြည်ပနိုင်ငံများသို့ ကုန်သွယ်ရေးလုပ်ငန်းများ ချိတ်ဆက်နိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်က ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက် ပေးနေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စွမ်းစွမ်းတမံကြိုးစား အားထုတ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
MSME Agency ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မကွေးဒေသထွက် ပဲယို၊နှမ်းယို၊ Bakery၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ နှမ်းလှော်မှုန့်၊ ခေါက်ဆွဲ၊ အာလူးကြော်လုပ်ငန်း၊ ဒိန်ချဉ်လုပ်ငန်း၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာလုပ်ငန်း၊ လက်မှုအနုပညာလုပ်ငန်းများ၊ တောင်တွင်းကြီးဒေသထွက် ဝါစေ့ဆီနှင့်ဝါထွက်ပစ္စည်း၊ ပဲကြော်၊ ပဲလှော်လုပ်ငန်း၊ နတ်မောက်ဒေသထွက် ပဲယို၊နှမ်းယို၊ စပျစ်ဝိုင်၊ စပျစ်ခြောက်လုပ်ငန်း၊ ရေနံချောင်းဒေသထွက် ပါပလာလုပ်ငန်း၊ ငရုပ်သီးမှုန့်လုပ်ငန်း၊ ချောက်(စလေ) ဒေသထွက် ဇီးနှင့် မန်ကျည်းဖျော်ရည်လုပ်ငန်း၊ ပုန်းရည်ကြီး၊ မင်းဘူးဒေသထွက် စွမ်းအားမြှင့်မီးဖို၊ လက်မှုပညာများ၊ သနပ်ခါး အခြေခံထုတ်လုပ်သည့် အလှကုန်များ၊ စလင်းဒေသထွက် ကြာချည်လုပ်ငန်း၊မင်းလှဒေသထွက် သဘာဝဆိုးဆေး၊ လက်ယက်လုပ်ငန်း၊ ကော်ဖီ၊ ဝိုင်၊ လက်ဖက်ခြောက်၊ သရက်ဒေသထွက် နို့မလိုင် လုပ်ငန်း၊ ပခုက္ကူဒေသထွက် ဝါကိုအခြေခံထုတ်လုပ်သည့် ချည်ထည်၊ စောင်၊ ပုဝါ လုပ်ငန်းများ၊ သနပ်ခါး အလှကုန်လုပ်ငန်းများကို အားပေးမြှင့်တင်ရန်အတွက် ဒေသတွင်း MSME ပြပွဲ/ပြခန်း၊ ဈေးရောင်းပွဲတော်များကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ဒေသတွင်း MSME လုပ်ငန်းရှင်များမှ ဒေသထုတ်ကုန်ပစ္စည်းများ လာရောက်ပြသခြင်း၊ ရောင်းချခြင်း၊ ကြော်ငြာခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်း၊ ဈေးကွက်သတင်းများ ဖြန့်ဝေခြင်း၊ လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်မှုရယူ၍ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်ခြင်း၊ ဈေးကွက်သတင်းအချက်အလက် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ မိမိဒေသတွင်းမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို အာဆီယံနိုင်ငံများရှိ ကုန်စည်ပြပွဲများသို့ သွားရောက်ပြသနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းချိတ်ဆက်ကူညီခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့မှ ထွက်ရှိသည့် ဧရာပဒေသာဆန်အား GI လက်မှတ်ရရှိရေးနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် MSME လုပ်ငန်းများအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပါဝင်ပြီး ဦးစားပေးအုပ်စု(က)အဖြစ် ရွေးချယ်ထားသော လုပ်ငန်းများဖြစ်သည့် အစားအစာလုပ်ငန်း၊ အဖျော်ယမကာ ထုတ်လုပ်မှုလုပ်ငန်း၊ ဝတ်ဆင်ရန် အထည်များ ထုတ်လုပ်မှုလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သားရေနှင့် ပတ်သက်သော ကုန်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ သစ်နှင့်သစ်အချောထည်လုပ်ငန်း၊ ဆေးဝါးနှင့် ရုက္ခဗေဒဆိုင်ရာ ထုတ်ကုန်များထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာနှင့် ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ အခြားသတ္ထုတွင်းထွက်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ ပရိဘောဂ ထုတ်လုပ်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး၊ တွင်းထွက်နှင့် သစ်တောထွက်ပစ္စည်းလုပ်ငန်းများကို ဒေသတွင်း ထုတ်လုပ်မှု တိုးတက်အောင် အားပေး ကူညီဆောင်ရွက်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုနှင့် နည်းပညာများရရှိရေးတို့ကို ဆောင်ရွက်ပေးခြင်း၊ မကွေးတိုင်းဒေသကြီး ဝါလုပ်ငန်းရှင်များအသင်းမှ ဝါကုန်သည်၊ ဝါကြိတ်စက်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများ ရောင်းချရာတွင် ထုပ်ပိုးမှုစနစ် ကောင်းမွန်ရန် လိုအပ်သည့် ပံ့ပိုးမှုများ ရရှိစေရေး၊ OROP အစီအစဉ်များနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များဆိုင်ရာ Work Plan များကို ရေးဆွဲထားရှိသည့် အစီအစဉ်များအတိုင်း ဆက်လက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ၎င်းတို့အနက်မှ ပြည်ပပို့ကုန် အလားအလာရှိသော ကုန်ပစ္စည်းထုတ်ကုန်အမယ်များကို ရွေးချယ်သတ်မှတ်ကာ ပြည်ပပို့ကုန်တိုးမြင့်လာစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်ရာတွင်လည်း ပြည်တွင်းဈေးကွက် အခြေအနေကို နေ့စဉ်မပြတ်လေ့လာသုံးသပ်ရမည်ဖြစ်ပါသည်။ မိမိကုန်ပစ္စည်းများကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေးကွက်အလားအလာရှိသော၊ ဈေးကွက် ဝယ်လိုအားရှိသော ကုန်ပစ္စည်းအမျိုးအစားများကို ရွေးချယ်ထုတ်လုပ်ခြင်းဖြင့်လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်မည်ဖြစ်ပါသည်။ ပြည်သူတို့၏ လူမှုစီးပွားဘဝပြောင်းလဲလာသည်နှင့်အမျှ ပြည်တွင်းဈေးကွက်အသီးသီး၏ တောင်းဆိုမှုသည် အရေအတွက်မှသည် အရည်အသွေးဆီသို့ ပြောင်းလဲနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် မိမိထုတ်ကုန်ပစ္စည်းများကို ဈေးကွက်တွင် ရေရှည်တည်တံ့နိုင်စေရေး အရည်အသွေးပိုင်းကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ပါသည်။
နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်တိုးတက်အောင် ကြိုးပမ်း အားထုတ် ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် MSME ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်တွင်းစီးပွားရေးကိုမြှင့်တင်ခြင်း၊ သွင်းကုန် အစားထိုးနိုင်စေရေး ပို့ကုန်များတိုးမြှင့်တင်ပို့ခြင်း၊ MSME လုပ်ငန်းများနှင့် အကြီးစားစက်မှု လုပ်ငန်းများ ချိတ်ဆက်နိုင်ရေး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး အာဆီယံနိုင်ငံ များနှင့် ရင်ပေါင်တန်းနိုင်စေရန် ဒီဂျစ်တယ်စီးပွားရေးအသွင် ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းရှင်များမှ အရည်အသွေးပြည့်မီ၍ ဆန်းသစ်သော ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဒေသတွင်း MSME လုပ်ငန်းများ ထွန်းပေါက်အောင်မြင်လာမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှုူတိုးတက်ဖွံ့ဖြိုးမှုမှသည် ပို့ကုန်ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်စေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသားများ အားလုံး၏ တာဝန်ဖြစ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုသည်လည်း နိုင်ငံသားများအတွက်ပင်ဖြစ်သောကြောင့် မိမိတို့၏မကွေးတိုင်းဒေသကြီးမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ MSME လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ တစ်နိုင်တစ်ပိုင်ထုတ်လုပ်နေသည့် အဆင့်မှ သည် စီးပွားဖြစ်အမြောက်အများထုတ်လုပ်ကာ အရည်အသွေးပြည့်မီပြီး ပြည်ပဈေးကွက်ဝင်သည့် ပို့ကုန်များဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းရေးသား လိုက်ရပါသည်။
DOCA(မကွေး)