ကညွှတ်စိုက်ပျိုးရေးလုပ်ငန်း

Powered by Drupal
Fri, 11/08/2024 - 13:28 -- consumer_admin

    ကညွှတ်ကို လွန်ခဲ့သောနှစ်ပေါင်း(၂၀၀)ကျော်ကတည်းက လူအများက ဆေးဝါးအဖြစ် မှီဝဲကာ ယနေ့ခေတ်တွင် အစားအစာဟင်းလျာအဖြစ် စားသုံးလာခဲ့ကြခြင်း ဖြစ်ပါသည်။ကညွှတ်သည် အရသာကောင်းမွန်သည့်အပြင် ကျန်းမားရေးအတွက်ပါ ကောင်းကျိုးများသောကြောင့် ရောင်းတန်းဝင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်လာပါသည်။ ကညွှတ်ကို မြစ်ဝကျွန်းပေါ်ဒေသ၊ ဓနုဖြူ၊ ဟင်္သာတ၊ သာယာဝတီ၊ တောင်ငူနှင့် ပြည်မြို့တို့တွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမြေရွေးချယ်ရာတွင် သဲဆန်လွန်းသောမြေနှင့် မိုးတွင်းအခါ ရေအမြဲဝပ်သော မြေအမျိုးအစားတွင်စိုက်ပျိုးရန် မသင့်တော်ပါ။ သဘာဝမြေဩဇာထက်သန်ပြီး မစေးလွန်းသောမြေအမျိုးအစားတွင် ဖြစ်ထွန်းမှုအားကောင်းပါသည်။ မြေမျက်နှာ ညီညာသောမြေနှင့် အနည်းငယ်ဆင်ခြေလျောရှိသော နေရာများတွင် စိုက်ပျိုးနိုင်ပါသည်။ မြစ်ဘေး၊ချောင်းဘေးတွင် စိုက်ပျိုးလျှင်လည်း (၇)ရက်အထိ ရေအမြုပ်ခံနိုင်ကြောင်း သိရှိရပါသည်။

    မျိုးအဖြစ်‌ ရွေးချယ်စိုက်ပျိုးရာတွင် စီးပွားဖြစ် ဝင်ငွေရရှိနေသော သက်တမ်း(၁၀)နှစ်ဝန်းကျင်ရှိ စိုက်ခင်းများမှ အသစ်ပွားသော အပင်ရုံများကိုခွဲထုတ်၍ မျိုးပွားစိုက်ပျိုးကြပါသည်။ အပင်ရုံများ ခွဲထုတ်ရာတွင် မူလအခင်းမှ ခွဲထုတ်ခြင်းမဟုတ်ပဲ ကညွှတ်မြောင်းလိုက် တူးဖော်၍ စိုက်ပျိုးရန် သင့်တော်သော အပင်များကိုသာ ခွဲထုတ်ခြင်းဖြစ်ပါသည်။ ကညွှတ်အစို့ အရောင်များ၊ ကညွှတ်ဥ အကြီး၊ အသေးပေါ် မူတည်၍လည်း မျိုးကွားခြားချက်ရှိပါသည်။ စိုက်ပျိုးမြေ ဧရိယာ(၁)ဧက လျှင် အလျား(၆၆၀ ပေ)၊ အနံ(၆၆ ပေ)ရှိသော အကျယ်အဝန်းတွင် စိုက်မြောင်းအကျယ် (၁)ပေခြား၍ (၁၆) မြောင်း ဝင်ဆန့်ပါသည်။ အခြားစိုက်ပျိုးပင်များကဲ့သို့ ဘောင်ပေါ်တွင် စိုက်ပျိုးခြင်းမဟုတ်ပဲ (၁)ပေမြောင်းအတွင်း စိုက်ပျိုးခြင်းဖြစ်ပါသည်။ မျိုးပင် တစ်ပင်နှင့်တစ်ပင် အကွာအဝေး(၁.၅ ပေ)ခြား စိုက်ပျိုးပြီး (၁)ဧကလျှင် အပင်ပေါင်း (၇၀၀၀)ခန့် စိုက်ပျိုးနိုင်ပါသည်။

     မတ်၊ ဧပြီ၊ မေလများတွင် စိုက်ပျိုးနိုင်ပြီး ဓါတ်မြေဩဇာအဖြစ် နွားချေး၊ ကြက်ချေးကဲ့သို့သော သဘာဝမြေဩဇာများ၊ ဂျစ်ပဆမ်၊ ဒိုလိုမိုက်ကဲ့သို့သော ကျောက်မှုန့်မြေဩဇာများလည်း အသုံးပြုနိုင်ပါသည်။ ရေအစိုဓါတ်ထိန်းသိမ်းနိုင်ရန်အတွက် စပါးခွံလည်း လိုအပ်ပါသည်။ ကညွှတ်မျိုးအား စိုက်ပျိုးပြီး ၁၀ လ အကြာတွင် စိုက်ခင်းအား အပင်ဟောင်းများ ရှင်းလင်းပြီး၊ မီးရှို့ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ဆောင်ရွက်ရပါသည်။ ထိုသို့ပြုလုပ်ပြီး တစ်လအကြာတွင် အလိုအလျောက် အစို့များထွက်လာပါက သင့်တင့်သော သတ်မှတ်ချက်အတိုင်းရေလောင်းရပါသည်။ ထွက်ရှိလာသော အစို့များကို စီးပွားဖြစ်ခူး၍ မရပါ၊ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ပုံမှန်အတိုင်းလုပ်ဆောင်ရပြီး စိုက်ပျိုးပြီး(၂) နှစ်အကြာတွင် စီးပွားဖြစ်ခူးယူရကြောင်း၊ နှစ်ရှည်စိုက်ပျိုးသော ဒေသများတွင် (၂)နှစ်မှ စ၍ ဝင်ငွေရရှိပြီး၊ ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ပြုလုပ်ပါက (၁၀ နှစ် မှ ၁၅ နှစ် ထိ )ဝင်ငွေရရှိနိုင်ပါသည်။ဆေးဘက် ဝင်သော အစားအစာဖြစ်သည့်အတွက်  ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသော စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)