ကြံခင်းမြို့ရဲ့ ထမင်းသုပ်လုပ်ငန်း

Powered by Drupal
Fri, 11/08/2024 - 13:38 -- consumer_admin

     ဧရာဝတီတိုင်း၏ မီးရထားလမ်းဆုံးမြို့တစ်မြို့ဖြစ်သော ကြံခင်းမြို့သည် လူဦးရေ ၉၀၀၀၀ ကျော်နေထိုင်ပြီး စိုက်ပျိုးရေးအဓိကလုပ်ကိုင်သော မြို့တစ်မြို့ဖြစ်ပါသည်။ ယခင်က ကြံခင်း ဘိလပ်မြေစက်ရုံနှင့် ဆိပ်သာ မက်သနောစက်ရုံတို့သည် စီမံကိန်းဝင်စက်ရုံများဖြစ်ကြပြီး ကုန်ထုတ်လုပ်ငန်းများနှင့် စည်ကားခဲ့သောမြို့တစ်မြို့ဖြစ်ပါသည်။ ထို့အတူ ကြံခင်း ထမင်းသုပ်သည်လည်း ခရီးသွားဧည့်သည်များနှင့် ဒေသနေသူများ နှစ်ခြိုက်စွာစားသုံးခဲ့ကြသည့် ဒေသထွက် စားစရာတစ်ခု လည်း ဖြစ်ပါသည်။

      ကြံခင်းမြို့ရောက်လျှင် ထမင်းသုပ်သည် မဖြစ်မနေ စားသုံးကြသည့် ဒေသထွက်စားသောက်ကုန်တခုဖြစ်ပြီး မြို့မရပ်ကွက်တိုင်းတွင် ထမင်းသုပ်ဆိုင်များလည်း ရှိကြပါသည်။ယခင်က ထမင်းသုပ်ကို ဆိုင်တွင်ကြာရွက်ခင်း၍ စားသုံးကြသလို  ထုပ်ပိုးသယ်ယူစားသုံးရာတွင်လည်း ကြာရွက်နှင့် ထုတ်ပိုး၍ စားသုံးကြပါသည်။ ယခုအခါ ကြာရွက်အစား အင်ရွက်ကို အသုံးပြုလာကြပါသည်။ အသင့်စား စားစရာများ ထွန်းကာလာသည့်အခါ ကြံခင်းထမင်းသုပ်လုပ်ငန်းသည်လည်း ခေတ်နှင့်အညီ ပါဝင်ပစ္စည်းများကို အသင့်ထုပ်ပိုး၍ ထမင်းတစ်ခါပြင်စာ အတွက် Ready Made အထုပ်များအဖြစ် ဈေးကွက်ဝင်ရောက်လာပြီး ယခုအခါ မြို့နယ်အနှံသို့ ဖြန့်ဖြူးရောက်ရှိလာသော နာမည်ကြီး ဒေသထွက်ကုန်တစ်ခုဖြစ်လာခဲ့ပါသည်။

    ယခုအခါ ကြံခင်းမြို့တွင် အသင့်စား ထမင်းသုပ်ထုပ်များကို ထုပ်လုပ်ရောင်းချဖြန့်ဖြူးသော လုပ်ငန်း (၆) ခုရှိပြီး၊ ၎င်းတို့မှာ ရွှေလက်ရာ ထမင်းသုပ်လုပ်ငန်း၊ သန့်ဇင်ထမင်းသုပ် လုပ်ငန်း၊ ဝင်းဝင်း ထမင်းသုပ်လုပ်ငန်း၊အိုအေစစ် ထမင်းလုပ်ငန်း၊ ရွှေကြံခင်းထမင်းသုပ်လုပ်ငန်း ၊ခေတ်သစ် ထမင်းသုပ် လုပ်ငန်းတို့ဖြစ်ကြပါသည်။ (၂၆.၈.၂၀၂၄) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည်  ကြံခင်းမြို့၏ ထမင်းသုပ် လုပ်ငန်းတစ်ခုဖြစ်သော အသင့်စားထုပ်ပိုးမှု အဦးဆုံး စတင်လုပ်ဆောင်ခဲ့သည့် သန့်စင်ထမင်းသုပ် လုပ်ငန်းသို့ သွားရောက်၍ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဈေးကွက်ဖြန့်ဖြူးမှုအခြေအနေများအား ကွင်းဆင်းတွေ့ဆုံ၍ လေ့လာဆွေးနွေးခဲ့ပါသည်။

       သန့်စင်ထမင်းသုပ်လုပ်ငန်းသည်(၂၀၀၆ )ခုနှစ်မှစ၍ ကြံခင်းမြို့၊ အေးမင်္ဂလာလမ်းတွင် မိသားစုဝင်များဖြင့်တည်ထောင်ဖွင့်လှစ်ခဲ့သောလုပ်ငန်းတစ်ခုဖြစ်ပြီး ယခုအခါလုပ်သားဦးရေ( ၅ )ဦးဖြင့် လည်ပတ်နေသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခင်က ဆိုင်ထိုင်စားထမင်းသုပ်ဆိုင်ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှစ၍ Readymade ဘူးများပြုလုပ်၍ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်မှာ ၁၇ နှစ်ခန့်ရှိပြီ ဖြစ်ပါသည်။ ၅ရက်လျှင်တစ်ကြိမ် ထမင်းတစ်ပန်းကန်စာနှင့် အသင့်သုပ်စားနိုင်သော အသင့်စား ထမင်းသုပ် အထုပ်ငယ် ၁၀၅၀ ထုပ် ပုံမှန် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။

       ထမင်းသုပ်တွင် ပါဝင်ပစ္စည်း (၆) မျိုးရှိပြီး ၎င်းတို့မှာ (၁) ပဲဆီသန့် ဆီချက်(၂) ငံပြာရည်(၃) ကုလားပဲအကျက်မှုန့် (၄)  ငရုတ်အကြမ်းကြော်  (၅)  ပုဇွန်ခြောက်မှုန့်  (၆)  ကြက်သွန်ဖြူကြော်တို့ဖြစ်ပါသည်။ တချို့ကလည်း ပုဇွန်ခြောက်မှုန့်အစား ငါးကျည်းခြောက်မှုန့်ကိုသုံးစွဲကြသည်ကို တွေ့ရပါသည်။

ထုတ်လုပ်ပုံအဆင့်ဆင့်

     ဦးစွာပဲဆီသန့်ကို ဆူလာအောင်အပူပေး၍ ဆူသောအခါ မီးဖိုမှချ၍ သင့်တော်သော အပူချိန်သို့ရောက်သောအခါ အခွံခွာပါးပါးလှီး နနွင်းနယ်ထားသော ကြက်သွန်ဖြူများကို ထည့်၍ ကြော်ရပြီး ကြက်သွန်ဖြူအနေတော်ရောက်သောအခါ ဆန်ကာဖြင့်ဆယ်ခြင်းဖြင့် ကြက်သွန်ကြော်နှင့် ပဲဆီသန့် ဆီချက်ကိုရရှိပါသည်။ ငါးငံပြာရည်ကို ကျိုချက်၍ အအေးခံခြင်း၊ စနစ်တကျ ရွေးချယ်ထားသော ငရုတ်သီးခြောက်များကို အညှာခြွေနေလှမ်းကြိတ်ခွဲ၍ ဆီကျက်ကျက်တွင်ကြော်ခြင်း၊ ကုလားပဲသန့်သန့်ကို အမှုန့်ကြတ်ခြင်း၊ ပုဇွန်ခြောက်သန့်သန့်ကို အမှုန့်ကြိတ်ခြင်းတို့ဖြင့် အသင့်စားသုံးရန် ငါး ငံပြာရည်၊ ငရုတ်ခြောက်ကြော်၊ ကုလားပဲကြက်မှုန့်၊ ပုဇွန်ခြောက်မှုန့်တို့ကို ရရှိပါသည်။

ထုပ်ပိုးခြင်း

          ရရှိလာသော ပါဝင်ပစ္စည်းများကို သတ်မှတ်အချိုးအစားအလိုက် ပလတ်စတစ်အိတ်ငယ်လေးများတွင် ထည့်သွင်းထုပ်ပိုးခြင်းဖြင့် ထမင်းတစ်ပန်းကန်းစာနှင့် အသင့်သုပ်၍စားနိုင်သော Readymade ကြံခင်းထမင်းသုပ်အထုပ်လေးများကိုရရှိပါသည်။၎င်းအထုပ်ငယ်များကို ၃ထုပ်ပါ ဘူး ငယ်၊ ၅ ထုပ်ပါ အိတ်တို့ဖြင်ထည့်သွင်းထုပ်ပိုး၍ ဈေးကွက်ဝင် Readymade ကြံခင်းထမင်းသုပ် အထုပ်များကိုရရှိပါသည်။

အကျိုးအမြတ်

          သန့်စင် ကြံခင်းထမင်းသုပ်လုပ်ငန်းအနေဖြင့် Readymade ကြံခင်းထမင်းသုပ် အထုပ်ငယ် ၁၀၅၀ ထုပ်ကို ၅ ရက် တစ်ကြိမ်ခန့် ထုတ်လုပ်ရပြီး၊ ကုန်ကျစရိတ်အနေဖြင့် ပါဝင်ပစ္စည်းတန်ဘိုး+ ပလတ်စတစ်အိတ်+ ပါကင်ဘူး၊ စက္ကူဘူးဘိုး+ လုပ်သားခ အပါ ၇၈၇၈၀၀ ကျပ်ခန့်ကုန်ကျပြီး အထုပ်ငယ်တထုပ်လျှင် အရင်းဈေး ၇၅၀ ကျပ် ရှိပါသည်။ အထုပ်ငယ်တထုပ်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချသည့်အတွက် အမြတ် ၂၆၂၅၀၀ ကျပ်ခန့်ရရှိပါသည်။

စားသုံးရန်အညွှန်း

          အနေတော် ထမင်းဖြူ တစ်ပန်းကန်တွင် ထမင်းသုပ် အထုပ်ငယ်တွင်ပါဝင်သော ပဲမှုန့်၊ ကြက်သွန်ဖြူကြော်၊ ငံပြာရည်၊ ပဲမှုန့်၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်တို့ကို ရောထည့်၍ သမအောင် နယ် ပေးခြင်းဖြင့် လူမျိုးဘာသာမရွေးစားသုံးနိုင်သော စားချင်စဖွယ် ထမင်းသုပ်တစ်ပန်းကန်ကို ရရှိပါသည်။          စားသုံးသူအကြိုက်ကိုလိုက်၍ အမဲကြော်၊ ကြက်ကြော်၊ ဝက်ကြော်၊ ကြက်ဥကြော် စသည် တို့နှင့် စားသုံးကြသကဲ့သို့ စားတတ်သူအဖို့ ဟင်းမလိုသော ထမင်းသုပ်လည်းဖြစ်ပါသည်။

      ကြံခင်းထမင်းသုပ်အထုပ်များကို ဧရာဝတီတိုင်းအတွင်းရှိမြို့များ ၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းတို့ကိုလည်း ဖြန့်ဖြူးရပြီး ကြံခင်းမြို့သို့ အလည်လာရောက်သူများ၊ ကြံခင်းမြို့နယ် အကောက်တောင်ဘုရားသို့ ဘုရားဖူးလာကြသူများအနေဖြင့် အိမ်ပြန်လက်ဆောင်အဖြစ် မပါမဖြစ် ဝယ်ယူကြရသည့်  ကြံခင်းမြို့၏ အထိမ်းအမှတ် ဒေသထွက်ကုန်လက်ဆောင်ပစ္စည်းလည်း ဖြစ်ပါသည်။

      မြန်မာလူမျိုးတို့သည် ထမင်းကိုနှစ်ခြိုက်စွာစားသုံးကြသည့်အတွက် ထမင်းတစ်ပန်းကန်ရှိရုံဖြင့် အလွယ်တကူ ပြင်ဆင်စားသုံးနိုင်သော ဈေးကွက်ဝင်ဒေသထုတ်ကုန်ဖြစ်သော ကြံခင်း ထမင်းသုပ်လုပ်ငန်းကို လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)