ရွှေဖရုံသီးအကြောင်းတစေ့တစောင်း

Powered by Drupal
Thu, 11/14/2024 - 11:40 -- consumer_admin

       ရွှေဖရုံသီး၏အရောင်မှာ ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရသာမှာ အနည်းငယ်ချိုသည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အစိမ်းသည် အသားမာကြောပြီး အပူပေးချက်ပြုတ်ပြီးလျှင် အင်မတန်နူးညံ့သည်။ အသီးသာမက ရွှေဖရုံပင်၏ အရွက်၊ အပွင့်နှင့် အစေ့တို့ကိုလည်းစားသုံးနိုင်သည်။

      ရွှေဖရုံသီးကို သတ်သတ်လွတ်ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသကဲ့သို့ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးနှင့်ရောစပ်၍လည်းစားသုံးနိုင်သည်။ ထို့ပြင် ရွှေဖရုံသီးပေါင်း၊ ရွှေဖရုံသီးစွပ်ပြုတ်နှင့် ရွှေဖရုံသီးဆန်ပြုတ်အဖြစ် အမျိုးမျိုးပြုလုပ်၍လည်းစားသုံးကြသည်။ အရွက်၊ အပွင့်နှင့် အညွှန့်တို့ကို ကြော်၍သော်လည်းကောင်း၊ ဟင်းချို၊ အသုပ်သုပ်၍အဖြစ်သော်လည်းကောင်း၊ ရေနွေးဖျော၍ အတို့မြှုပ်အဖြစ်သော်လည်းကောင်း စားသုံးနိုင်သည်။ ရွှေဖရုံအစေ့ကို လှော်၍စားသုံးလေ့ရှိကြပြီး ဆားအနည်းငယ်ထည့်၍လှော်ပါက အရသာပို၍ကောင်းကြောင်းသိရသည်။ ထို့ပြင် ရွှေဖရုံသီးနှင့် အစေ့တို့ကို ဂျုံမှုန့်နှင့် အခြားဆက်စပ်ပစ္စည်းများရောစပ်၍ မုန့်အမျိုးမျိုးပြုလုပ်၍လည်း စာသုံးကြကြောင်းသိရသည်။ ရွှေဖရုံသီးမှည့်ဖျော်ရည်သည်လည်း ထူးခြားသောအနံ့အရသာရှိ၍ သောက်သုံး၍ကောင်းကြောင်းသိရှိရသည်။

       ရွှေဖရုံသီးတွင် ဗီတာမင်စီအလွန်ကြွယ်ဝသဖြင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသည်။ မျက်စိမှုန်ခြင်းနှင့် ကြက်မျက်သင့်ရောဂါဝေဒနာရှင်များအတွက် ဗီတာမင်အေအပြည့်အဝပါရှိသော ရွှေဖရုံသီးကိုစားသုံးခြင်းဖြင့် သက်သာစေနိုင်သည်။ မျက်စိကြောင်၍ နာတာရှည်အိပ်မပျော်သူများသည် ရွှေဖရုံသီးဖျော်ရည်ကို ပျားရည်အနည်းငယ်ရောစပ်ကာ သောက်သုံးသင့်ပေသည်။ ရွှေဖရုံစေ့တွင် L- tryptophan ဓာတ်ပါရှိ၍ နှစ်ခြိုက်စွာအိပ်မောကျစေသည်။ ရွှေဖရုံသီးသည် အချိုဓာတ်ပါရှိသော်လည်း သွေးထဲရှိသကြားပမာဏကိုလျှော့ချပေးသည့်အတွက် ဆီးချိုရောဂါရှိသူများလည်းစားပေးသင့်သည်။ ရွှေဖရုံသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအပြင် ရေဓာတ်အလုံအလောက်ပါရှိ၍ မျက်နှာအတွင်းသားအထိအေးမြစေပြီး ကျန်းမာလှပသောအသားအရေကိုရရှိစေပါသည်။

      ရွှေဖရုံသီးသည် စိုက်ပျိုးရလွယ်ကူပြီး အလွယ်တကူစိုက်ပျိုးရရှိနိုင်သောကြာင့် ပေါများစွာရရှိနိုင်ပါသည်။ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြကြောင်းလည်းသိရသည်။ ဈေးနှုန်းမှာ အကြီးအသေးပေါ်မူတည်၍ (၁၀၀၀ - ၁၅၀၀) ကျပ်မှ (၃၀၀၀ - ၃၅၀၀)ကျပ်ထိရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)