မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဒေသတည်းသာပွင့်သော ကရင်ပြည်နယ်ရဲ့ ဒေသထွက် သဘာဝတောပန်း (ခေါ်) ကျောက်ခက်ပန်းများကို ဘားအံမြို့ အနီးဝန်းကျင်ရှိ ထုံးကျောက်တောင်ပေါ်မှာပဲ ပွင့်သောကြောင့် အများက ကျောက်ခက်ပန်းဟုခေါ်တွင်သည့် ချစ်စရာကရင်တောပန်းလေးပဲဖြစ်သည်။ ကျောက်ခက်ပန်းလေးများသည် ယခုရက်ပိုင်းအတွင်း စတင်ဖူးပွင့်လာပြီး ဈေးများတွင် ရောင်းချနေကြောင်း သိရသည်။ ကရင်လူမျိုးများအနေဖြင့် အဆိုပါ ကျောက်ခက်ပန်းကို လုံဖော့ဟုလည်း ခေါ်ကြသည်။ ကျောက်ခက်ပန်းများသည် ထုံးကျောက်တောင်များတွင်သာ ပေါက်လေ့ရှိပြီး ကရင်ပြည်နယ်အတွင်း ထုံးကျောက်တောင်ပေါင်း တစ်ရာကျော်ခန့်ရှိရာ ဘားအံမြို့ ဇွဲကပင်တောင်နှင့် တခြားထုံးကျောက် တောင်များ၌ ဆောင်းဦးကာလတွင် သဘာဝအတိုင်းပေါ်ပေါက်လာသော ပန်းတစ်မျိုးဖြစ်သည့်အတွက် တခြားဒေသများမှာ ကျောက်ခက်ပန်းများကို တွေ့ရဖို့ ခက်ခဲလှသည်။
ထုံးကျောက်တောင်များပေါ်တွင်သာ ပေါက်လေ့ရှိသည့် ကျောက်ခက်ပန်းများသည် တောင်များပေါ် မူတည်၍ အရောင်ကွဲတတ်ကြသေးသည်။ ယခုလိုအချိန်တွင် ဇွဲကပင်တောင်တက်ပါက တောင်နံရံများ၌ ကျောက်ခက်ပန်းများကို တွေ့ရှိရသည်။ ဆောင်းရာသီကုန်ချိန်ရောက်လျှင်ဖြင့် ကျောက်ခက်ပန်းများ နွမ်းခြောက်ကုန်ပါသည်။ ယခုလို ကျောက်ခက်ပန်းပေါ်ချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကျောက်တောင်ကြီးများပေါ်၌ သဘာဝအတိုင်းလှချင်တိုင်းလှနေသော သဘာဝတောပန်း(ခေါ်) ကျောက်ခက်ပန်းများကို လှပစွာ မြင်တွေ့ရလျက်ရှိသည်။
ကျောက်ခက်ပန်းများသည် ဘုရားပန်းထိုးလျှင် အနည်းဆုံး ၁၅ ရက်လောက်အထိ တာရှည်ခံ ပါသည်။ ဘားအံမြို့ပေါ်ရှိဈေးများတွင် ကျောက်ခက်ပန်းများကို (၁)စီးလျှင်- ၂၀၀၀/ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခုလိုရာသီတွင် ဒေသခံပြည်သူများအနေဖြင့် ကျောက်ခက်ပန်း ခူးထွက်ခြင်း၊ ဈေးတွင် အလွယ်တကူဝယ်ယူ၍ ဘုရားပန်းအဖြစ် ကပ်လှူပူဇော်ခြင်းအပြင် ဧည့်ခန်းအလှပန်းအိုးထိုးလေ့လည်း ရှိကြသေးကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ကရင်ပြည်နယ်ဒေသတစ်ခုတည်းတွင်သာတွေ့ရသော သဘာဝကျောက်ခက်ပန်းလေးများအကြောင်း ဗဟုသုတအလိုငှာ ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ကရင်)