ဇော်စိမ်းပန်းသည် မြန်မာလူမျိုးများနှင့်ရင်းနှီးသောပန်းပင်ဖြစ်ပြီး အချို့ဒေသများတွင် ကျောက်စိမ်းပန်းပင်ဟု ခေါ်ကြသည်။ ဇော်စိမ်း၊ ဇော်ကျား၊ ဇော်လုံးဟူ၍ အမျိုးအစားများရှိကြပြီး မြေအမျိုးအစားမရွေး အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းနိုင်သည့်အပင်များဖြစ်သည်။ ဘုရားပန်းအဖြစ် ကပ်လှူကြပြီးနောက် မိမိအိမ်ပတ်ဝန်းကျင်တွင် ပြန်လည်စိုက်ပျိုးထားကြသည်ကို တွေ့ရှိရပါသည်။ ဇော်စိမ်းပင်များကို ဘုရားပန်းအဖြစ်အများဆုံးအသုံးပြုကြပြီး ကံကောင်းလာဘ်ရွှင်စေသော အိမ်တွင်းအလှစိုက်အပင်များအဖြစ်နဲ့ စိုက်ပျိုးရောင်းချနေကြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိပန်းစိုက်တောင်သူများသည် ဇော်စိမ်းပင်များ ကိုစိုက်ခင်းများဖြင့် စနစ်တကျ စိုက်ပျိုးရောင်းချလာကြသည်။ ပူပြင်းခြောက်သွေ့သောနွေရာသီ၌ ရောင်းချနိုင်ရန်အတွက် အခင်းသစ်များကို စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်စိုက်ပျိုးကြသည်။ ဈေးကွက်အတွင်း ဇော်စိမ်းပင်တစ်ပင်ကို (၄၀၀)ကျပ်မှ (၇၀၀)ကျပ်အထိ ရောင်းချကြသည်။ တာချီလိတ်မြို့နယ်အတွင်း ဇော်စိမ်းပင်များကို စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးရောင်းချသော ပန်းစိုက်တောင်သူ(၅)ဦးခန့်ရှိပြီး (၆)ဧကခန့်စိုက်ပျိုးထားသည်ဟု သိရပါသည်။ စိုက်ခင်းတစ်ဧက လျှင်ဇော်စိမ်းပင် ရှစ်သောင်းမှ တစ်သိန်းအထိရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော ဇော်စိမ်းပင်များကို တာချီလိတ်မြို့နယ်အတွင်းသာမက ထိုင်းနိုင်ငံသို့လဲ တစ်ပိုင်တစ်နိုင်တင်ပို့ရောင်းချသည်ဟု သိရပါသည်။
ဇော်စိမ်းပင်ကို ဘုရားပန်းကပ်လှူရာတွင်ဖြစ်စေ ကံကောင်းလာဘ်ရွှင်စေသော အလှပန်းဆင် ရာတွင်ဖြစ်စေ တာရှည်ခံသောကြောင့် လူအများနှစ်သက်စွာဝယ်ယူအသုံးပြုကြသည်။ ထို့ကြောင့် စိုက်ပျိုးရောင်းချသော ပန်းစိုက်တောင်သူများအဆင်ပြေနေသကဲ့သို့ ဝယ်ယူအသုံးပြုသူများလဲ အကြိုက်တွေ့သောဇော်စိမ်းပန်း(ကျောက်စိမ်းပင်)ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ရှမ်း)