Onlineစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိသူများ၏ တာဝန်များနှင့်အခွင့်အရေးများ

Powered by Drupal
Thu, 12/05/2024 - 15:18 -- consumer_admin

      မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၄၊ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါနေ့မှာပင် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကိုထုတ်ပြန်ခဲ့သည်။

          အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ၎င်းအမိန့်အရကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှု‌ပေး၍ ရောင်းချသည့်လုပ်ငန်းကိုဆိုလိုကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားပြီး မှတ်ပုံတင်လက်မှတ်ရရှိသူသည် ရောင်းချသောကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ တာဝန်ယူဖြေရှင်းဆောင်ရွက်‌‌ပေးခြင်း၊ အရောင်းပြေစာပေးအပ်ခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့်အာမခံချက်များ‌ပေးအပ်ခြင်း၊ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ ‌ပေးအပ်ထားသော သတင်းအချက် အလက် (သို့) အာမခံချက်များနှင့်ကိုက်ညီမှုမရှိခြင်းကြောင့် စားသုံးသူက ပြန်လည်အပ်နှံလိုပါက သတ်မှတ်ချက်နှင့် ပြန်လည်အပ်နှံနိုင်သည့်ကာလတို့ကိုသတ်မှတ်၍ ယင်းတို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လက်မှတ်‌လျှောက်ထားစဉ်က ရောင်းချမည့်ကုန်စည် (သို့) ဝန်ဆောင်မှုတစ်ရပ်ရပ်ရောင်းချခြင်းကိုရှောင်ကြဉ်ခြင်း၊ စားသုံးသူကို မထီမဲ့မြင်ပြုသော (သို့) စားသုံးသူ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသော ပြုမူပြောဆိုမှုကိုရှောင်ကြဉ်ခြင်း၊ ငွေပေးချေရန်နည်းလမ်းများနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ ကုန်စည်ပို့ဆောင်မည့်နည်းလမ်းနှင့် သတ်မှတ်ချက်များကိုမရောင်းချမီ ကြိုတင်အသိပေးခြင်းနှင့် ပို့ဆောင်မည့်နည်းလမ်းများအားရွေးချယ်ခွင့်ပေးခြင်း၊ စားသုံးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် (သို့) စားသုံးသူက မဖော်ပြစေလိုသော အချက်အလက်များကို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်၏ ညွှန်ကြားချက်အရဖြစ်စေ ထုတ်ဖော်ခြင်းမှတစ်ပါး ထုတ်ဖော်ခြင်းမပြုပဲထိန်းသိမ်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံရေးကိုရည်ရွယ်၍လည်းကောင်း၊ အများပြည်သူ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုပျက်ပြားစေရန် ရည်ရွယ်၍လည်းကောင်း၊ လှုံ့‌ဆော်ဟောပြောစည်းရုံးအားပေးမှုနှင့် ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခြင်းကိုရှောင်ကြဉ်ခြင်း၊ မှတ်ပုံတင်လက်မှတ်ကိုမိမိမှတစ်ပါး အခြားသူတစ်ဦးဦးထံ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းခြင်းကိုရှောင်ကြဉ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိစွာရောင်းချခြင်း၊ အစားအသောက်/ဆေးဝါး/ဆေးပစ္စည်း/အလှကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကချမှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနှင့်ဦးစီးဌာနတို့မှ အခါအားလျှော်စွာထုတ်ပြန်သည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း စသည့်အချက်များကို လိုက်နာရန်တာဝန်ရှိမည်ဖြစ်ပါသည်။

          ဆက်လက်၍ မှတ်ပုံတင်လက်မှတ်ရရှိသူသည် စားသုံးသူ၏နစ်နာဆုံးရှုံးမှုသည် မိမိ၏ကုန်စည် (သို့) ဝန်ဆောင်မှုကြောင့်မဟုတ်လျှင် မိမိ၏နာမည်ကောင်းပြန်လည်ရရှိနိုင်သည့် အခွင့်အရေးရှိခြင်း၊ စားသုံးသူ၏တိုင်ကြားမှုတွင် ဥပဒေအရကာကွယ်ခုခံချေပခွင့်ရှိခြင်း၊ မိမိ၏လုပ်ငန်းနှင့်စပ်လျဉ်း၍ တရားဝင်အရေးဆိုတင်ပြပိုင်ခွင့်ရှိခြင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုကိုရောင်းချရာတွင် သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့်ရှိခြင်း၊ အွန်လိုင်း (Online) စနစ်တွင် မှတ်ပုံတင်လက်မှတ်ပါအမည်ဖြင့် ရောင်းချခွင့်ရှိခြင်း စသည့် အခွင့်အရေးများရရှိမည်ဖြစ်ကြောင်းသိရှိရပြီး မှတ်ပုံတင်လက်မှတ်ရရှိသူအနေဖြင့် လိုက်နာရန် တာဝန်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခွင့်အာဏာအပ်နှင်းခြင်းခံရသည့် ကုန်သွယ်ရေးဦးစီးဌာနမှ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့်ဆိုင်းငံ့ခြင်း၊ မှတ်ပုံတင်လက်မှတ်ပယ်ဖျက်ခြင်း စသည့် အမိန့်တစ်ရပ်ရပ်ကိုချမှတ်နိုင်ကြောင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လျှောက်ထားပြီး လုပ်ကိုင်ဆောင်ရွက်သူတိုင်းသိရှိရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)