ဒေသထွက်တန်ဖိုးမြှင့်ထုတ်ကုန် ကြက်သွန်နီကြော်

Powered by Drupal
Wed, 02/19/2025 - 15:15 -- consumer_admin

          ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအဖြစ်နှင့် ဟင်းလျာအဖြစ်နေရာ တော်တော် များများတွင် အသုံးပြုကြသည်။ ဟင်းချက်ရာတွင်ထည့်သွင်းအသုံးပြုခြင်းဖြင့် ဟင်းအရသာကို ပိုမို ကောင်းမွန်စေသည်။  ဟင်းလျာချက်ရာတွင် အနှစ်အဖြစ်အသုံးပြုသည့် အပြင် အသီး၊ အရွက်၊ အသား များကို သုပ်စားရာတွင်လည်း ဆီသတ်၍တစ်မျိုး အစိမ်းကို ပါးပါးလှီး၍တစ်သွယ် ထည့်သွင်း စားသုံးလေ့ရှိကြသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို ရှေးပဝေသဏီကပင် စိုက်ပျိုးခဲ့ကြောင်းသိရပြီး ၁၉၅၈-၁၉၅၉ ခုနှစ်ခန့်တွင် ပြည်တွင်းစားသုံးရန်မလုံလောက်၍ ပြည်ပမှ မှာယူတင်သွင်းခဲ့ရပြီး ၁၉၆၂ ခုနှစ်မှစ၍ ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးလာကြလာရာ  ၁၉၈၈-၁၉၈၉ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်ပသို့ အများ အပြားတင်ပို့လာနိုင်ကြောင်း သိရသည်။

ကြက်သွန်နီနှင့် ကျန်းမာရေးကောင်းကျိုး

 ကြက်သွန်နီတွင် အင်တီအောက်စီးဒင့်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်စီ ယမ်တို့ပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ အစိမ်းလိုက် စားသုံးလျှင် ခံတွင်းနံ့ကို ဆိုးစေ သော်လည်း သွားများကို သန်မာစေခြင်း၊ အူမကြီးကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း၊ နှလုံးသွေးကြောကို ကျန်းမာစေခြင်း၊ သွေးအတွင်း သကြားဓါတ်ကို ထိန်းပေး ခြင်း၊ နှာခေါင်းပိတ်၊ နားကိုက်ဝေဒနာတို့ကို သက်သာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေ သည်ဟု စာပေများတွင် မှတ်သားရသည်။

စိုက်ပျိုးထုတ်လုပ်ခြင်း

          ကြက်သွန်နီကို မိုး/ဆောင်း (၂)ရာသီစိုက်ပျိုးနိုင်ပြီး မိုးကြက်သွန်နီကို ဩဂုတ်လ၊ စက်တင်ဘာလများတွင် စိုက်ပျိုးကာ ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ရိတ်သိမ်းပြီး ဆောင်းစိုက်ကို နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုး၍ မတ်လ၊ ဧပြီလများတွင် ရိတ်သိမ်းသည်။

          မိတ္ထီလာခရိုင်တွင် မိုးကြက်သွန်နီကို  မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင်သာ စိုက်ပျိုး ပြီး ဆောင်းကြက်သွန်နီကို ခရိုင်အတွင်းရှိမြို့နယ်များဖြစ်သော မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင်စိုက်ပျိုးကြသည်။ မိတ္ထီလာခရိုင်တွင် မိုး/ဆောင်းနှစ်ရာသီလုံး စိုက်ပျိုးသဖြင့် ဒေသ စားသုံးမှုထက် ပိုလျှံမှုရှိသော သီးနှံတစ်မျိုးဖြစ်သည်။

          စိုက်ပျိုးရာသီအရ မိုးကြက်သွန်နီမှာ အစိုဓါတ်များသည့်အတွက် တာရှည်သိုလှောင်ထားနိုင် ခြင်းမရှိသော်လည်း အစိုက်နည်း၊ အထွက်နည်းပြီး လာမည့်ဆောင်းကြက်သွန်နီမပေါ်မီကာလ အတွင်း စားသုံးနိုင်သည့်အတွက် သီးနှံလက်ကျန်နည်းလာချိန် ဈေးနှုန်းမြင့်တက်မည့် အခြေအနေကို ကာကွယ်ပေးနိုင်သည်။ ဆောင်းကြက်သွန်နီမှာ အစိုဓါနည်းသည့်အတွက် တာရှည်သိုလှောင်ထားနိုင် ရာ (၇/၈)လအထိ သိုလှောင်နိုင်သည့် အနေအထားဖြစ်သည်။

ကုန်ကြမ်းတင်ပို့ရောင်းချခြင်း

          မိတ္ထီလာခရိုင်တွင် ကြက်သွန်နီကို လယ်ယာထွက်ကုန် စားဖိုဆောင်သီးနှံအနေဖြင့် ကုန်ကြမ်း အတိုင်း ဒေသတွင်းရောင်းဝယ်ရုံမျှမက ပြည်တွင်းဈေးကွက်များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ ရှမ်းပြည်နယ် သို့ တင်ပို့ပြီး ပြည်ပဝယ်လက်များသို့လည်း ရန်ကုန်၊ တာချီလိတ်၊ မြဝတီ၊ မော်လမြိုင်မြို့များမှတဆင့် တင်ပို့ရောင်းချကြသည်။

တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း

          မိတ္ထီလာခရိုင်တွင် ကြက်သွန်နီကို ကုန်ကြမ်းနေဖြင့် ဒေသစားသုံးခြင်း၊ အခြားဒေသများနှင့် ပြည်ပတင်ပို့ရောင်းချမှုများအပြင် ဈေးနှုန်းဈေးကွက်ပိုမိုရရှိရေးနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် ရည်ရွယ်၍ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချမှုများရှိရာ ယခုအခါ ကြက်သွန်နီကြော်လုပ်ငန်းရှင် (၁၅)ဦးထိရှိလာသည်။ အဆိုပါလုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်း ထွက်ရှိသော ကြက်သွန်နီကုန်ကြမ်းအပြင် မြင်းခြံ၊ တောင်သာ၊ ပျော်ဘွယ်မြို့များကပါ ဝယ်ယူ အသုံးပြုနေရာ တစ်နှစ်လျင် ကုန်ကြမ်းကြက်သွန်နီပိဿာချိန်ပေါင်း (၉၀၀၀၀၀)ခန့်ကို ဝယ်ယူ၍ ကုန်ချောထုတ်လုပ် လျက်ရှိသည်။

ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ခြင်း

          ကြက်သွန်နီကြော်လုပ်ငန်းကို တစ်နှစ်ပတ်လုံး ကြော်နိုင်သော်လည်း ပွင့်လင်းရာသီများတွင် လုပ်ငန်းပိုမိုတွင်ကျယ်လေ့ရှိပြီး သီးနှံထွက်ရှိသည့် ရာသီအရ မိုးကြက်သွန်နီကို ကြော်သည့်အခါ ကြော်သည့်အချိန်ပိုမိုကြာမြင့်ကာ ကြက်သွန်နီအကြော်အရောင်မှာ အနီရောင်းသန်းသည့် အနေ အထားရှိပြီး ဆောင်းကြက်သွန်နီမှာ အစိုဓါတ်နည်းသည့်အတွက် မိုးကြက်သွန်လောက် ကြော်သည့် အချိန်ပိုမကြာသည့်အပြင် အရောင်မှာလည်း ရွှေဝါရောင်အဆင်းရှိသဖြင့် ဈေးကွက်တွင် ပိုမိုကြိုက် နှစ်သက်သည်ကိုတွေ့ရသည်။ ကြက်သွန်နီကြော်ကို ဒန်ပေါက်၊ ဟင်းအနှစ်၊ ငါးခြောက်ကြော် တို့အတွက် အသုံးပြုကြသည်။ ကုန်ချောပြုလုပ်ရာတွင်  ကြက်သွန်နီကို အခွံခွာ၊ ပါးပါးလှီး ပြီးနောက် ဆီဖြင့်ကြော်ရသည်။ကုန်ချောရရှိမှုမှာ ကုန်ကြမ်းပိဿာ ၁၀၀ လျင် ကုန်ချော ကြက်သွန်နီကြော်မှာ ၂၀ ပိဿာဝန်းကျင်ရရှိသဖြင့် မိတ္ထီလာခရိုင်အတွင် ကြက်သွန်ကြော်လုပ်ငန်းများမှ တစ်နှစ်လျင် ကုန်ချော ပိဿာ (၁၈၀၀၀၀)ကို ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်သည်။

ဈေးကွက်/ဈေးနှုန်းရရှိမှု

          တန်ဖိုးမြှင့်ထုတ်ကုန် ကြက်သွန်နီကြော်ကို ရန်ကုန်သို့ အများဆုံးတင်ပို့ပြီး မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မော်လမြိုင်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်၊ တောင်ကြီး၊ ရပ်စောက်၊ တာချီလိတ်မြို့များသို့လည်းတင်ပို့ကြသည်။ ကြက်သွန်နီကြော်တစ်ပိဿာလျင် ၁၂၀၀၀ ကျပ်ဈေးဖြင့် (၁)ပိဿာ၊ (၁၂) ပိဿာထုပ်များအား လေလုံအောင် ပလပ်စတစ်ဖြင့် ထုပ်ပိုးကာ ဂျပ်ဖာဖြင့်ထည့်၍ ဈေးကွက်သို့ တင်ပို့သည်။

          ကြက်သွန်နီမှာ ပြည်တွင်း၌ စိုက်ပျိုးဖြစ်ထွန်းသောသီးနှံဖြစ်ပြီး ပြည်ပဝယ်လိုအားရှိသော သီးနှံဖြစ်သည့်အတွက် ဈေးကောင်းရကာ တောင်သူအကျိုးဖြစ်ထွန်းသော သီးနှံဖြစ်သည်။ ပြည်တွင်း ထုတ်လုပ်မှုများပြီး ပြည်ပဝယ်လိုအားနည်းသည့်နှစ်များတွင် ဈေးနှုန်းကျဆင်းသည့်အတွက် ထုတ်လုပ်သူ တောင်သူ၊ ရောင်းဝယ်သိုလှောင်သည့်ကုန်သည်များ အရှုံးပေါ်သည်ကိုလည်း တွေ့ကြုံ ရသဖြင့် ယခုကဲ့သို့ ဒေသထွက်ကုန်များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချသည့် ကုန်ထုတ် လုပ်ငန်းများမှာ များစွာအထောက်အပံ့ဖြစ်ပေသည်။ ဒေသထုတ်ကုန်လုပ်ငန်းများ တိုးတက်လာစေ ရေးအတွက် စွန့်ဦးတီထွင်သူများက ကြိုးပမ်းအားထုတ်သကဲ့သို့ နိုင်ငံတော်အနေနှင့်လည်း MSMEs လုပ်ငန်းများကို အားပေးမြှင့်တင်နေရာ ကုန်စည်ပြပွဲများကျင်းပပေးခြင်း၊ ချေးငွေပံ့ပိုးပေးခြင်းနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ သွင်းကုန်အစားထိုး ဒေသ ထွက်ကုန်များ အပေါ်အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရန် လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ ဆက်လက်ဝိုင်းဝန်းဆောင်ရွက်သွားနိုင်ရေး တိုက်တွန်းလိုက်ရပေသည်။

DOCA(မန္တလေး)