စိုက်ပျိုးသည့်ကွမ်းသီးပင်

Powered by Drupal
Wed, 01/25/2023 - 15:26 -- consumer_admin

         တံတားဦးကကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ ပြည်ရှားငယ် သာဝါးလို့ထွေး ” ဆိုတဲ့ လူဦးမင်းရဲ့ ကွမ်းဖွဲ့ကို ငယ်စဉ်ကသင်ကြားကျက်မှတ်ခဲ့ရပါတယ်။

       ရှေးအခါကပင် မြန်မာလူမျိုးတို့သည့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ ဧည့်သည်များကို တည်ခင်း၍သော်လည်းကောင်း ကွမ်းယာစားသုံးသည့် ဓလေ့သည် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများတွင်လည်း စားသုံးသည့် ဓလေ့ရှိသည်ဟု လေ့လာမှတ်သားခဲ့ဖူးပါတယ်။

         ကွမ်းယာဝါးမည်ဆိုပါက အဓိကအနေဖြင့် ကွမ်းရွက်၊ ထုံးနှင့် ကွမ်းသီးအပြင် ကွမ်းစားဆေးများ၊ အခြားအဆာပလာများနှင့် တန်ဆာဆင်ကာ ရောယှက်စားသုံးလေ့ရှိကြပါတယ်။ ကွမ်းယာထဲ အဓိက မပါမဖြစ်ထည့်ကာ စားသုံးလေ့ရှိတဲ့ ကွမ်းသီးသည် လူဦးမင်းရဲ့ ကွမ်းဖွဲ့ထဲမှာ ဖော်ကြူးထားတဲ့ တောင်ငူမြို့မှထွက်ရှိတဲ့ ကွမ်းသီးမှာ အခြားဒေသများမှထွက်ရှိတဲ့ ကွမ်းသီးများထက် ပိုမိုကောင်းမွန်ကြောင်း သိရှိရပါတယ်။

          ကွမ်းသီးအမျိုးအစားများကို လေ့လာရာတွင် ကွမ်းသီးအမျိုးအစား ( ၃ ) မျိုးရှိကြောင်း ( ၁ ) အိုးပေါက်ကွမ်းသီး၊ ( ၂ ) ချည်ဝင်ကွမ်းသီးနှင့် ( ၃ ) ကွမ်းသီးမွှေးဟူ၍ အမျိုးအစားများ ကွဲလွဲကြောင်းသိရှိရပါတယ်။ အိုးပေါက်ကွမ်းသီးပုံသဏ္ဍာန်သည် ဝိုင်းပြီးအနည်းငယ်ပြားသယောင် ရှိခြင်း၊ ချည်ဝင်ကွမ်းသီးမှာ အလျားရှည်ခြင်း၊ ကွမ်းသီးမွှေးမှာတော့ အနံ့မွှေးပြီး သင်းပါသည်။

          ကွမ်းသီးပင်များသည် ပူအိုက်စွတ်စိုသော ရာသီဥတုနှင့်သဲနှုန်းမြေကို ကြိုက်နှစ်သက်ပါသည်။ အငံဓါတ်ကို ကြိုက်နှစ်သက်သည့်အတွက် ပင်လယ်နှင့်နီးသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်းမှုများရှိပါတယ်။ ကွမ်းသီးပင်သည် မြေနေရာယူမှုနည်းပါးပြီး ပင်ဝင်ဆံ့ကာ အခြားသီးနှံများဖြင့် ရောနှောစိုက်ပျိုးနိုင်သောကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

          ကလေးမြို့တွင်လည်း မိမိတို့ပိုင်ဆိုင်သည့် ဝန်းများအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ကွမ်းသီးပင်များသည် နှစ်စဉ်အပိုဝင်ငွေရရှိလျက်ရှိပါတယ်။ ကွမ်းသီးများ ရောင်းချရာတွင်လည်း အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူပြီး အပင်ပေါ်ကိုယ်တိုင်တက်၊ ကိုယ်တိုင်ရေတွက်ကာ ဝယ်ယူလေ့ရှိပါတယ်။ ကွမ်းသီးဈေးနှုန်းများအနေဖြင့် အကြီး၊ အသေး ပြွန် ဝယ်ယူပြီး ကွမ်းသီး တစ်လုံးလျင် ( ၉ - ၁၀ ) ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူပြီး မန္တလေးမြို့ ဝယ်လက်များသို့ ပြန်လည်တင်ပို့ ရောင်းချရပါကြောင်း ရောင်းဈေးနှုန်းအနေဖြင့် ( ၁၃ ) ကျပ်ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ အရောင်းအဝယ်များအနေဖြင့် ယခင်နှစ်များကလောက် အရောင်းအဝယ် မကောင်းပါကြောင်းကိုလည်း သိရှိရပါတယ်။

          ယခင်ကကွမ်းသီးများကို တစ်ပိုင်တစ်နိုင်အနေဖြင့် ကုန်သည်များအဆင့်ဆင့်သာ ရောင်းဝယ်မှုပြုလုပ်ကြပြီး ယခုအခါတွင် ကုမ္ပဏီထောင်၍ အရောင်းအဝယ်များပြုလုပ်ကြကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ကွမ်းသီးများကို အဓိကအနေဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း တမူးကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီးပို့ကုန်အနေဖြင့် တန်ချိန် ( ၇.၄၄၈ ) တန် နှင့် အမေရိကန်ဒေါ်လာ( ၇၂၅၇၂၀၈.၃၀၅ ) တင်ပို့နိုင်ခဲ့ကြောင်းကိုလည်း လေ့လာသိရှိရပါတယ်။

          မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ကွမ်းသီးတင်သွင်းရာတွင် ကွမ်းသီးတစ်ပိဿာလျင် ဂျူတီဆောင်ခ ( 1kg ) လျင် ( ၆ ) ကျပ် ပေးဆောင်ရသောကြောင့် နိုင်ငံတော်၏ အခွန်ဝင်ငွေတိုးစေပြီး၊ စိုက်ပျိုးသူများနှင့် ကုန်သည်များအနေဖြင့်လည်း နှစ်စဉ်ဝင်ငွေရရှိ နေသောကြောင့် ကွမ်းသီးပင်များကို မိမိတို့၏ အိမ်၊ ခြံ၊ မြေများအတွင်း စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်ပါတယ်။

          ကွမ်းသီးပင်သည် အခြားသစ်ပင်များကဲ့သို့ နေရာမယူဘဲ အမှိုက်ရှင်းလင်းရသည့် အပင်မျိုး မဟုတ်ပါ။ အခြားသီးနှံများပုပ်လျင် လွှင့်ပစ်ရသော်လည်း ကွမ်းသီးအလုံးများပုပ်လျင်လည်း ရောင်းချရပါသည်။ ကွမ်းသီးပင်များကို မိမိတို့၏ အိမ်ခြံဝင်းများတွင် ဝင်ဆံ့နိုင်သလောက် စိုက်ပျိုးသင့်သည့် အပင်ဖြစ်ပါသည်။ ကွမ်းသီးဟာဆိုလျင် မြန်မာပြည်တွင်းမှ ကုန်သည်၊ ပွဲစား၊ ကားလိုင်းများ၊ အလုပ်သမားများအတွက် ဝင်ငွေရှာပေးနေသည့် လုပ်ငန်းဖြစ်သည့်အပြင် နိုင်ငံခြား ဝင်ငွေများ ရရှိခြင်း၊ စိုက်ပျိုးပြီး ( ၅ ) နှစ်မှစ၍ နှစ်ပေါင်း ( ၄၀ မှ ၅၀ ) ကျော်အထိ နှစ်စဉ်ဝင်ငွေများ ရရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် မိမိတို့ အိမ်၊ ခြံ၊ မြေအတွင်းမှ ဝင်ငွေရရှိနိုင်သော အပင်ဖြစ်သောကြောင်း စိုက်ပျိုးသင့်သော ကွမ်းသီးပင်ဖြစ်ပါကြောင်း လေ့လာ တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)