သီဟိုဠ်သရက်ပင်သည် မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသများဖြစ်သော တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်းတို့တွင် အောင်မြင်ဖြစ်ထွန်းပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ သီဟိုဠ်သရက်သီး၏ အဆန် ကို ပြည်ပသို့တင်ပို့ရောင်းချရသလို ဒေသတွင်းလည်း အသုံးပြုကြသဖြင့် စိုက်ပျိုးရန် သင့်တော်သော အပင်တစ်မျိုးဖြစ်ပါသည်။သီဟိုဠ်သရက်ပင်သည် နှစ်ရှည်ပင်ဖြစ်သဖြင့် တစ်ခါစိုက်ထားရုံဖြင့် နောင်နှစ်များတွင်ခူးယူရောင်းချရသောအပင်ဖြစ်ပါသည်။
စိုက်ပျိုးထွက်ရှိမှု
သီဟိုဠ်သရက်ပင်စိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင် (၆၀)ခန့်ဝင်ဆံ့ပြီး ဇူလိုင်လတွင် အပြီး စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့်မြေအမျိုးအစားမှာ ဂဝံကျောက်မြေအမျိုးအစားတွင် ဖြစ်ထွန်း အောင်မြင်ပါသည်။ ထိုအပြင် ကမ်းရိုးဒေသတွင်လည်း စိုက်ပျိုးရန်မလိုဘဲ အလေ့ကျ ပေါက်တက် ကြပါသည်။ သီဟိုဠ်သရက်ပင်သည် အကိုင်းအခက်များသောအပင်မျိုးဖြစ်ပြီး အပင်အမြင့်မှာ ပေ၃၀/၄၀ အထိရှိပါသည်။ သီဟိုဠ်သရက် စိုက်ပျိုးရာတွင်မျိုးစေ့အား ပျိုးထောင်၍စိုက်ပျိုးနည်း၊ မျိုးစေ့အတိုင်းတိုက်ရိုက်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်အပင်များကို စိုက်ပျိုးနည်းဟူ၍ (၃)မျိုးရှိပါ သည်။ မျိုးစေ့အားပျိုးထောင်ရာတွင် ရေများပါက မျိုးစေ့များပုတ်တတ်၍ ရေအနေတော်ရှိရန် လိုအပ်ပါသည်။ ပျိုးထောင်ပြီး ၁၀-၁၅ရက်တွင် အပင်ပေါက်၍ ၃လကျော်ခန့်တွင် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီးချိန်တွင် ပျိုးပင်များလဲကျတက်၍ ထိုသို့မဖြစ်စေရန် ငုတ်တိုင်စိုက်၍ အပင်နှင့်ချည်နှောင်ထားရပါသည်။ ပျိုးပင်အမြင့် ၂/၃ ပေခန့်ရှိလာလျှင် ဘေးကိုင်း များထွက်လာပါက ဖယ်ရှားရှင်းလင်း၍ ပင်စည်ကိုသာချန်ထားရပါမည်။ သီဟိုဠ်သရက်ပင်သည် အကြမ်းခံနိုင်သော အပင်မျိုးဖြစ်ပြီး အပင်သက် ၆နှစ်ခန့်တွင် စတင်အသီးများသီးလာပါသည်။ သီဟိုဠ်သရက်ပင်များသည် ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်တတ်သည်ဆိုသော်လည်း တောင်တန်းများတွင်လည်း ပေါက်ရောက်တတ်ကြပါသည်။ သီဟိုဠ်သရက်ပင်သည် ဆောင်းရာသီ ဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလတို့တွင် အပွင့်များပွင့်ပြီး အသီးများ သီးချိန်ဖြစ်ပါသည်။ အသီးတစ်ခိုင်လျှင် ၅လုံးထက်မနည်းသီးပြီး တစ်ပင်လျှင် အသီးအလုံးရေ ပျမ်းမျှ ၃၀၀/၄၀၀ခန့် သီးသည်ဟုသိရှိရပါသည်။ ထို့ကြောင့် သီဟိုဠ်သရက် တစ်ဧကစိုက်ပျိုးလျှင် သီဟိုဠ်စေ့ ပျမ်းမျှ ပိဿာ ၆၀ခန့်ထွက်ရှိသည်ဟု သိရှိိရပါသည်။ အပွင့်ပွင့်ချိန်တွင် မိုးများ ရွာသွန်းခြင်း၊ နှင်းခါးရိုက်ခြင်းကြောင့် အသီးနှုန်းများ ကျဆင်းတတ်ပါသည်။
ကျရောက်နိုင်သည့်ပိုးမွှားများ
သီဟိုဠ်သရက်ပင်တွင် ကျရောက်နိုင်သည့် ပိုးမွှားများမှာ ပင်စည်နှင့် အမြစ်ကိုပိုးထိုးသော ကျိုင်းအမျိုးအစားပဲဖြစ်ပါသည်။ ကျိုင်းကောင်မှပေါက်တတ်သော ပိုးတုံးလုံးကောင်များမှာ ပင်စည်နှင့် အမြစ်များအတွင်း လှိုင်ခေါင်းထိုးဖောက်၍ ဖျက်ဆီးတတ်ပါသည်။ ထိုသို့ဖျက်ဆီးခြင်း ခံရသောအပင်မှာ အရွက်များသေ၍ ခြောက်သွေ့လာကာ သေဆုံးတတ်ပါသည်။ ပိုးကျရောက်သည် ကို သိရှိပါက အခေါက်အတွင်းရှိပိုးကောင်ကို ဖယ်ရှားရှင်းလင်းနိုင်ပါသည်။ အပင်ခြေရင်းရှိ ပေါင်းမြတ်များ အပင်ခြေရှိ ကိုင်းများကိုရှင်းလင်းရာတွင် တစ်နှစ်လျှင် နှစ်ကြိမ် ဧပြီလနှင့်မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပြုလုပ်နိုင်ပါသည်။
ဈေးနှုန်းဈေးကွက်
သီဟိုဠ်စေ့ဈေးနှုန်းများအနေဖြင့် ယခုနှစ်တွင် တစ်ပိဿာလျှင် ၃၅၀၀-၄၀၀၀ကျပ်ဈေးဖြင့် ရောင်းဝယ်လျှက်ရှိပြီး ယခင်နှစ်တွင် တစ်ပိဿာလျှင် ၃၀၀၀-၃၃၀၀ကျပ်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ဟု သိရှိရပါသည်။ ဈေးကွက်အနေဖြင့် သီဟိုဠ်စေ့ကိုဈေးများ တွင် ဒိုင်သဘောမျိုးဖွင့်၍ တပိုင်တနိုင်လာရောက်ရောင်းချသည်များကို ဝယ်ယူ၍ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့တင်ပို့ရောင်းချသည်ဟု သိရှိရပါသည်။ အချို့မှာ သီဟိုဠ်စေ့ကို နေလှန်းအခြောက်ခံပြီး အထဲမှ အစေ့ကိုလှော်၍ မြို့တွင်းရှိ မုန့်လုပ်ငန်းလုပ်ကိုင်သူများ အစားအသောက်ချက်ပြုတ် ရောင်းချသူများထံသို့လည်းရောင်းချကြောင်း သိရှိရပါသည်။
ပြည်ခရိုင်အနေဖြင့် သီဟိုဠ်သရက်ပင်များကို ပြည်မြို့နယ်အတွင်းရှိခြံများအတွင်း စိုက်ပျိုး ကြသလို ရွှေတောင်မြို့နယ်တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ သီဟိုဠ်စေ့မှာ စိမ့်သောအရသာရှိ၍ အသီးမှည့်များအရည်ရွှမ်းကာ အသီးမှာဝါပြီးအရသာမှာ ချိုချဉ်ဖန်အရသာရှိ၍ လူအကြိုက်နည်းသဖြင့် သီဟိုဠ်စေ့အထဲရှိ အဆန်ကိုသာ အသုံးပြုကြသဖြင့် တန်ဖိုးလည်းရှိပါသည်။ အနောက်နိုင်ငံများတွင် သီဟိုဠ်ဆန်ကို ချောကလက်များ၊ ကိတ်မုန့်များ အခြားအရသာ ရှိသော ကိတ်မုန့်များထဲတွင် ထည့်သွင်း၍အသုံးပြုကြသလို မြန်မာနိုင်ငံတွင်လည်း ဒန်ပေါက်ထမ်းများ၊ ဆနွင်းမကင်းများ၊ ရေခဲမုန့်များ စသည့်အရသာရှိသော အစားအစာများထဲတွင် ထည့်သွင်း၍ အသုံးပြုကြသဖြင့် အသုံးပြုမှုများပိုမိုများပြားလာကြပါသည်။ ထို့ကြောင့် သီဟိုဠ်စိုက်ပျိုးသူများ အနေဖြင့် သီဟိုဠ်ဆန်မှာ တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းရလာသဖြင့် တိုးချဲ့စိုက်ပျိုးလာနိုင်လျှင် အကျိုးအမြတ်များပိုမိုရရှိလာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)