Languages

အစေ့ထုတ် ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်အခမ်းအနား ကျင်းပ

Powered by Drupal

            ပြောင်းစိုက်တောင်သူများပါဝင်သည့် အစေ့ထုတ် ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၆)ရက်နေ့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဆောင်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဉီးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုးရေးပညာရှင်၊ အသင်းအဖွဲ့များ၊ ကုန်သည်အသင်းများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုသည် ပုဂ္ဂလိကကဏ္ဍများစီးပွားရေးအောင်မြင်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် မှီတည်နေ သည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေ ချောမွေ့လာအောင် နိုင်ငံတော်ဘက်မှ လိုအပ်တဲ့ဖြေလျှော့ပေးမှုများ၊ လုပ်ငန်းလွယ်ကူလျင်မြန်ချောမွေ့စေရေး အစီအမံများကို စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ စျေးကွက်စီးပွားရေးစနစ်ကို အဟန့်အတားဖြစ်စေသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေမယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းများကိုရေးဆွဲပြဋ္ဌာန်းပေးခြင်းစသည့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် ပြောင်းကို နှစ်စဉ် ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာ ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပတင်ပို့မှုအပိုင်းတွင်လည်း အာဆီယံဒေသတွင်း နိုင်ငံပေါင်း (၁၀)နိုင်ငံအနက် ဒုတိယအများဆုံးတင်ပို့သောနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက (၁.၉) သန်းခန့်ရှိရာ ပြောင်းအထွက်တန်ချိန် (၃)သန်းခန့်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ကယား၊ ကရင်၊ ဧရာဝတီတိုင်း၊ နေပြည်တော် စသည့်မြို့နယ်များမှ ထွက်ရှိသောပြောင်းများကို တရုတ်စျေးကွက်သို့ အများဆုံးတင်ပို့လျှက်ရှိရာ ပြောင်း အဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကစ၍ လျော့နည်းဝယ်ယူလာခြင်းကြောင့် စျေးနှုန်းများဆက်တိုက်ကျဆင်းခဲ့သည့်အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ရေမြေရာသီဉတုအရပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေအနေကောင်း၊ အခွင့်အလမ်းကောင်းများရှိသည့်အတွက် ပြောင်းကဏ္ဍ၌ ပါဝင်ပတ်သက်သူများ အားလုံး စိတ်ပါဝင်စားစွာ လက်တွဲဆောင်ရွက်သွားကြရန် လိုအပ်ပြီးကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်သလို လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးက အားကိုးအားထားပြုရသည့် လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများ၊ ပြည်ပတင်ပို့သူများအနေဖြင့် အချင်းချင်းရောင်းဝယ်မှုပြုလုပ်ရာတွင် Online စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြမည့်အကြောင်းအရာများမှတဆင့် ဖော်ထုတ်ရရှိမည့် အချက်များသည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်နိုင်မည့် အခြေခံအချက်များဖြစ်ပြီး နိုင်ငံတကာသို့ ပြောင်းတင်ပို့မှုကို မြှင့်တင်နိုင်မည့် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

      ယင်းနောက် ဒုတိယဝန်ကြီးက ဈေးကွက်နှင့် ပို့ကုန်အခြေအနေ လိုအပ်ချက်ရှိသည့် သီးနှံများအား ပြောင်းလဲစိုက်ပျိုးထုတ်လုပ်ခြင်း၊ တင်ပို့ရောင်းချခြင်းတို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြောင်းကို ပြည်တွင်း အစာထုတ်လုပ်ငန်းများမှလည်း တန်ချိန် ၁.၂ သန်းမှ ၁.၅သန်းထိ သုံးစွဲပါကြောင်း၊ ကမ္ဘာ့ပြောင်းထွက်ရှိမှု တန်ချိန် သန်း ၁၁၀၀ ကျော် ထွက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ၂.၃ သန်းခန့်ထွက်ရှိသည်ဟု စာရင်းအင်းများအရ သိရှိရကြောင်း၊ ပြည်ပတင်ပို့မှုတွင်လည်း ယခုနှစ်တွင် ပြောင်းတန်ချိန် ၁.၈ သန်းကျော် တင်ပို့ထားပြီး ထိုင်းနိုင်ငံသို့ တန်ချိန် ၁.၂သန်းခန့် တင်ပို့ထားပါကြောင်း၊ ပြည်ပပို့ကုန်အတွက် အလားအလာရှိသည့်အပြင် ပြည်တွင်းအစာစပ်လုပ်ငန်းများနှင့် ဝယ်လိုအား မြင့်တက်လာလျက်ရှိသည့်အတွက်လည်း ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ နေပြည်တော်နှင့် Zoom Application ဖြင့် ပါဝင်တက်ရောက်လာသူများက ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မျိုးသုံးစွဲမှု၊ ပြောင်း စိုက်ပျိုးရာတွင် ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများ၊ COVID-19  ကာလ အတွင်း ပြည်တွင်းပြောင်းဈေးကွက်အခြေအနေနှင့် COVID-19  ကာလအတွင်း ပြည်တွင်းပြောင်းဈေးကွက်အခြေအနေနှင့်  COVID-19  ကာလအလွန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်တွင်းရှိ အစာစပ်လုပ်ငန်းတွင် လက်ရှိပြောင်းသုံးစွဲနေမှုအခြေအနေ၊ တိရစ္ဆာန်အစာ ပြည်တွင်းဖြန့်ဝေရောင်းချမှု အခြေအနေ၊ COVID-19 အလွန်ကာလများတွင် ပြောင်းကုန်ကြမ်းဝယ်ယူမည့် အခြေအနေများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြား၍ ဖိုရမ်ကို ရုပ်သိမ်းခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန