သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -EOI) ခေါ်ယူခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပါသည်။

          ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများမှ ပြည်ပ သို့ တင်ပို့သည့် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေး၍ ရလဒ်များအား  Test Report ထုတ်ပေးလျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်(ISO/ IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရေးနှင့်  စီးပွားဖြစ် တွက်ချေကိုက်မှု ရှိစေရေး (Commercialization) တို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် Joint Operation စနစ် ဖြင့် အကျိူးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

          သို့ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ပုံစံကို www.doca.gov.mm တွင် download ရယူ၍  ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ ရုံးချိန်အတွင်း  နောက်ဆုံးထား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊ အီးမေးလ် itqmconsumer@gmail.com သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)  နှင့်အတူပူးတွဲ တင်ပြရမည့်ကုမ္ပဏီဆိုင်ရာ အထောက်အထားများ

          (က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြ၍ ဆောင်ရွက် မည့် လုပ်ငန်းစီမံချက် (Work Plan ၊ Budget Plan) နှင့်အတူ အကြောင်းကြားစာ

          (ခ)   သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

          (ဂ)   အဆိုပြုကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီဖြစ်ရန်နှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက် မည့် ပြည်ပကုမ္ပဏီ ရှိပါက ယင်းကုမ္ပဏီ၏ အချက်အလက်များ (ပူးတွဲဖြင့် တင်ပြရန်)

          (ဃ) ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံ (ပြည်တွင်းရှိ အစိုးရဌာန၊ အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်းဌာန၊ လုပ်ငန်းအဖွဲ့ အစည်း၏ ထောက်ခံချက်၊ ပြည်ပတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်း အထောက်အထားများကို ပူးတွဲဖြင့် တင်ပြရန်)

          (င)   ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့်သက်ဆိုင်သည့် အထောက် အထားများ (ယခင် ၃ နှစ်အတွင်း လက်မှတ်ရ စာရင်းစစ်အဖွဲ့က စာရင်းစစ်ဆေးထား သည့် အစီရင်ခံစာ)

          (စ)   ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person အမည်၊ ရာထူး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် Email လိပ်စာ

                  (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၃၀၄၅၉၊ ၀၆၇-၃၄၃၀၅၁၀)

 

 

 

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းခရိုင်၏ ဩဂုတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦး ဆောင်ကာ မိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည် များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏           ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို စစ်ကိုင်းခရိုင်အနေဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ ဆီနှင့် ကုန်မျိုးစုံဆိုင်၊  စတိုးဆိုင် (၅)ဆိုင်၊ ဆေးအရောင်းဆိုင်(၂)ဆိုင်၊ ကျောင်းမုန့်ဈေးဆိုင်(၁၂) ဆိုင်တို့ကို စစ်ဆေးခဲ့ပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို  (၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာ ဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့် ကုန်စည်များကို ရောင်းချခြင်းမပြုရေး သတိထား ဆောင်ရွက်ကြရန်နှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍  အသိပညာပေးခဲ့ ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီများဖူလုံစေရေး ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊  (၂) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ဖြင့်ပူးပေါင်း၍ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများ သတ်မှတ် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုံရွာမြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင် များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကား ကိုယ်စားလှယ်များထံမှရရှိကြောင်း၊ မုံရွာမြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချကြောင်းသိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့်ရောင်းချရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစာရန်ရည်ရွယ်၍ သို့လှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရ နိုင်‌ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် အောင်အမှတ်တံဆိပ် ပဲစိမ်းကြော်ဖိုအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

 

( ၅.၉.၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်၍ ဈေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အား ရည်ရွယ်၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းကို အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနတို့  ပူးပေါင်း၍ " အောင် " အမှတ်တံဆိပ်ဖြင့် ထုတ်ုလုပ်ရောင်းချသည့် ပဲစိမ်းကြော် လုပ်ငန်းအား ကုန်အညွန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော်လည်း စားသုံးသူ ကာကွယ်ရေး ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) သည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့ရောင်းချသည့် ကုန်စည်များအား စားသုံးသူများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ် ဩဂုတ် လ ၁၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် လမ်းမတော်(မ)ရပ်ကွက်ရှိ ဇလွန်မြို့မဈေး တာဝန်ခံ ရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာ ပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  ၂၀၁၅ခုနှစ် စားသုံးသူကာကွယ် ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား ပထမဦးစွာရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းရှင် များအနေ ဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ထုတ်လုပ် ရောင်းချရန်နှင့် စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့်ပတ်သက်၍လည်း ဒေသအရောက် ဈေးနှုန်းများ အပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်ခြင်း ခံရမည် ဖြစ်ကြောင်း စသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ၊မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃-၈-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ထူးကြီးမြို့ ဇေတဝန်လမ်းနှင့်စည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင်ရောင်းချ လျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များပေါ်တွင် ကုန်အညွှန်းအမှတ်အားဖော်ပြခြင်းရှိ၊ မရှိ နှင့် သက်ဆိုင်ရာဌာနထောက်ခံချက်များ ဖော်ပြမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်းကြားချက်အမှတ် (/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များအကြောင်း၊တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၁၄-၈-၂၀၂၆ ရက် နေ့ နံနက်(၁၁:၀၀)နာရီ ဟင်္သာတမြို့၊ လယ်တော်ကျေးရွာရှိ ဆီအသင်းရုံး၌ ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များနှင့်တွေဆုံ ၍ ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ် ချက်များ၊ ပြည်သူလက်ဝယ် ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာရမည့်  တာဝန် များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်  ကင်းရှင်း ပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊လက်ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့် ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှုအားကောင်းစေရေး၊သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်  ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၄၅)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

 

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မ ဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် လိုက်နာရမည့်အချက်များ အသိပညာပေး Talk Show ဆောင်ရွက်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၃-၈-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအားလိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှား ဖြစ်စေသော နည်းလမ်းများဖြင့် ရောင်းချမရှိစေရေးနှင့် ကျုးလွန်ကြောင်းပြစ်မှု ထင်ရှားပါက  သက်ဆိုင်ရာ ဦးစီးမှူးရုံးမှ ချမှတ်နိုင်သည့် အမိန့်များကို အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းက ပထမဦးစွာ စားသုံးသူကာ ကွယ်ရေး ဥပဒေပါ ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ယင်းပုဒ်မ ၂၁ အရ တာဝန်များ လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၂၄၊၂၅ နှင့် ၂၇ ပါ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးရေး အရာရှိမှ စစ်ဆေး တွေ့ရှိလျှင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို သက်ဆိုင်ရာဦးစီးမှူးရုံးမှ သတိပေးခြင်း၊ ပြန်လည် ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့် အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင် ကြောင်း၊ စားသုံးသူထင်ယောင်ထင်မှား ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ပြုပြင် ပြောင်းလဲခြင်း၊ သတ်မှတ်ရက်စွဲကျော် လွန်သော ကုန်စည်များ၊ စားသုံးရန်မသင့်သောကုန်စည်များ ရောင်းချသည်ဟု ကျုးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက  ခြောက်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း စသည့်တို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့်ဆန်သိုလှောင်မှုအခြေအနေများအားကွင်းဆင်းစစ်ဆေးခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တာဝန်ခံသည်  ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ကွင်းကောက်ဒေသရှိ မြို့ပေါ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသောဆန်လက်လီ ၊လက်ကား ရောင်းချသည့်ဆိုင်များအား  ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူး ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေး ယူခံရမည်ဖြစ်ကြောင်း၊  ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြော ကြားခဲ့ကြောင်း၊  ထို့နောက် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း  ၂၅၀၀နှင့် အထက်  သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(My-Ro)- www.myro.com.mmတွင် မဖြစ် မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလစဉ်ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းပေးနိုင်ရေးအသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ကျေးရွာအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဓမ္မီတိုက်နယ်အတွင်းရှိ ကညင်ကောက်ကျေးရွာ အုပ်စု၊ထိန်ငူကျေးရွာအတွင်း ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချ ပေးနေမှုနှင့်ပတ်သက်၍ ပြည်သူများအား မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁၃-၈-၂၀၂၆)ရက်နေ့ နံနက်(၁၁း၃၀)အချိန်တွင် ဓမ္မီတိုက်နယ်စာသင်ကျောင်း၌ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားအုန်း ဆီဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက် ဝယ်ယူရမည့် လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက်ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ပြောကြား ခဲ့ပါသည်။ ထို့နောက် ကျေးရွာ/ရပ်ကွက်အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးနေသော စားအုန်းဆီများအပေါ် သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးများ၊ ကုန်မျိုးစုံ လက်လီဆိုင်များအနေဖြင့် မသမာ သောနည်းလမ်းများဖြင့်ရောင်းချမှုမပြုလုပ်ရေး၊ စျေးနှုန်းမြှင့်တင် (လုံးဝ)မရောင်းချရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မသမာမှုနည်းလမ်းများအသုံး​ပြု၍ ရောင်းချမှုများဖြစ်ပေါ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ