သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ

           မြင်းခြံမြို့၊ စက်မှုဇုံရှိ ‘‘ရွှေယုန်’’ မုန့်ဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် ဦးဝေဖြိုးအောင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ၁၈.၆.၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံရာ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်း ချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည် အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များ ဌာနခွဲတာဝန်ခံမှ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နတ်တလင်းမြို့နယ်၌ ၂၀၂၆ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်း

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနမှ  ၂၀၂၆ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်အား ၂၀၂၆ခုနှစ် ဇွန်လ(၁၃)ရက်နေ့ နံနက် (၇:၃၀)နာရီ အချိန်တွင် နတ်တလင်းမြို့နယ် သနပ်ကွင်းကျေးရွာ၌  သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နတ်တလင်းခရိုင် ဦးစီးမှူး ဦးဝေမျိုးသက်၊ နတ်တလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကျော်ကျော်ဦးနှင့် မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးသန့်ဇော် တို့က တက်ရောက်လာသောဌာနဆိုင်ရာများသို့ စိုက်ပျိုးမည့် သစ်ပင်များအားပေးအပ်ခဲ့ပြီး တက်ရောက်လာ သူများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင်၊ ခရေပင် ၊ ငုရွှေဝါ၊ စိန်ပန်းကြီး၊ ငုရွှေဝါပင်၊ ပေါက်ပန်းဖြူပင်၊ ပေါက်ပန်းနီပင်၊မဟော်ဂနီပင်၊ မန်ဂျန်ရှားပင်၊ ၊ စုစုပေါင်း(၅၀၀) အား စိုက်ပျိုးခဲ့ကြရာ အဆိုပါသစ်ပင် စိုက်ပျိုးပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများ ကျောင်းသူ ကျောင်းသားများ ဒေသခံပြည်သူများ စုစုပေါင်း  (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ပဲခူး)

ဇွန်လ ၁၆ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှ ဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရေးတို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့် လ္ဘက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင်အရောင်၊ အနံ၊ အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုး၊ အရန် သင့်အစားစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုးနှင့် အသင့်သောက်အချိုရည်အမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၆) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၊ မုံရွာမြို့နယ် အ.မ.က (မူလွန်) ထန်းတောကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံတို့သည် (၂၄.၆.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ အ.မ.က (မူလွန်) ကျောင်းတွင် ဆရာ/ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူများအား ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသုံးနိုင်အတွက် ရည်ရွယ်၍ စားသုံးသူ အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံ ဒေါ်ခင်မာချိုမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူတိုင်းရရှိရမည့် အခွင့်အရေးနှင့် စားသုံးသူများမှ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ စားသုံးသူ၏ အဓိပ္ပါယ်ကို သိရှိနိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံသည့်ကုန်စည်များကို ရွေးချယ်ဝယ်ယူရန်နှင့်  နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အလွယ်တကူတိုင်ကြားနိုင်သည့် နည်းလမ်းများကို ဟောပြောခဲ့ပြီးအဆိုပါ ဟောပြောပွဲတွင် ဆရာ/ ဆရာမ (၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၀၄)ဦး၊ စုစုပေါင်း (၁၀၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော အစားအသောက်နှင့် ဝန်ဆောင်မှုများကို ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာအဖွဲ့စုံဖြင့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများအား ဇွန်လ ၂၃ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး စသည့် ပူးပေါင်းအဖွဲ့ဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ မုန့်ဟင်းခါးနှင့် နံနက်စာရောင်းချသည့်ဆိုင်များ၊ အအေးနှင့်မုန့်ဆိုင်များသို့ သွားရောက်၍ ဆိုင်များ၏ မီးဖိုချောင်သန့်ရှင်းမှု၊ အစားအသောက်ချက်ပြုတ်ရာတွင် သုံးစွဲသည့်ရေနှင့် ဆီများ သန့်ရှင်းစင်ကြယ်မှု ရှိ/ မရှိ၊ စားသုံးသူများ အန္တရာယ်ဖြစ်စေနိုင်သည့် ခွင့်မပြုဆိုးဆေးများ၊ တာရှည်ခံ ဓာတုပစ္စည်းများ သုံးစွဲထားခြင်း ရှိ/ မရှိ၊ အသုံးပြုသည့် ကုန်ကြမ်းများနှင့် စည်သွပ်ဗူးများတွင် သက်တမ်းလွန်နေခြင်းများ ရှိ/ မရှိများကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရသည်။

          စစ်ဆေးမှုအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက ဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ စားသုံးသူတွေ ယုံကြည်စိတ်ချစွာ စားသောက်နိုင်ဖို့ အဓိကထားပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုအပေါ် တာဝန်ယူမှုရှိရှိ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ပြောကြားသည်။

       ထို့အပြင် လုပ်ငန်းရှင်များအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုသာ ရောင်းချရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ် ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်၊ ဘားအံမြို့ MSME One Stop Service ရုံးဖွင့်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရုံးခန်းဖွင့်လှစ်

          ဇွန်လ ၂၇ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ MSME ‌နေ့အထိမ်းအမှတ်ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးပြီး ကရင်ပြည်နယ်ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၊ သပြေလမ်းတွင် MSME One Stop Service ရုံးအားဖွင့်လှစ်ပေးခဲ့ ကြောင်းသိရသည်။ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြား ထားသော MSME လုပ်ငန်းရှင်များ တက်‌ရောက်ခဲ့ကြသည်။

          အဆိုပါကရင်ပြည်နယ် MSME One Stop Service ရုံးတွင် ဌာနဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှူးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီး ကြပ်စစ်ဆေးရေးဦးစီးဌာနတို့ပါဝင်ပြီး ပြည်သူများနှင့် လုပ်ငန်းရှင်များ၏တင်ပြလာသော လိုအပ်ချက်များအပေါ် ဌာနအလိုက် သက်ဆိုင်သော ရုံးလုပ်ငန်းဆိုင်ရာများကိုတစ်နေရာတည်း ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အဆိုပါ MSME One Stop Service ရုံးတွင် ဌာနနှင့်သက်ဆိုင်သောကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသား ဖော်ပြနိုင်ရေး၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် မှတ်ပုံတင်နိုင်ရေး၊ ဆန်စပါးသို လှောင်ရုံများတွင် MyRO တွင် မှတ်ပုံတင်နိုင်ရေး အချက်အလက်များ မျှဝေ‌ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

     ၂၀၂၆ ခုနှစ်၊ မေလ(၂၅) ရက်နေ့ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ )ဦးဆောင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတို့ နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ အစားအသောက်ပြုပြင်ရောင်းချနေသော အောင်သပြေ၊ ရွှေကယား၊ ပါကျဲ၊ ရွှေလက်ဝါး စားသောက်ဆိုင်  ( ၄ )ဆိုင်သို့ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊  မိမိတို့ဆိုင်မှပေးအပ်သည့်ဝန် ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြ ထားခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား(Size)ပမာဏအလိုက်ဈေးနှုန်း အား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိဆိုင်တွင် အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများအား Apron၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခ ထပ်မံကောက်ခံမည် ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့  အသိပေး ဖော်ပြထားရှိရန်၊ မိမိတို့ဆိုင်မှရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား( Size ) ပမာဏ အလိုက်ဈေးနှုန်း အား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်၊ သက်ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက် များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးဝင်းသွင် (ရုံးအုပ်) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၉--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မ/၈၈၊ နယ်မြေ(၃)၊ အောင်ဇေယျရပ်ကွက်၊  ပုန်းညက်လမ်း နှင့် သခင်မြလမ်းထောင့်၊ တပ်ကုန်းမြို့ရှိ N.N.N Home Material Shop စက်မှုလုပ်ငန်းသုံး၊ စီးပွားရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းသို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

MSME ထုတ်ကုန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     ( ၂၆.၆.၂၀၂၆ ) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် နေပြည်တော် (MICC 1) တွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ MSME နေ့ (၂၀၂၆) ပြပွဲရှိ နေပြည်တော်ကောင်စီဆိုင်ခန်းများတွင် ပြသထားသော ကုန်ပစ္စည်း များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။

    ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

လက်ပံတန်းမြို့တွင်ဆေးနှင့်ဆေးပစ္စည်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အတွင်းရှိ  ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်ပိုမို အမြတ်တင်ရောင်းချနေခြင်းရှိ/မရှိ သိရှိ နိုင်ရန် သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများနှင့် မြို့နယ် ကျန်းမာရေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ အပတ်စဉ်အင်္ဂါနေ့တိုင်း ဆေးဝါး အမျိုးအစား အလိုက် ရောင်းချသည့်အရေအတွက်၊ ဈေးနှုန်းဖြစ်ပေါ်မှု(အတက်/အကျ)၊ ပစ္စည်း ပြတ်လပ် မှုရှိ/ မရှိနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေများအား ဆေးနှင့် ဆေး ပစ္စည်း အရောင်း ဆိုင်များ  သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ အချို့ဆေးနှင့် ဆေးပစ္စည်းများ ယာယီပစ္စည်း ပြတ်လပ်မှု ရှိသော်လည်း အာနိသင်တူညီသည့် ဆေးဝါးများ ရောင်းချ လျက်ရှိပါကြောင်း၊ အခြားဆေးနှင့် ဆေး ပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်းနှင့်  ဆေးဈေးနှုန်းများအနေဖြင့် သိသာစွာပြောင်းလဲမှု မရှိပါကြောင်း ကွင်းဆင်းစစ်ဆေး တွေ့ရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ