သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁၉.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ခရိုင်တာဝန်ခံနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်၊ ဘုရားလမ်း၊ ကံ့ကော်ရပ်ကွက်ရှိ Ma Hnin Thet Oo အမည်ဖြင့် အဝတ်အထည်ရောင်းချသော လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆိပ်ဖြူမြို့ ပေါ်ရှိ “ ကုဋေဦး” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် (၁၂.၈.၂၀၂၆)ရက်နေ့၊နံနက် (၀၉:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်ရှိ “ကု‌ဋေဦး” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြို့နယ်တာဝန်ခံမှ “ကု‌ဋေဦး”ပဲကြော်လုပ်ငန်းရှင်အား ကုန်ချောထွက်ရှိမှု၊ ဈေးနှုန်း/ ဈေးကွက်နှင့် ဖြန့်ဖြူးမှုအခြေအနေများမေးမြန်းပြီး လုပ်ငန်းရှင်အနေဖြင့် ကုန်ချောထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံစေရေး အဓိကထား ဆောင်ရွက်စေလိုကြောင်းနှင့် ပဲကြော်ဖိုထားရှိမှုနှင့် ပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှုအခြေအနေများ၊ စားသုံးသူမိဘပြည်သူများ ဘေးကင်းစွာအသုံးပြုနိုင်စေရန် ထုတ်လုပ်ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ပြီး လုပ်ငန်းအတွင်း/ အပြင်၌ သန့်ရှင်းမှုရှိ/ မရှိနှင့် ရေစီးရေလာကောင်းမွန်စေပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရန်နှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

ဘီးလင်းမြို့နယ်၌ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

          ၁၈.၈.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ နှင်းပုလဲ ကျေးရွာရှိ Golden Boat သောက်ရေသန့်လုပ်ငန်းနှင့် ဘိုးလှကြီးရပ်ကွက်ရှိ Moon Teen သောက်ရေသန့်လုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သောက်ရေသန့်ထုတ်လုပ်မှုလုပ်ငန်းများ၏ လုပ်ငန်း လိုင်စင်၊ ထုတ်လုပ်မှုဆိုင်ရာစံချိန်စံညွှန်းများ၊ ထုတ်လုပ်သန့်စင်မှုအခြေအနေ၊ သန့်ရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာလိုက်နာဆောင်ရွက်မှုများကို စစ်ဆေးကြည့်ရှုခဲ့ပြီး စားသုံးသူများ ဘေးကင်းလုံခြုံသော သောက်ရေသန့်ကို သုံးစွဲနိုင်ရေးအတွက် လိုအပ်သည့် အသိပညာပေး နှင့် လမ်းညွှန်မှာကြားမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ အ.ထ.က (၇) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၈.၈.၂၀၂၆‌ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည့် မော်လမြိုင်မြို့ အ.ထ.က (၇) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၃၃) ဦး စုစုပေါင်း (၁၄၃) ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သဇင် ဖြိုးမြတ်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများဖြစ် သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

    ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ပြီး မေးခွန်းများအား မှန်ကန်စွာဖြေဆိုနိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃) ဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်၊ အ.မ.က (ကုက္ကိုတန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

   ၂၀.၈.၂၀၂၅ ရက်နေ့အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အ.မ.က (ကုက္ကိုတန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ အ.မ.က ကုက္ကိုတန်းကျောင်းမှ ဆရာမ (၇) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၂၅) ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့်နေရာများသို့ ကွင်းဆင်းစစ်ဆေးကြည့်ရူ

          ၂၀.၈.၂၀၂၆ ရက်နေ့ မွန်းလွှဲ (၁း၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့်နေရာသို့ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် မြေပြင်ကွင်းဆင်း ကာ သွားရောက်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ စားအုန်းဆီရောင်းချသည့်နေရာသို့ သွားရောက်စစ်ဆေးရာတွင် ခရိုင်တာဝန် ခံက ပြည်သူများအား စားအုန်းဆီရောင်းချသည့် စားအုန်းဆီအရောင်းကိုယ်စားလှယ်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်၊ အချိန်မှန်၊ နေရာမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန် စသည့် (မှန်) ၆ (မှန်) ဖြင့် ရောင်းချပေးရေး၊ စာအုပ်များ၊ သန်းခေါင်စာရင်း၊ အိမ်ထောင်စုစာရင်း စသည်တို့ဖြင့် တိကျမှန်ကန်စွာ ရောင်းချပေးရေး စသည်တို့ကို စားအုန်းဆီရောင်းချသည့် ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

          ကျိုက်ထိုမြို့ယ်၊ မြို့နယ်တာဝန်ခံလည်း စားအုန်းဆီဝယ်ယူသော ပြည်သူများအနေ ဖြင့် စာအုပ်ဖြင့် စားအုန်းဆီဝယ်ယူရာတွင် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ်များ ပေးထားကြပါရန်နှင့် စားအုန်းဆီဝယ်ယူသော ပြည်သူများအနေဖြင့် စိတ်ကျေနပ်မှု ရှိ/မရှိ မေးမြန်းခဲ့ပါကြောင်း သိရှိရပါသည်။

               DOCA (မွန်)

ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ “ဓနပြည့်” ဆီစက်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းသည် (၁၂.၈.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “ဓနပြည့်”ဆီစက်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမရှိစေရန်၊ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တိလောက ရာမကျောင်းတိုက်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၃.၈၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တိလောက ရာမကျောင်းတိုက်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၅၀၀)ဦးနှင့် ဆရာ၊ ဆရာမ (၂၃) ဦး စုစုပေါင်း (၅၂၃) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

       အဆိုပါဟောပြောပွဲတွင် ကျောင်းထိုင်ဆရာတော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပထမဆုံးရှင်းလင်းပြောကြားခဲ့ပြီး ဒု-ဦးစီးမှူးဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈)ချက်နှင့်  စားသုံးသူများ လိုက်နာရမည့် တာဝန်(၄)ချက်ကိုလည်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို သိရှိနားလည်စေရန် ဥပမာများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ 

      ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက် (၈)ချက်အား တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို နမူနာပစ္စည်းများဖြင့် ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းများကို ပြောကြားခဲ့ကြောင်း သိရသည်။

        ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့မဈေး၌ ကုန်ပစ္စည်းနမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းနှင့် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၈.၈.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မကွေးမြို့၊ မြို့မဈေး၌ ရောင်းချလျက်ရှိသော ပုဇွန်(အနီ)၊ ငပိ၊ ရောင်စုံငါးမုန့်၊ ဝါးဥကြာဇံ၊ ဂျုံခေါက်ဆွဲ၊ ကြက်ဥ ခေါက်ဆွဲ၊ မျှစ်(အနီ)၊ ငါးမဲလုံး၊ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ ရောင်စုံအချိုရည်၊ လ္ဘက်၊ ဂျင်းပေါက် တို့အား နမူနာဝယ်ယူ၍ အစားအစာများတွင် သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်းရှိ/ မရှိကို Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြု တာရှည်ခံဆေးနှင့် ချွတ်ဆေးများသုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ ရှိရပါသည်။

         ဆက်လက်၍ စားသုံးသူပြည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များစသည်တို့ကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား (၁၅.၈.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် space link Fiber Internet sevice လုပ်ငန်းလုပ်ကိုင်နေသည့်ဆိုင်အား ကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားမှု ရှိ/ မရှိစစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများစိတ် ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ချောက်မြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်း(၄)ခုရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ