သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က(၃၅)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေကို တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ ပြည်သူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ သိစေရန် အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။

            (၂၄-၈-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ချမ်းမြသာည်မြို့နယ်၊ အ.ထ.က (၃၅)ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းကို စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးတင်ချစ်ကောင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာ ရှင်းလင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေး နှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Consumer Call Center (၁၅၃၅) လိုင်းခွဲနံပါတ် (၃) သို့ ဆက်သွယ် တိုင်ကြားနိုင်သည့် အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၁၈၅) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသည့် မုန့်များရောင်းချစေရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                                                                            

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏(၈/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

                        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့်အတည်ပြုပြဌာန်းခဲ့သည့်စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါကဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက် လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်(၂၇-၈-၂၀၂၆)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြပါသည်။

          မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲ၊ ဦးစီးအရာရှိ ဦးတင်ချစ်ကောင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို အမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲ တာဝန်ခံအရာရှိ ဦးမျိုးထွန်းက ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက် ချက်များကို အမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို အမှာစာဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည့် ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများမှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်ဆွေးနွေးခဲ့ကြပြီး ဒုတိယဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးအား နံနက်(၁၀:၀၅)နာရီအချိန် ပြီးစီးခဲ့ပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဒေါ်လာစားသုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

                 ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ (၁၆)ရက်နေ့ ၊ နံနက်(၈း၃၀)အချိန်တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဒေါ်လာ စားသုံးဆီအရောင်းဆိုင် သို့သွားရောက်ပြီး စစ်ဆေးခဲ့ရာ စဥ့်ကိုင်မြို့နယ်ရှိ အိမ်ထောင်စုအလိုက် စားအုန်းဆီများအား စာအုပ်များဖြင့် ထုတ်ပေးလျက်ရှိရာ ဒေါ်လာဆီဆိုင်၌ သပြေရိုးကျေးရွာရှိ အိမ်‌ထောင်စုအလိုက် ထုတ်ပေးထားသည့် စာအုပ်အဟောင်းများစိစစ်ခြင်း နှင့် စာအုပ်အသစ်များ ထုတ်ပေးခြင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးအတိုင်း ဗွီနိုင်းများချိတ်ဆွဲ၍ ရောင်းချခြင်းရှိ/မရှိ ၊ အလေးချိန် မှန်ကန်မှုရှိ/မရှိ နှင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်း မရှိရန်လိုအပ်ကြောင်း၊ ထိုသို့ ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                                        

 

 

“ကျောက်ဆည်မြို့နယ်၊အနောက်သာဂရအခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

                ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ(၁၇)ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်းပြီး ကျောက်ဆည် မြို့နယ်၊အနောက်သာဂရအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါ သည်။အဆိုပါ‌ ဆွေးနွေးပွဲ၌ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်မြင့်မှအဖွင့်အမှာစကား ပြောကြားပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌စိုးမင်းထွန်း(ဒု-ဦးစီးမှူး) မှ  တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ထက်ထက်မော်(ဒု-ဦးစီးမှူး)က ဝမ်းပျက် ဝမ်းလျောရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။အသိပညာပေးဟောပြောပွဲသို့ အနောက်သာဂရ အခြေခံပညာအထက်တန်း ကျောင်းခွဲမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(မန္တလေး)                                                                                        

                                                                     

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၄-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ ရွာသစ်ကုန်း ရပ်ကွက်ရှိ ရွှေသစ္စာ (ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ သီးစုံပဲကုလားဟင်းတွင် အသုံးပြုသည့် “အိမ်ချက်” အမှတ်တံဆိပ်သည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်း အမည်နှင့်လိပ်စာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းဆိုင်ရာ  လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ၇-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ  မချစ်စု (စတိုးဆိုင်)သို့ သွား ရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှုရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ WoW အမှတ်တံဆိပ်(အာလူးကြော်)တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များ ကုန်စည်အုပ်စုရှိ အသင့်စားမုန့် WoW (အာလူးကြော်)တွင် အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာ ဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ တို့ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်သောကုန်စည်ဖြစ်၍ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာပြည်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံး သည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှားအတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြ ရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာ စောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာ များအား စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် လစဉ်  Talk Show ပြုလုပ်၍အသိပညာပေးလျက်ရှိရာ(၂၀.၈.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီ အချိန်တွင် မြင်းခြံမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။

               အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးထိန်လင်း က Talk Show များဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှေးဦးစွာရှင်းလင်း၍ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစိုးမိုးထွန်း က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ ‘‘ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများ’’ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် မိမိအတွက်လုံခြုံစိတ်ချရမှုရှိစေဖို့ ကုန်အညွှန်း အမှတ်သားများအား သေချာစွာဖတ်ရှုဖို့လိုအပ်သလို လူတိုင်းဖတ်ရှုနိုင်အောင်လည်း မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေထည့်သွင်းဖော်ပြပေးရန် ဥပဒေအရသတ်မှတ်ပြဌာန်းထားရှိမှုများ၊ ကုန်စည်အမျိုးအစား အလိုက်ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူ သုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန်အချက်များ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲ ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို စိစစ်ကြည့်ရှု၍ ဝယ်ယူသုံးစွဲကြရန်နှင့် လုပ်ငန်းရှင်များမှလည်း မိမိတို့၏ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်း အမှတ်အသားများကို ဥပဒေပါပြဌာန်းချက်များနှင့်အညီ မှန်မှန်ကန်ကန်ထည့်သွင်း ဖော်ပြပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

doca(မန္တလေး)

စက်သုံးဆီအရောင်းဆိုင်များသို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၂၁.၈.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၂၁.၈.၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၃၇၃၀)ကျပ်၊ 95 Octance(၃၈၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၄၂၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၅၀၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၇၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၇၅)ကျပ်များကျဆင်းခဲ့ပြီး၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၅၅) ကျပ် ဈေးနှုန်းများတက်ခဲ့ကြောင်း သိရှိရသည်။မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

doca(မန္တလေး)

လွိုင်ကော်မြို့ပေါ်ရှိ အသင့်စားအစားအစာအမျိုးမျိုး ရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၃ ) ရက်နေ့  ( ၁၄:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ‌လောဓမ္မရပ်ကွက်ရှိ အသင့်စားအစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များ သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်လွိုင်ကော်မြို့ပေါ်ရှိအသင့်စားအစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကား ကုန်စုံဆိုင်များ၌ ရောင်းချနေသောအသင့်စားအစားအစာအများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသည့် အသင့်စားအစားအစာများကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင် ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ကယား)

 

ညောင်ဦးမြို့တွင် ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာသာရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၀.၈.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ညောင်ဦးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ကွင်းဆင်းရာတွင်  ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင် မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသောဆေးဝါးများသာ ရောင်းချစေရေးတို့ အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူ သုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်း များနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဆေးဝါးပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

doca(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ