
စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၅ ) ရက်နေ့မှ ( ၆ )ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၁၂၅) ဦးက Online (Zoom Platform) မှတဆင့် တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာဆောင်ရွက်သွားရမည့်အချက်များ၊ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်း များနှင့် စပ်လျဉ်းသည့် စားသုံးသူတိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်မှုများနှင့် Online SOP Version 2 နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခြင်းနှင့်အရေးယူဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များကို ဘာသာရပ်တာဝန်ခံများမှ ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးကိုကိုဦး၊ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများနှင့် တာဝန်ရှိသူများက In Person တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းသားများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါ သင်တန်းကို စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များအား နားလည်သဘောပေါက်စေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း မှန်ကန် စွာဖြင့် ထိရောက်စွာဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း သတင်းရရှိ ပါသည်။
DOCA(မန္တလေး)
