ထန်းပင်
ထန်းပင်များသည် ရုက္ခဗေဒအလိုအားဖြင့် ပါလဒေစီအီး (သို့မဟုတ်) ပါမီမျိုးရင်းတွင် ပါဝင်ပါသည်။ ထိုမျိုးရင်း၌ အုန်းပင်၊ ထန်းပင်၊ ကွမ်းသီးပင်၊ ဓနိပင်၊ ပေပင်၊ စလူပင်၊ စွန်ပလွံပင်၊ ဆက်သွားဖူးပင်မှစ၍ အပင်မျိုးပေါင်း ၁၅၀၀ ပင်ကျော်မျှရှိပါသည်။ ယင်းတို့သည် ထန်းပင်နှင့် မျိုးချင်းနီးစပ်သောထန်းမျိုးများဖြစ်၍ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ ဇာတိပင်မျိုးဖြစ်ပါသည်။ ယင်းတို့ကို အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများ၌တွေ့ရှိရပါသည်။ သမပိုင်းဇုန်များ၌ပေါက်ရောက်သော ထန်းမျိုးလည်းရှိသေးသည်။ ထန်းမျိုးတို့သည် မိုးများသောအပူပိုင်းဒေသများ၌ အဖြစ်ထွန်းဆုံးဖြစ်၏။ ထန်းမျိုးဝင် အပင်များသည် ပင်စည်ရှည်မျောမျောရှိ၏။ အပင်၏အမြင့်မှာ ပေ (၁၀၀) နှင့်မကရှိနိုင်ပါသည်။ အကိုင်းအခက်အလက်များမှာ ဖြာထွက်ခြင်းမရှိဘဲ အပင်ထိပ်၌သာ အကိုင်းအရွက်များစု၍ထွက်တတ်၏။ ကြွေကျသွားသော အရွက်များ၏အရင်း၌ စက်ဝိုင်းကဲသို့ အရာထင်ကျန်ခဲ့၏။ ထန်းပင်များသည် အပွင့်ပွင့်၏။ အပွင့်တို့သည် အဖိုပွင့်၊ အမပွင့်ဟူ၍ရှိပြီး အရွက်မှာလည်း ယပ်တောင်ပုံနှင့် ငှက်မွေးပုံရှိပါသည်။ ထန်းပင်နှင့် ပေပင်တို့၏အရွက်မှာ ယပ်တောင်ပုံဖြစ်ပါသည်။ ထန်းမျိုး၏ အသီး၊ ပင်စည်နှင့် အရွက်တို့သည် လူတို့အဖို့ အလွန်အသုံးဝင်သောပစ္စည်းများဖြစ်ပါသည်။ မတ်လ၊ ဧပြီလများ၌ ထန်းပွင့်များပွင့်လေ့ရှိပါသည်။ ဒီဇင်ဘာလတွင်လည်း တစ်ဖန်ပွင့်ကြပါသေးသည်။ ထန်းသီးသည် အရွက်၏အရင်း၌ကပ်၍ အခိုင်လိုက်တွဲလျက်သီးသည်။ ထန်းသားသည် အတွင်းသားပျော့သော်လည်း အပြင်သားမှာမာကျောပြီး ရေထိလျှင်ပို၍ ခိုင်ခံ့သောသဘောရှိ၍ အိမ်ဆောက်ရာတွင် တိုင်၊ ရေတံလျောက်အဖြစ်လည်းကောင်း၊ လှေပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုတတ်ကြပါသည်။ ထန်းရွက်များဖြင့် ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များကို ပြုလုပ်တတ်ကြသည့်အပြင် အိမ်မိုးရာ၌လည်း အသုံးပြုတတ်ကြပါသည်။ ရွက်လယ်ကြောများကို တံမြက်စည်းအဖြစ်လည်း ပြုလုပ်ရောင်းချကြပါသည်။ ထန်းပင်၏အလက်များကို ကုလားထိုင်များ၊ ထိုင်ခုံများ၊ စားပွဲများအဖြစ်လည်း ပြုလုပ်ရောင်းချကြပါသည်။
ထန်းရည်
ထန်းရည် (Palm Wine) သည် ထန်းပင်မှ ထွက်ရှိလာသောအရည်ဖြစ်ပြီး သောက်သုံးနိုင်ပါသည်။ ၎င်းအရည်ကိုသောက်လျှင် ဆေးဖက်ဝင်သကဲ့သို့ လူကိုမူးဝေစေသည်။ ထန်းပင်ကို မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂါနာနိုင်ငံနှင့် အာဖရိကဒေသတို့တွင် အများဆုံးတွေ့ရပါသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးတွေ့ရပါသည်။
"ထန်းရည်နဲ့ငါးပိ လူမသိစေနဲ့" ဟူသောစကားသည် ထန်းရည်၏စွဲမက်ဖွယ်အရသာကောင်းမွန်မှုကို အမွှမ်းတင်သောစကားဖြစ်ပြီး မြန်မာအများစုသည် ငါးပိကိုလည်း အလွန်နှစ်သက်သောကြောင့် ထမင်းဝိုင်းတွင် မပါမဖြစ်သောထိုအရာနှစ်ခုကို အမွှမ်းတင်လို၍ တွဲစပ်ပြောလေ့ရှိခြင်းဖြစ်ပါသည်။ ထို့ပြင် ထန်းရည်အကြောင်း တစ်ဖွဲ့တစ်နွဲ့သီကုံးစပ်ဆိုထားသည့် သီချင်းများ၊ ကဗျာများပင်ရှိပါသည်။
ထန်းရည်ကို သောက်သုံးရန်၊ ထန်းလျက်၊ သကာပြုလုပ်ရန်အတွက် စီပွားဖြစ်စိုက်ပျိုး ကြသည်။ ထန်းရည်၌ အချိုအခါးဟူ၍ (၂)မျိုးရှိသည်။ ထန်းရည်အချိုကိုသောက်လျှင် သကြားရည်ကဲ့သို့ချို၏။ သို့သော် ရင်ခံတတ်သည်။ အခါးရည်ကိုသောက်လျှင် အရသာခါး၍ အရက်ကဲ့သို့ မူးယစ်စေသည်။ အချိုရည်သည် ကဇော်မပေါက်မီ ဆက်ကရင်းသကြားပါသော အရည်တစ်မျိုးပင်ဖြစ်ပါသည်။ ယင်းကိုနေမွန်းတည့်ကျော်သည်အထိထားလျှင် အခါးရည်ဖြစ်သွားသည်။ လတ်ဆတ်သောအချိုရည်ကိုသောက်လျှင် ဝမ်းပျော့စေသည်။ ထန်းရည်ခံယူပုံမှာ-
ဦးစွာ အဖိုပွင့် သို့မဟုတ် အမပွင့်ပွင့်သောထန်းနို့ကို ထုချေပစ်ရ၏။ ထို့နောက် ထိပ်ဖျားကို ဓားနှင့်လှီးဖြတ်ရ၏။ ထိုကဲ့သို့ နေ့စဉ်လှီးပေးခြင်းဖြင့် ထန်းနို့မှ ထန်းရည်များလိုက်လာပါသည်။ ထန်းရည်ကို မြေအိုး (သို့)ဝါးကျည်တောက်ဖြင့်ခံယူကြပါသည်။ ထန်းရည်မှတစ်ဆင့် ထန်းလျက်ကိုချက်ယူကြသည်။ ထန်းရည်ကို အဖိုပင်နှင့်အမပင် နှစ်မျိုးစလုံးမှရရှိပါသည်။ ထန်းရည်လှိုင်သောရာသီမှာ ဆောင်းတွင်းနှင့် နွေဦးပေါက်ရာသီဖြစ်ပါသည်။ အမပင်များမှ ထန်းရည်ကို မိုးတွင်း၌သာ ရရှိနိုင်ပါသည်။ အမပင်သည် အဖိုပင်ထက်ထန်းရည် တစ်ဆ (သို့) နှစ်ဆပိုထွက်ပါသည်။
ထန်းလျက်
ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ သမအောင်မွှေပေးရပြီး ဆူပွက်သည်အထိ ကျိုချက်ပေးရပါသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့် ပုံစံအတုံးလေးများတုံးကာ အခြောက်ခံလျှင် ထန်းလျက်ခဲကိုရရှိပါသည်။ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲစသည်တို့ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာတစ်ခုအဖြစ် ရှေးကတည်းကပင် တည်ရှိခဲ့ကာ လက်ရှိအချိန်အထိ လူကြီး၊ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာစားသုံးလျက်ရှိသည့် အစားအစာတစ်ခုဖြစ်ပါသည်။ ထန်းလျက်ကို ပြည်ပနိုင်ငံများကပါ ကြိုက်နှစ်သက်စွ ာစားသုံးနေကြပြီဖြစ်ပါသည်။
ထန်းလျက်တွင် သကြားထန်းလျက်၊ ထန်းသီးထန်းလျက်ဟူ၍ (၂)မျိုးရှိပြီး သကြားထန်းလျက်မှာ အဖြူရောင်ကဲပြီး ထန်းရည်ဖြင့်ချက်သောထန်းလျက်က အညိုရောင်အဆင်းရှိပါ၍ သကြားထန်းလျက်ထက် အချိုဓာတ်ပိုများပါသည်။ ထန်းလျက်သည် အစာကြေစနစ်ကို ကောင်းမွန်စေသောအစွမ်းရှိပြီး အစာကြေလွယ်စေပါသည်။ မန်ကျည်းသီးနှင့်ရောပြီး မန်ကျည်းဖျော်ရည်အဖြစ် စိမ်သောက်ပါက ခန္ဓာကိုယ်အတွင်းမှ အပူများကင်းစင်စေပါသည်။
ထန်းလျက်တွင် လူခန္ဓာကိုယ်အတွက်လိုအပ်သော ကယ်လိုရီနှင့် ကာဗွန်ဟိုက်ဒရိတ် သတ္တုဓာတ်များပါဝင်နေပါသည်။ အော့အန်နေခြင်း၊ ဝမ်းသွားနေခြင်းများကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုဖြစ်သည့်အခါ ရေဓာတ်ပြန်လည်ဖြည့်တင်းစေရန် ထန်းလျက်ကို ရေနွေးလေးနှင့်သောက်သောက်၊ ရေအေးလေးနှင့်ဖြစ်ဖြစ် သောက်ပေးပါက ကိုယ်တွင်းရေဓာတ်ကိုဖြည့်စေနိုင်ပါသည်။
အချိုဓာတ်သည် ခန္ဓာကိုယ်အာဟာရပြည့်စေသည့်အပြင် ခွန်အားလည်းဖြစ်စေနိုင်ပါသည်။ နံနက်ခင်း၌ သောက်မည့်ဖျော်ရည် (သို့မဟုတ်)နံနက်ခင်းသောက်စရာတစ်ခုထဲသို့ ထန်းလျက်ကိုထည့်၍ သောက်ပေးမည်ဆိုလျှင် ခန္ဓာကိုယ်အတွက် ခွန်အားပြည့်ဝစေမည်ဖြစ်ပါသည်။
ထန်းလျက်တွင် အကျိုးပြုအမျှင်ဓာတ်များပါဝင်နေသောကြောင့် အူအတွင်းက အကျိုးပြုဘက်တီးရီးယားများကို အထောက်အပံ့ပေးပြီး သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။ ထန်းလျက်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမှာ ကင်ဆာဖြစ်စေသောအရာများကို တိုက်ဖျက်ပေးသည့်အပြင် ဗီတာမင် A,C တို့ကြွယ်ဝစွာပါဝင်သောကြောင့် ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။
အစားအစာများကို အများကြီးစားမိသည့်အခါနှင့် မတည့်စာများကိုစားမိသည့်အခါ ရင်ပြည့် င်ကယ်ဖြစ်လာပါက ထန်းလျက်ကိုစားပေးခြင်းဖြင့် ရင်ချောင်စေနိုင်ပါသည်။ ထန်းလျက်ကိုပုံမှန်စားပေးခြင်းဖြင့် အစာကြေလွယ်ပြီး အစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေသောကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါသည်။
ထန်းလျက်မှာ ပိုတက်ဆီယမ်နှင့် ကယ်လ်ဆီယမ်တို့ကဲ့သို့ ခန္ဓာကိုယ်အတွက်လိုအပ်သည့် သတ္တုဓာတ်များပါဝင်နေပြီး အရိုးနှင့်ကြွက်သားများကို သန်မာစေနိုင်ပါသည်။ အရိုးနှင့် ကြွက်သားတစ်သျူးများကိုကျန်းမာစေပါသည်။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းနှင့် သဘာဝဓာတ်တိုးဆန့်ကျင် အာနိသင်များပါဝင်နေသောကြောင့် ကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားနိုင်ပါသည်။
ထန်းမြစ်
စားလို့ရသည့်ထန်းမြစ်မှ ထန်းသီးများသည် ဝါဆိုလတွင်ရင့်မှည့်ပြီး ဝါခေါင်လနှင့် တော်သလင်းလများ၌ ကြွေကျတတ်ပါသည်။ ထိုသို့ကြွေကျလာသည့်ထန်းသီးအမှည့်များကို အနက်တစ်တောင်ခန့်တူးထားသော မြေကျင်းထဲထည့်၍ မြေပန်ဖို့ထားပြီး (၃)လလောက်ကြာသည့်အခါ ထန်းပင်ပေါက်များထွက်လာမည်ဖြစ်ပါသည်။ ယင်းထန်းပင်ပေါက်များကို ထန်းမြစ်ဟုခေါ်ဆိုကြပါသည်။ ထန်းမြစ်၏အရသာမှာ နုလွန်းလျှင် ခါးသက်သက်ဖြစ်တတ်ပြီး ရောင်းတမ်းဝင်အရွယ်လောက်ဆိုလျှင် စားပြီးရင်း စားချင်စရာကောင်းသော ထူးဆန်းသည့်အရသာမျိုးဖြစ်ပါသည်။
ထန်းမြစ်ကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ထန်းမြစ်ကို မီးဖုတ်၍စားသုံးပါက အနံ့ပိုမွှေးပြီး ဆီ၊ ဆားတို့ဖြင့်နယ်၍ စားသုံးလျှင် ရေနွေးကြမ်းဝိုင်းအတွက် အမြည်းကောင်းတစ်ပွဲဖြစ်ပါသည်။
ထို့ကြောင့် ထန်းပင်၊ ထန်းလက်၊ ထန်းရွက်၊ ထန်းမြစ်၊ ထန်းရည်နဲ့ ထန်းလျက်များသည် လူတို့အဖို့ ဘက်စုံအသုံးတည့်သည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)