လယ်ကန်သင်းများတွင် တိုးချဲ့စိုက်ပျိုးလာကြသော ပဲကြီးသီးနှံနှင့် နှစ်အလိုက်ဈေးနှုန်းဖြစ်ပေါ်ခဲ့မှုအခြေအနေ

Powered by Drupal
Thu, 03/30/2023 - 14:59 -- consumer_admin

       ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ပါတင်ပို့နိုင်သောပဲကြီးသီးနှံသည် ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲတီစိမ်းသီးနှံများထက်ပင် ဈေးကောင်းရလျက်ရှိနေခဲ့ပါသည်။ နှစ်စဉ် ပဲဈေးကွက်၌ ဈေးအမြင့်ဖြင့်ရောင်းဝယ်ခဲ့၍ နှစ်အလိုက် ကာလတူဖြစ်ပေါ်ခဲ့သော ဈေးများကိုလေ့လာကြည့်ရာတွင် အောက်ပါအတိုင်းတွေ့ရှိရပါသည်။

ခုနှစ်             လအမည်                ပဲအမျိုးအစား                     ဈေးနှုန်း(ကျပ်)         

၂၀၂၀ခုနှစ်      မတ်လ                    ရွှေကျွန်း                           ၃၁၀၀၀

                                                ကမ်းနား                             ၂၉၀၀၀

၂၀၂၁ခုနှစ်      မတ်လ                    ရွှေကျွန်း                           ၃၀၀၀၀

                                                ကမ်းနား                              ၂၉၀၀၀

၂၀၂၂ခုနှစ်      မတ်လ                    ရွှေကျွန်း                            ၆၆၀၀၀

                                                ကမ်းနား                             ၆၄၀၀၀

၂၀၂၃ခုနှစ်      မတ်လ                    ရွှေကျွန်း                           ၈၁၀၀၀

                                                ကမ်းနား                             ၇၈၀၀၀

      ၂၀၂၀ခုနှစ်၊ မတ်လအတွင်း ရွှေကျွန်းတစ်တင်းလျှင် (၃၁၀၀၀)ကျပ်၊ ကမ်းနားတစ်တင်းလျှင် ၂၉၀၀၀ကျပ်ရရှိခဲ့သည့်အတွက် မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ၏ အဆိုပါနှစ်ပေါက်ဈေးမှာ ကျပ် (၃)သောင်းအထက်ရရှိခဲ့၍ ပဲကြီးသီးနှံဈေးသည် ဈေးနှုန်းကွာခြားမှုမရှိခဲ့ပါ၊၊ ၂၀၂၁ခုနှစ်၊ မတ်လအတွင်း ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် (၃၀၀၀၀)ကျပ်၊ (ကမ်းနား)တစ်တင်းလျှင် (၂၉၀၀၀)ကျပ်ဖြင့် ယခင်နှစ်၏ဈေးအတိုင်း ရောင်းဝယ်ခဲ့ကြသော်လည်း မတ်ပဲနှင့်၊ ပဲတီစိမ်းသီးနှံများမှာ ဈေးနှုန်းများလျော့ကျခဲ့ပြီး ကျပ်(၃)သောင်းအောက်ဖြင့်သာ ရောင်းဝယ်ခဲ့ကြရသောကြောင့် ပဲကြီးသီးနှံဈေးနှုန်းသည် အဆိုပါနှစ်တွင် အခြားပဲများဈေးအေးခဲ့သော်လည်း ပဲကြီးသီးနှံမှာ ဈေးကွက်အတွင်း ဈေးလျော့ကျသွားခြင်းမရှိဘဲ ဈေးအမြင့်ဖြင့်သာ ရောင်းဝယ်နေခဲ့ကြပါသည်။

     ၂၀၂၂ခုနှစ်တွင် ပဲသီးနှံဈေးအားလုံး ဈေးမြင့်တက်လာခဲ့ကြပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲသီးနှံများမှာ ရှေ့ယခင်နှစ်များ၏ဈေးထက် တစ်ဆခန့်ဈေးပိုရလာပြီး ပဲကြီးသီးနှံမှာလည်း ယခင်နှစ်၏ဈေးထက် တစ်ဆခန့်ဆက်လက်မြင့်တက်လာသောကြောင့် တစ်တင်းလျှင် ကျပ် (၆)သောင်းအထက်ရရှိခဲ့၍ ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရရှိသည့်ပဲသီးနှံဖြစ်လာခဲ့ပါသည်။

     ၂၀၂၃ခုနှစ်တွင် ပြည်ပဝယ်လိုအားဖြစ်သောပဲသီးနှံအားလုံးမှာ ဈေးမြင့်တက်လာခဲ့ကြသည့်အတွက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲသီးနှံများမှာ တစ်တင်းလျှင် ကျပ်(၆)သောင်းအထက် ထပ်မံမြင့်တက်လာပြီး ပဲကြီးသီးနှံမှာ တစ်တင်းလျှင် ကျပ်(၈)သောင်းကျော်အထိ ဈေးကောင်းရလာခဲ့ကာ ပဲစိုက်တောင်သူများ အကျိုးအမြတ်ပိုရနိုင်သည့်နှစ်ဟု သိရှိရပါသည်။

      ပဲကြီးသီးနှံသည် မိုးနှောင်းကာလဖြစ်သော ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးလာကြပြီး မြန်မာလအနေဖြင့် တော်သလင်းလကုန်အမီ အပြီးစိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ တော်သလင်းလကျော်မှ စိုက်ပျိုးသည့်ပဲကြီးသီးနှံသည် အောင်မြင်ဖြစ်ထွန်းမှုနည်းပါးပြီး အထွက်နှုန်းမကောင်းဟု တောင်သူများအနေဖြင့် သိရှိထားကြသည့်အတွက် တော်သလင်းအမီစိုက်ပျိုးကြကြောင်း သိရပါသည်။ မိုးစပါးစိုက်ပျိုးသည့်ဒေသများတွင် မိုးစပါးစိုက်ပျိုးစဉ်ကာလ လယ်ကန်သင်းဘောင်များတွင် ပဲကြီးသီးနှံအား စိုက်ပျိုးကြပါသည်။ ပဲကြီးသီးနှံသည် မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းမြေကိုပို၍ ကြိုက်နှစ်သက်ပါသည်။ မိုးစပါးစိုက်ပျိုးမှုမရနိုင်သောဒေသများတွင် ပဲကြီးသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလအတွင်း ပန်းပွင့်ကာ ဇန်နဝါရီလတွင် ပဲကြီးသီးနှံများကို စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ထို့ကြောင့် ဈေးကွက်အတွင်းသို့ ပဲကြီးသီးနှံအသစ်များသည် နှစ်ဆန်းပိုင်းကာလမှစ၍ဝင်ရောက်လာကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ပဲအထွက်လှိုင်ချိန်ဖြစ်၍ ဈေးကွက်သို့လည်း ပဲကြီးသီးနှံများဝင်ရောက်မှုများပြားလာခဲ့ကြောင်း သိရပါသည်။ ပဲကြီးသီးနှံအား ပဲကြော်ဖိုလုပ်ငန်းသမားများက အဓိကထား၍ ဝယ်ယူသိုလှောင်ကြပါသည်။ ပဲကြီးသီးနှံအစိုသည်လည်း ဈေးများအတွင်း ရောင်းချမှုများရှိခဲ့ကာ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိရောင်းချကြောင်း သိရပါသည်။ ပဲကြီးသီးနှံအစိုအား ပဲကြီးနှပ်၊ ပဲကြီးဟင်းချို၊ ပဲကြီးနှင့်ဆူးပုပ်ခတ်၍ ပဲကြီးဟင်းများအား ရာသီစာအဖြစ် မရမ်းသီးထောင်း၊ မရမ်းသီးကြော်များနှင့်တွဲဖက်၍ စားသောက်ကြပါသည်။ ပဲကြီးသီးနှံအခြောက် အား ပဲကြော်၊ ပဲကြီးလှော်၊ ပဲဖူးကြော်၊ နှစ်ပြန်ကြော် စသည်ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများက ထုတ်လုပ်ရောင်းချကြပါသည်။

     ပြည်ခရိုင်အတွင်း ပဲကြီးသီးနှံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ စသည့်ပဲများကဲ့သို့ စိုက်ပျိုးမှုမများဘဲ ဧက(၇)ထောင်ကျော်သာစိုက်ပျိုးမှုရှိခဲ့ပါသည်။ သို့သော်လည်း ပဲကြီးသီးနှံသည် နှစ်စဉ် ဈေးကောင်းရနေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းနှင့် မိုးစပါးအပြီး မတ်ပဲစိုက်ပျိုးသည့် လယ်ကန်သင်းများတွင်လည်း နေရာအလွတ်မပေးဘဲ စိုက်ပျိုးခြင်းဖြင့် မိုးစပါး၊ မတ်ပဲသီးနှံများမှ ဝင်ငွေရရှိသည့်အပြင် ပဲကြီးသီးနှံသည်လည်း ထပ်ဆောင်း၍ အပိုဝင်ငွေရရှိသောသီးနှံတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)