စစ်ကိုင်းမြို့နယ်၏ ဒေသထွက်ကုန် နွားနို့ယိုနှင့် နွားနို့ဆက်စပ် မြန်မာရိုးရာ အစားအစာများ

Powered by Drupal
Mon, 05/08/2023 - 14:09 -- consumer_admin

    စစ်ကိုင်းမြို့နယ်အတွင်း နွား၊ ကြက်၊ နို့စားနွားနှင့် သိုး၊ ဆိတ်များကို အဓိကထား မွေးမြူ ကြပြီး၊ နွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံးရန်တို့အတွက် မွေးမြူကြသော်လည်း ယခုအခါပြည်ပပို့ကုန်(Export) လုပ်ငန်းများ ဆောင်ရွက်လာသဖြင့် ခြံလှောင်စနစ်ဖြင့် မျိုး ကောင်းမျိုးသန့်များ မွေးမြူလာခြင်းကြောင့် နွားဈေးကောင်းရရှိခြင်း၊ ဒေသတွင်း ကောက်ရိုး၊ မြေပဲရိုး၊ ပြောင်းရိုး စသည့်တို့ကို နွားစာအဖြစ် စိုက်ပျိုးသည့် တောင်သူများအတွက် ဝင်ငွေနှင့်အလုပ်အကိုင် အခွင့်အလမ်းရရှိကြောင်း သိရှိရသည်။

    စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ခုနှစ်၊ စာရင်းများအရ စစ်ကိုင်း မြို့နယ်တွင် ‌ဒေသနွားကောင်ရေ တစ်သိန်းတစ်သောင်းကျော်ခန့် မွေးမြူထားပြီး၊ နို့စားနွား ကောင်ရေ နှစ်ထောင်ငါးရာခန့်ရှိကြောင်း သိရှိရပါသည်။ နို့စားနွားများကို စစ်ကိုင်းမြို့နယ် ဆင်တပ်၊ ကုန်းရွာ၊ အောင်သာ၊ ရွာသစ်ကြီး၊ အာလောင်၊ ဝါးချက်စသည့် ကျေးရွာများနှင့် စစ်ကိုင်း မြို့ပေါ်ရှိ ရွာထောင်ရပ်ကွက်နှင့် ဧမြဝတီရပ်ကွက်တို့တွင် တစ်ပိုင်တစ်နိုင် မွေးမြူကြသည်။ နို့စားနွားများမွေးမြူ၍ ရရှိလာသော နွားနို့များကို နို့အဖြစ် ဈေးများနှင့်လက်ဖက်ရည်ဆိုင်များသို့ ရောင်းချ၍လည်းကောင်း၊ နို့ထမင်း၊ ဒိန်ချဉ်၊ နို့ခဲ၊ နို့ပူတင်း၊နို့ ကျောက်ကျော၊ နို့ငှက်ပျောပေါင်း၊ နွားနို့ယိုများ စသည့်မုန့်များပြုလုပ်၍ ဒေသတွင်းနှင့် မန္တလေးဈေးကွက်သို့ ရောင်းချခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရသည်။

ရွာသစ်ကြီး‌ကျေးရွာ နွားနို့ယိုလုပ်ငန်း

   စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် နွားနို့ယိုများကို စက္ကူဘူးစသည့် ထုပ်ပိုးမှုပုံစံ အမျိုးမျိုးဖြင့် ရောင်းချခြင်းလုပ်ငန်းကို  ၁၉၈၉ခုနှစ်က စတင်၍ ဦးဘုန်းကြွယ်က ပုလဲနှင်းဆီ နွားနို့ယိုလုပ်ငန်းအမည်ဖြင့် စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ယခု လုပ်ငန်းရှင်(၂၀)ဦးခန့်ရှိပြီး၊ နွားနို့ယို တစ်ပိဿာပေါက်ဈေး ကျပ်တစ်သောင်းမှ  ကျပ်တစ်သောင်းငါးထောင်ကြား ပေါက်ဈေးရှိကြောင်း၊ နွားနို့ယိုများကို ၁၀ကျပ်သား၊ ၂၀ကျပ်သား အသီးသီး လေလုံအောင် ပလတ်စတစ်အိတ် ထုပ်ပိုးပြီး ရောင်စုံစက္ကူဘူးများဖြင့် ငွေကျပ် ၁ဝဝဝိ/-၊ ၁၅ဝဝိ/-၊ ၂ဝဝဝိ/- ဈေးအသီးသီးဖြင့် စစ်ကိုင်းမြို့ရှိ တန်ခိုးကြီးဘုရားဈေးတန်းများ၌ ရောင်းချခြင်းနှင့် အမှာစာများရှိပါက မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကြောင်း ပုလဲနှင်းဆီ နွားနို့ယိုလုပ်ငန်းရှင်ထံမှ သိရှိရသည်။

ကုန်းရွာနှင့် အောင်သာကျေးရွာ နို့ထမင်းနှင့် နွားနို့ခဲလုပ်ငန်း

          စစ်ကိုင်းမြို့နယ်၊ ကုန်းရွာကျေးရွာ၌ လုပ်ငန်းရှင်(၅၀)ဦးကျော်နှင့် အောင်သာကျေးရွာ၌ လုပ် ငန်းရှင်(၃၀)ဦးကျော်သည် နို့ထမင်း ခေါ် နို့ဆန်ပြုတ်များ ကျိုချက်ပြီး ၂ပြည်/၃ပြည်ဝင် ဒန်အိုးများဖြင့် ထည့်၍လည်းကောင်း၊  နွားနို့ခဲများကို ကြော်၍လည်းကောင်း နေ့စဉ်နံနက် ၅နာရီ အချိန် မန္တလေးမြို့သို့ ဒိုင်နားကား(၃)စီးခန့်ဖြင့် ဖောက်သည်များထံ သွားရောက်ပို့ဆောင် ရောင်းချခြင်းနှင့် စစ်ကိုင်းမြို့တွင်း၌လည်း ဖောက်သည်ပေးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေ ကောင်းလျက်ရှိကြောင်း၊ ရောင်းဈေးနှုန်များမှာ ၅ဝဝိ/-၊ ၈ဝဝိ/-၊ ၁ဝဝဝိ/- ဖြစ်၍ စားသုံးသူများအနေဖြင့်လည်း ဈေးနှုန်းချိုသာပြီး အဟာရပြည့်ဝသော လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်သည့် မြန်မာ့ရိုးရာ အစားအစာ ဖြစ်ကြောင်း လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါသည်။

    နို့ထမင်း၊ ဒိန်ချဉ်၊ နို့ခဲ၊ နို့ပူတင်း၊နို့ ကျောက်ကျော၊ နို့ငှက်ပျောပေါင်း၊ နွားနို့ယိုများ စသည့်မုန့်များပြုလုပ်ရာတွင် ပြုလုပ်ချိန်နှင့် ရောင်းချချိန် နေ့တစ်ဝက်ခန့်သာရှိသဖြင့် အချိန်မကုန် လူမပမ်းဘဲ စီးပွားရေးတွက်ခြေကိုက်သဖြင့် ထုတ်လုပ်ရောင်းချသူ နှစ်စဉ်များပြားဆဲဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)