ထောပတ်သီးအကြောင်း သိကောင်းစရာ

Powered by Drupal
Tue, 05/09/2023 - 10:21 -- consumer_admin

      ထောပတ်သီးကိုအဓိကစိုက်ပျိုးရာဒေသများမှာ မက်ဆီကိုတောင်ပိုင်းဒေသမှ မူလအရင်းတည်ဟုဆိုပြီး ရီယိုဂရန်းမှ ပီရူးအလယ်ပိုင်းသို့ရောက်ရှိကာ ဥရောပသို့ ရောက်ရှိဖြစ်ထွန်းခဲ့သည်။ ထိုမှတစ်ဆင့် အိန္ဒိယအနောက်ပိုင်းရှိ ရာသီဥတုကောင်းမွန်သောပတ်ဝန်းကျင်ရှိ အပူပိုင်းနှင့် နွေသမပိုင်းရှိ ဒေသများသို့ ရောက်ရှိသွားခဲ့သည်။ ထောပတ်သီးကို အင်္ဂလိပ်လို Avocado ဟုခေါ်ဆိုပြီး ထောပတ်သီး၏ပုံသဏ္ဌာန်သည်  ဘဲဥပုံကဲ့သို့ ရှည်မျောမျောနှင့် လုံးဝိုင်းသည့်ပုံစံရှိပြီး အသီး၏အပေါ်အခွံသည် ခပ်ကြမ်းကြမ်းပုံသဏ္ဌာန်ရှိပါသည်။    ထောပတ်သီး၏အပြင်အခွံအရောင်မှာ အညိုရောင် သို့မဟုတ် အစိမ်းရောင်ရှိပြီး အတွင်းသားများသည် အဝါရောင်ဖျော့ဖျော့ သို့မဟုတ် အစိမ်းရောင်နုနုအနှစ်လေးများဖြစ်ပါသည်။ ထောပတ်ပင်မှာ အပင်ကြီးမျိုးဖြစ်ပြီး အသီးများသည် အခိုင်လိုက်သီးတတ်ပါသည်။ အသီးသည် ခပ်ဝိုင်းဝိုင်းအရွယ်အစားများရှိကဲ့သို့ ရှည်မျောမျောပုံစံများလည်းရှိပါသည်။ ထောပတ်သီးအရွယ်အစားမှာ အမျိုးမျိုးရှိနိုင်ပါသည်။ ကိုင်းဖြတ်စိုက်ပျိူးခြင်းကို ၁၈၉၀တွင် စတင်အသုံးပြုလာကြပြီး အသီးသီးကာလကြာရှည်အောင်ပြုလုပ်ရန်အတွက် ကိုင်းဖြတ်စိုက်ပျိုးခြင်းကို အသုံးပြုလာကြသည်။ ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်သောကြောင့် စတင်စိုက်ပြီး အချိန် (၃) နှစ်ကြာမှ စတင်အသီးသီးပါသည်။ ထောပတ်သီးသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ဇန်နဝါရီလလယ်တွင် အသီးကုန်ပါသည်။ ထောပတ်သီးများစတင်သီးသည့်နှစ်တွင် တစ်ဧကလျှင် အလုံး(၂၀၀)ခန့်သီးပြီး၊ ဒုတိယနှစ်တွင် (၇၀၀)ခန့်၊ တတိယနှစ်တွင် အလုံး(၂၀၀၀)အထိ အသီးသီးပါသည်။   ထောပတ်သီးကို ကမ္ဘာတစ်လွှားတွင် နည်းမျိုးစုံနှင့်စားသုံးကြပါသည်။ ထောပတ်သီးတွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်နိုင်ပါသည်။ ထောပတ်သီးကို နို့ဆီ၊ သကြားများနှင့်ရော၍ စားသုံးကြပါသည်။ ထောပတ်သီးတွင် ကယ်လိုရီနှင့် အဆီဓာတ်များကြွယ်ဝစွာပါဝင်ပြီး ထောပတ်သီးတွင် ဗီတာမင် A၊ ဗီတာမင် K၊ ဗီတာမင် C၊  ဗီတာမင်  E၊ သတ္ထုဓာတ်နှင့် သံဓာတ်များလည်းပါဝင်ကြောင်း သိရပါသည်။ ထောပတ်သီးရှိ အဆီဓာတ်အများစုသည် ကျန်းမာရေးအတွက်သင့်လျော်ပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းပေးထားသည့်အတွက် မကြာခဏဗိုက်ဆာခြင်းမဖြစ်စေရန် ပြုလုပ်ပေးနိုင်သောသစ်သီးမျိုးဖြစ်ပါသည်။ ထောပတ်သီးကိုစားသုံးခြင်းမဟုတ်ဘဲ အရေပြားပြင်ပတွင်အသုံးပြုခြင်းဖြင့်လည်း အလှအပရေးရာကိုထောက်ပံ့ပေးနိုင်ပါသည်။ ထောပတ်သီးသည် အတွင်း သားသာ အသုံးဝင်သည်မဟုတ်ဘဲ အစေ့သည်လည်း အသုံးဝင်ပါသည်။ ထောပတ်သီးအစေ့ကို ရေစင်အောင်ဆေး၍နေလှန်းပါက နှစ်ရက်လောက်ကြာလျှင် အပေါ်ယံအခွံကြွတက်လာပါလိမ့်မည်။ ဆက်လက်၍ ထိုအခွံကိုဖယ်ရှားပြီး သံချေးရောင်ထသည်အထိနေလှန်းပြီး အလှအပရေးရာအတွက် အသုံးပြုနိုင်သည်။ ပျမ်းမျှအားဖြင့် သုံးပတ်မျှအခြောက်လှန်းရသည်။ အခြောက်လှန်းထားသောထောပတ်သီးအစေ့ကို ကျောက်ပြင်ပေါ်တွင် သွေးကာ မျက်နှာပေါ်တွင်လိမ်းခြင်းအားဖြင့် ဝက်ခြံကြောင့်ကျန်ခဲ့သော အစက်အပြောက်များပျောက်ကင်းပြီး အသားချောမွေ့စေကာ အရေးအကြောင်းများကို သက်သာစေသည်။ ထောပတ်သီးအစေ့ကို ပျားရည်နှင့် သံလွင်ဆီရော၍သွေးလိမ်းပြီး နာရီဝက်ခန့်ကြာလျှင် မျက်နှာပြန်သစ်ပေးခြင်းဖြင့် မျက်နှာအရေပြားတင်းရင်းစေပြီး တင်းတိပ်များပျောက်ကင်းစေသည်။ လူများကိုအကျိုးမပြုသော သွေးတွင်းရှိ ကိုလက်စထရောပမာဏကိုလည်းကျစေပြီး အကျိုးပြုကိုလက်စထရောပမာဏ ကိုတက်စေသည်။ အကျိုးမပြုသောကိုလက်စထရောပမာဏမြင့်သူများအနေဖြင့် နေ့စဉ်စားသင့်သောအစားအသောက်ဖြစ်သည်။ ထောပတ်သီးပုံမှန်စားသုံးပါက အကျိုးမပြုသောကိုလက်စထရောသည် တစ်ပတ်လျှင် ၂၂ရာခိုင်နှုန်းကျဆင်းနိုင်သည်ဟု ဆေးပညာရှင်များကဆိုကြသည်။ ထို့ကြောင့်ပင် ထောပတ်သီးစားသုံးခြင်းသည် အဝလွန်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးသည်ဟု ယူဆနိုင်သည်။ ထောပတ်သီးသည် ကာဗိုဟိုက် ဒရိတ်ကြွယ်ဝစွာပါဝင်သကဲ့သို့ ကျန်းမာရေးနဲ့ညီညွတ်သောအဆီဓာတ်များစွာလည်းပါဝင်ပါသည်။ ထိုကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုသောထောပတ်သီးသည် ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသည့်အပြင် အလှအပအတွက်လည်း များစွာအထောက်အကူပြုသောကြောင့် ထောပတ်သီးကိုစားသုံးပေးရန်လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကယား)