ပြည်ခရိုင်အတွင်းရှိ ပန်းတောင်း၊ ပေါက်ခေါင်းမြို့တို့မှ ဒေသထွက်ကုန် မြန်မာ့အိုးလုပ်ငန်းအကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal
Wed, 05/10/2023 - 15:46 -- consumer_admin

    မြန်မာနိုင်ငံတွင် အိုးလုပ်ငန်းကို ရှေးနှစ်ပေါင်း(၅၀၀)ခန့်က စတင်လုပ်ကိုင်လာခဲ့ကြပါသည်။ ရှေးယခင်ခေတ်များက အစားအသောက်များ ချက်ပြုတ်စားသောက်ရာတွင် ဝါးဆစ်ဖူး၊ ကျောက်ခွက်များတွင်ထည့်၍ စားသောက်ကြရာ နောက်ပိုင်းတွင် မြေကြီးဖြင့်အိုးကို တီထွင်ဖန်တီးခဲ့ကြပါသည်။ အိုးသည် လူတို့အဖို့ အစားအသောက်များ ချက်ပြုတ်စားသောက်ရာတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ပါသည်။ ယခုမျက်မှောက်ကာလတွင် ဒန်အိုး၊ သတ္တုအိုးများ ပေါများလာသော်လည်း မြန်မာလူမျိုးများသည် မြေအိုးကို လက်မလွှတ်ကြသေးဘဲ ထမင်း၊ ဟင်း ချက်ပြုတ်ခြင်း၊ ရေနွေးအိုးကျိုခြင်းများကို ပြုလုပ်ကြပါသည်။ မြန်မာလူမျိုးများသည် ယခု အချိန်အထိ သုံးစွဲနေသော အိုးအမျိုးအစားမှာ သောက်ရေအိုးဖြစ်ပါသည်။ နှစ်သစ်ကူး သင်္ကြန် အခါကာလတွင် အကြိုပန်းအိုးများ၊ အတာစားအိုးများအဖြစ်လည်းကောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်ရက်များတွင် မြန်မာအမျိုးသမီးများအနေဖြင့် မြေအိုးထဲသို့ ရေများထည့်၍ ဘုရားကျောင်းကန်ရှိ ညောင်ပင်များသို့ သွားရောက်၍ ညောင်ရေသွန်းရာတွင်လည်းကောင်း အသုံးပြုကြခြင်းဖြစ်ပါသည်။ ကျေးလက်တောရွာများတွင် နေဝင်ဆည်းဆာချိန်၌ ရေအိုးများကိုရွက်ပြီး ရေခပ်ကြရာတွင် သုံးသောအိုးများသည်လည်း မြေဖြင့်လုပ်ထားသော အိုးများဖြစ်ပါသည်။ ထိုသို့အသုံးပြုသော မြန်မာအိုးများကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

ဖောင်းကန်ဒေသထွက် မြေအိုးလုပ်ငန်း

      ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကံရပ်ကွက်တွင် မြန်မာ့ရိုးရာ မြေအိုး၊ သဲအိုး လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်သူ (၂၀)ဦးခန့်ရှိပြီး၊ မိသားစု တစ်နိုင်တစ်ပိုင်အဖြစ် ရိုက်ပြီးသား အိုးစိမ်းကိုဝယ်ယူ၍ အိုးဖုတ်သူ (၁၅)ဦးခန့်ရှိပါသည်။ အိုးဖုတ်လုပ်ငန်းကို ဖောင်းကန်ရပ်ကွက် တစ်ခုလုံးနီးပါး လုပ်ကိုင်လျက်ရှိပါသည်။ ဖောင်းကံရပ်ကွက်မှာ ပန်းတောင်းနှင့် ဥသျှစ်ပင်သို့သွားရာ ကားလမ်းမပေါ်တွင် တည်ရှိပါသည်။ အိုးလုပ်ငန်းကို တန်ဆောင်မုန်းလမှစတင်ပြီး တပေါင်းလအထိ အိုးစိမ်းရိုက်၊ အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ကြပါသည်။ အိုးဖုတ်လုပ်ငန်းလုပ်ကိုင်ရာတွင် သဲအိုးလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်ကြပြီး အသုံးပြုသောမြေကြီးကို ငပျက်အင်းမြေမှယူ၍ ပြုလုပ်ကြောင်းသိရပါသည်။

    အိုးဖုတ်သည့် ဖိုတစ်ဖိုတွင် အိုးဖုတ်သူ(၂)ဦးရှိပြီး၊ မိသားစုလုပ်အား(သို့)အပြင်အလုပ်သမား (၃)ယောက်နှင့် အိုးပေး၊ အိုးစီ (၄)ဦး၊ စုစုပေါင်း (၉)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်ပါသည်။ အိုးဖုတ်သည့် ဖိုတစ်ဖိုလျှင် အိုးအလုံးပေါင်း သောင်းပြောင်း(၁၀၀၀၀)အိုးခန့်ရှိပြီး အိုးထုတ်လုပ်ပုံ အဆင့်ဆင့်မှာ မြေကြီး၊ သဲနှင့်ရေရောပြီး အိုးပုံထွင်း၍ တစ်နေလှန်းရပါသည်။ တစ်နေကုန်နေလှန်းပြီးအိုးများအား အလှပုံခတ်ပြီးလျှင် ထပ်မံတစ်နေပြန်လှန်းပြီးနောက် အိုးဖုတ်ကွင်းသို့သယ်၍ မီးအေးအေးဖြင့်ရက်(၂၀)ကြာ မီးဖုတ်ပြီးပါက သုံးစွဲ၍ရသည့် သဲအိုးများ ရရှိပါသည်။ အိုးဖုတ်သည့်ဖိုတစ်ဖိုလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကုန်ကြမ်း၊ အလုပ်သမားခ၊ သယ်ယူပို့ဆောင်ခအပါအဝင် (၃၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ထွက်ရှိလာသောအိုးများကို ရောင်းချရာတွင် အိုးတစ်အိုးလျှင် (၁၅၀) ကျပ်မှ (၁၃၀၀)ကျပ်အထိ ရောင်းချရကြောင်း သိရပါသည်။ ရာသီချိန်ဖြစ်သော သင်္ကြန်ကာလနှင့် ညောင်ရေသွန်းကာလများတွင် ဝယ်လိုအားများလာသောကြောင့် အိုးဈေးများ အနည်းငယ်မြင့် လာပြီး ကျန်အချိန်များတွင် အိုးဈေးမှာပုံမှန်ဈေးများဖြင့် ရောင်းချရကြောင်းသိရပါသည်။ အိုးဈေးကွက်အနေဖြင့် ဖောင်းကံရွာထဲလမ်းဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်ကားလမ်းမကြီးဘေး တစ်ဖက်တစ်ချက်ပေါ်တွင် ဆိုင်များဖွင့်လှစ်၍ရောင်းချကြကာ ခရီးသွားပြည်သူများနှင့် တစ်ဆင့် ပြန်လည်ရောင်းချသူများက ဝယ်ယူကြောင်းသိရပါသည်။ ထို့အပြင် ကြံခင်း၊ မြန်အောင်၊ အောင်လံ၊ ပြည်၊ ရွှေတောင်၊ မင်းတုန်း၊ ကံမ၊ တောင်ကုတ်၊ ပဒါန်းမြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ရောင်းချသော အိုးဈေးနှုန်းများအနေဖြင့် အင်တုံ(အကြီး)တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ အင်တုံ (အလတ်)တစ်လုံးလျှင် (၈၀၀)ကျပ်၊ အင်တုံ(အသေး)တစ်လုံးလျှင် (၅၀၀)ကျပ်၊ သောက်ရေအိုး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ရေခပ်အိုးတစ်အိုးလျှင် (၁၂၀၀)ကျပ်၊ ပန်းအိုးတစ်အိုးလျှင် (ကြီး/လတ်/ သေး) (၁၂၀၀/၁၀၀၀/၈၀၀)ကျပ်၊ စုဘူးတစ်လုံးလျှင် (၅၀၀)ကျပ်၊ သင်္ကြန်အိုးတစ်အိုးလျှင် (၃၀၀)ကျပ်ဖြင့် လက်ကားရောင်းချသောဈေးနှုန်းများဖြစ်ပါသည်။ အသားတင်အကျိုးအမြတ်အနေ ဖြင့် အိုးတစ်ဖိုလျှင် (၁)သိန်းကျပ်ခန့် ရရှိသည်ဟုသိရပါသည်။ ပန်းတောင်းမြို့နယ်ရှိ ဖောင်းကံအိုး လုပ်ငန်းသည် မိရိုးဖလာ အဆက်ဆက်မှ လုပ်ကိုင်သောလုပ်ငန်းဖြစ်သဖြင့် နေ့စဉ် ဝင်ငွေများရရှိ လာနိုင်သည့် လုပ်ငန်းဖြစ်ပါသည်။

ချောင်းကောင်းဒေသထွက်မြေအိုး

       ချောင်းကောင်းရွာသည် ပေါက်ခေါင်းမြို့နယ်တွင် ပါဝင်သော်လည်း ပြည်မြို့နယ်ရှိ ပေါင်းတလည်မြို့နှင့် အလှမ်းမဝေးသော ရွာကလေးဖြစ်ပါသည်။ ထိုရွာတွင် မြေအိုးပေါင်းစုံ လုပ်သည့်အပြင် ကလေးကစားစရာ အိုဖုတ်များလည်း ပြုလုပ်၍ရောင်းချကြပါသည်။ ချောင်းကောင်းအုပ်စု ချောင်းကောင်းကျေးရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူအရေအတွက်မှာ (၇/၈)ခု ရှိပြီး အလုပ်သမား (၂၅-၃၀)ဦးဖြင့် အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ အိုးဖုတ်ရာ ကုန်ကြမ်း ဖြစ်သော မြေစေးကို ဇတ်ငါးရာရွာမှရရှိပြီး၊ အိုးဖုတ်ရန်အတွက် ဖွဲခွံကို မြို့တွင်းရှိ ဆန်စက်များမှ ရယူပါသည်။ နှမ်းရိုးနှင့် ရိုးဖြတ်ကို အနီးအနားရှိ ကျေးရွာများမှ ရရှိသည်ဟု သိရပါသည်။ အိုးတစ်ဖိုလျှင် အိုအလုံးပေါင်းသောင်းပြောင်း (၂၀၀)လုံးခန့် ထွက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် (၈၅၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း သိရပါသည်။ အိုးတစ်ဖိုလျှင် အသားတင်အကျိုးအမြတ်အနေဖြင့် (၁၅၅၀၀၀)ကျပ်ခန့် ရရှိကြောင်းသိရပါသည်။ ချောင်းကောင်းကျေးရွာမှထွက်ရှိသော အိုးများကို ပေါင်းတလည်ဈေး၊ အောင်လံ၊ တီတွဒ်နှင့် ဝက်ထီးကန်ဒေသများသို့ တင်ပို့ရောင်းချပြီး အိုးအကြီး အသေးအလိုက် တစ်အိုးလျှင် (၁၅၀၀-၁၂၀၀-၈၀၀-၇၀၀)ကျပ် အထိ လက်ကားရောင်းချကြောင်း သိရပါသည်။

    ထို့ကြောင့် မြန်မာ့အိုးလုပ်ငန်းအနေဖြင့် ပြည်ခရိုင်တွင် ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်များတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးအနေဖြင့် လုပ်ကိုင်လာခဲ့ရာ မိသားစုဝင်ငွေများ ရရှိလာပါသည်။ နောက်ပိုင်းတွင် မြေဖြင့် ခေတ်မီဆန်းသစ်သော အလှပန်းအိုးများ ၊ လူ့အသုံး အဆောင်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်သို့ ရောင်းတန်းဝင်အောင် လုပ်ဆောင်နိုင်လျှင် ပြည်ပ ဝင်ငွေများလည်း ရရှိလာမည်ဖြစ်၍ အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမို ရရှိလာနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများအဖို့ မိုးစပါးပြီး၍ နားနေချိန်တွင် အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည်ဆိုလျှင်  တစ်နှစ်ပတ်လုံး အလုပ်နှင့် မပြတ်ဘဲ အပိုဝင်ငွေများရရှိနိုင်ကာ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)