လာခဲ့ပါအဆွေ မင်းကွန်းမြေသို့

Powered by Drupal
Mon, 05/22/2023 - 17:16 -- consumer_admin

လာခဲ့ပါအဆွေ မင်းကွန်းမြေသို့

ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ ပုထိုးစသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ညွှန်းသည့် ပြယုဂ်များဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးဟောင်းအမွေအနှစ်များ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်ရာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားသည့် ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာဖြစ်သော မင်းကွန်းသည်လည်း မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်တန်း၏ မြောက်ဖက် မင်းကွန်းတောင်ခြေတွင် တည်ရှိပါသည်။ စစ်ကိုင်းမြို့မှ (၁၃)မိုင်ခန့် ဝေးပြီး၊ မန္တလေးမြို့၏ အနောက်မြောက်(၇)မိုင်ခန့်ဝေးသည်။

မင်းကွန်းတောင်ရိုးရှိ ရှေးဟောင်းအမွေအနှစ်များတွင် ပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီး၊ ရေကန်ကြီးဟူသော ဘိုးတော်ဘုရား၏ ကောင်းမှုတော် ကမ္ဘာကျော်ကြီးလေးကြီးနှင့် မြသိန်းတန်စေတီတော်တို့ ပါဝင်ကြသည်။ ထိုရှေးဟောင်း အမွေအနှစ်များ၏ ခမ်းနားထည်ဝါမှုကြောင့် ကမ္ဘာလှည့်ခရီးသည်တို့သည် မင်းကွန်းတောင်ရိုးသို့ ခြေချင်းလိမ်အောင် လာရောက်လေ့လျက်ရှိရာ မြန်မာနိုင်ငံသားတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာကောင်းလှပေသည်။ မင်းကွန်းမြေသို့ ၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွားများ လာရောက်မှုမှာ ၁သိန်း ၆သောင်းကျော်၊ ၂၀၂၀ခုနှစ် ဇန်နဝါရီလမှ မတ်လထိ ၃သောင်း ၅ထောင်ခန့် လာရောက်ကြပြီး၊ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယခုချိန်ထိ ပြည်ပခရီးသွားများ လာရောက်မှုမရှိသော်လည်း ပြည်တွင်းခရီးသွားများမှာတော့ နှစ်စဉ်သိန်းချီ၍ လာရောက်မှုရှိကြောင်းနှင့် စစ်ကိုင်းမြို့ပေါ်တွင် ဟိုတယ်နှင့်မိုတယ်(၁၀)လုံးရှိကြောင်း စစ်ကိုင်းမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏  စာရင်းများအရ သိရှိရပါသည်။

မင်းကွန်းပုထိုးတော်ကြီး

အံ့ဖွယ်မငြီး မင်းကွန်းပုထိုးတော်ကြီးသည် အဝေးက ဖူးမြော်လျှင်လည်းကောင်း၊ အနီးကပ် ဖူးမြော်လျှင်လည်းကောင်း ထုထည်ကြီးမားနေသည်မှာ အခြားစေတီတော်တို့ထက် ထူးခြားပြီး၊ ထုံး ရောင်၊ ရွှေသင်္ကန်းရောင် မတောက်ဘဲ ရဟန်းတော်တို့ ဝတ်ဆင်သော သင်္ကန်းရောင်တောက်ပနေပါသည်။  ဘိုးတော်ဘုရားသည် ပုထိုးတော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၅၂ခုနှစ်၊ တပို့တွဲလဆန်း (၅)ရက်က စတင်အုတ်မြစ်ချခဲ့ပြီး၊ ကမ္ဘာပေါ်၌ ကြီးကျယ်ခမ်းနားဆုံး စေတီကြီးတစ်ဆူ ဖြစ်အောင် အမြင့်ပေ(၅၀၀)တိတိ မြင့်မားစေရန် ရည်သန်ဆောက်လုပ်ခဲ့သည်။ ဘိုးတော်ဘုရားသည် အမရပူရ ရွှေနန်းတော်မှ မင်းကွန်းသို့ ကြိမ်ဖန်များစွာ ကြွရောက်စံမြန်းတော်မူလျက် အနီးကပ်ကြပ်မတ် ညွှန်ကြားတော်မူခဲ့ရာ (၁၅)နှစ်မှ အနှစ်(၂၀)တိုင်တိုင် ကြာညောင်းခဲ့သည်။ တိုင်းပြည်အရပ်ရပ်မှ လူထုအင်အားဖြင့် တည်ဆောက်ခဲ့ရာ နှစ်ပေါင်းကြာလတ်သော် ပြည်သူလူထုတို့ များစွာပင်ပန်းကြကြောင်း ရာဇာဝင်တို့၌ ဆိုလေသည်။

ပုထိုးတော်ကြီးတည်နေချိန်မှာပင် ဘုရားလည်းပြီး ပြည်ကြီးလည်း ပျက်လတံ့၊ မင်းကွန်း ဘုရားကြီး အပြီးသတ်၊ မုဆိုးသုညကပ် ဟူသော တဘောင်များပေါ်လာခြင်းကြောင့် ပြီးဆုံးအောင် မတည်ခဲ့သဖြင့် ယခုတိုင် တစ်ပိုင်းတစ်စနှင့် ရှိနေသည်။ ပုထိုးတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၀ပြည့်နှစ်( ခရစ်နှစ် ၁၈၃၈ ခုနှစ်)၌ ငလျင်ဒဏ်ကြောင့် လေးဘက်လေးတန်မှ ပြိုကျခဲ့သည်။ ၁၉ရာစုနှစ် မြန်မာဘုရင်၏ ကောင်းမှုတော်ဖြစ်သော ဤစေတီမျိုးကား ဤကမ္ဘာ၌ ရှာမှရှားဟု အာရှဗိသုကာ သမိုင်းစာအုပ်၌ မာဂူဆင်ဆိုသူက ရေးသားထားကြောင်း လေ့လာသိရှိရပါသည်။

မင်းကွန်း ခြင်္သေ့ကြီး

မင်းကွန်းပုထိုးတော်ကြီး၏ အရှေ့ဘက်မြစ်ကမ်းနဖူးတွင် (၉၅)ပေအမြင့်ရှိသော ကေသရာဇာခြင်္သေ့ပုံသဏ္ဍာန် အုတ်ခြင်္သေ့ကြီးနှစ်ကောင်ကို ဘိုးတော်ဘုရားသည် မြန်မာသက္ကရာဇ် ၁၁၅၅ခုနှစ်၊ ပြာသိုလပြည့်ကျော်(၅)ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး အုတ်ပေါင်း ရှစ်သိန်းကုန်ခဲ့ကြောင်း သိရှိရသည်။ ခြင်္သေ့ကြီးနှစ်ကောင်သည် ၄၅နှစ်ပတ်လုံး အကောင်းပကတိ တည်ရှိနေရာမှ မြန်မာသက္ကရာဇ် ၁၂၀၀ပြည့်နှစ် နှောင်းတန်ခူးလဆန်း(၇)ရက်နှင့် (၈)ရက်နေ့တို့၌ ငလျင်ဒဏ်ကြောင့် ရှေ့ပိုင်းကိုယ်များ ပြိုကျမြေခခဲ့ရသည်။ နှစ်ပေါင်းများစွာ ဂုဏ်မြင့်ထည်ဝါ ဝင့်ကြွားခဲ့သော်လည်း ယခုပျက်စီးယိုယွင်းနေပြီဖြစ်သော ခြင်္သေ့ကြီးနှစ်ကောင်က ဘုရားရှင်တော်ဟောကြားတော်မူခဲ့သော ပျက်စီးတတ်သည့် သင်္ခါရသဘောတရားကို လာရောက်လေ့လာသူတိုင်းအား အသံတိတ် တရားပြလျက်ရှိနေပါသည်။

မင်းကွန်း ခေါင်းလောင်းတော်ကြီး

မြန်မာပြည်ရှိ စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း၊ ဇရပ်တို့၌ ခေါင်းလောင်းများကို ချိတ်ဆွဲလှူဒါန်းလေ့ရှိရာ မင်းကွန်းခေါင်းလောင်းတော်ကြီးသည် မြန်မာပြည်၌ အကျော်ကြားဆုံး အကြီးမားဆုံး ဖြစ်သည်။ မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား အမိန့်တော်အရ ပန်းတဉ်းဝန်မဟာ နန္ဒကျော်သူက ကြပ်မတ်၍ မြန်မာ့သက္ကရာဇ်(၁၁၇၀)ပြည့်နှစ် ကဆုန်လဆန်း(၅)ရက်နေ့က သွန်း လုပ်ခဲ့သည်။

ခေါင်းလောင်းတော်ကြီးကို သွန်းလုပ်ရာ၌ ကြေးပိဿာချိန်ပေါင်း(၅၅၅၅၅)ပိဿာဖြင့် သွန်းလုပ်ခဲ့၍ လွယ်ကူစွာမှတ်သားနိုင်စေရန် မင်း-ဖြူ-မှန်-မှန်-ပြော ဟူသော သင်္ကေတတစ်ခု တည်ထွင်ခဲ့သည်။  အလေးချိန်ကို သွန်းလုပ်ပြီးမှ ချိန်တွယ်ခြင်း မဟုတ်ဘဲ ကြေးများကို စာရင်းများဖြင့် မှတ်ယူထားခြင်းဖြစ်ကြောင်း သိရပါသည်။ ပထမဦးဆုံး ခေါင်းလောင်းတော်ကြီးကို အုတ်တံတိုင်းပေါ်၌ သစ်သားယက်မကြီးတပ်၍ ချိတ်ဆွဲလှူဒါန်းခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ပြည့်နှစ် (ခရစ်နှစ် ၁၈၃၈ ခုနှစ်) ၌ ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းတော်ကြီး မြေခခဲ့ရာ ကြေးချိန် (၅)ပိဿာခန့် ပဲ့ထွက်သွားခဲ့သည်။ ခရစ်နှစ် ၁၉၀၄ခုနှစ်တွင် ဧရာဝတီသင်္ဘောကုမ္ပဏီမှ မစ္စတာစီဂျီဂျွန် ဦးဆောင်ပြီး မူလ သစ်သားယက်မ၊ အုတ်တိုင်တို့ကို သံယက်မ၊ သံတိုင်တို့ဖြင့် ပြောင်းလဲတပ်ဆင်ပေးခဲ့ရာ  ယနေ့မြင်နေရသည့် ပုံအတိုင်းပင် ဖြစ်ပေသည်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီးများ

 ကမ္ဘာ့သမိုင်းဝင် ခေါင်းလောင်းတော်ကြီးများအနက် ရုရှားနိုင်ငံ၊ မော်စကိုမြို့ ကရင်မလင်နန်းတော်၏ ဇာကိုလိုကော့အမည်ရှိ ခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ပြီး၊ အလေးချိန် တန်(၂၀၀)ကျော်၊ အမြင့်(၁၉)ပေ၊(၃)လက်မ ရှိသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းတော်ကြီးမှာ မော်စကိုမြို့၌ပင်ရှိ၍ အလေးချိန်(၁၂၈)တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းတော်ကြီးမှာ မင်းကွန်းခေါင်းလောင်းတော်ကြီးဖြစ်ပြီး အလေးချိန်(၉၀.၅၂)တန်၊ အမြင့် (၂၇)ပေ၊ (၈)လက်မ ရှိသည်။ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီးနှစ်ခုမှာ တီးနိုင်၊ ထိုးခေါက်နိုင်ခြင်းမရှိဘဲ မြေစိုက်ခေါင်းလောင်းကြီးများသာ ဖြစ်ကြသည်။  မင်းကွန်းခေါင်းလောင်းတော်ကြီးသည် တီးနိုင်၊ ထိုးခေါက် နိုင်သော ကမ္ဘာပေါ်၌ အကြီးဆုံး ခေါင်းလောင်းတော်ကြီးဖြစ်သည်။

ကြက်ထောင့်ကန်တော်ကြီး

ဘိုးတော်ဘုရားသည် ကြက်ထောင့်စေတီအနီး၌ ယာယီစံမြန်းတော်မူစဉ် မြန်မာသက္ကရာဇ် (၁၁၇၉)ခုနှစ်၊ ပြာသိုလဆန်း(၁၄)ရက်နေ့တွင် ကြက်ထောင့်ကန်တော်ကြီးကို စတင်တူးဖော်ပြီး ကန်ဘောင်ရိုး၊ တံတိုင်း၊ မုခ်တိုင်၊ ကျောက်လှေခါး စသည်တို့ဖြင့် တခမ်းတနားတည်ဆောက်ခဲ့သည်။ အကျယ်(၄၂၀)ပေ၊ အနက်(၃၁)ပေ (၈)လက်မ ရှိသဖြင့် အနက်ဆုံးကန်တော်ကြီးဟု ဆိုရမည်ဖြစ်သည်။ ထူးခြားချက်တစ်ရပ်မှာ မြစ်နှင့် အလှမ်းဝေးနေသော်လည်း မြစ်ရေတိုးလျှင် ကန်ရေ တိုးလာပြီး၊ မြစ်ရေနည်းလျှင် ကန်ရေနည်းလာသော်လည်း ရာသီမပြတ် ရေရှိနေတတ်သည်။  ကြက်ထောင့်ကန်တော်ကြီးကို ဘိုးတော်ဘုရား၏ ကောင်းမှုတော်စာရင်းအမှတ်(၆၇)၌ သမိုင်းဝင်မှတ်တမ်းတင်ထားခြင်း၊ နောက်မင်းအဆက်ဆက် တို့က  အရေးတယူ သွားရောက်ရှု့စားကြခြင်းတို့ ကြောင့် သမိုင်းဝင်ကန်တော်ကြီးအဖြစ် သမိုင်းပညာရှင်တို့က လက်ခံလာကြသည်။

မြသိန်းတန်စေတီတော်

မြသိန်းတန်စေတီတော်ကြီးသည် မင်းကွန်းခေါင်းလောင်းတော်ကြီး၏ မြောက်ဖက် ကိုက် (၅၀၀)ခန့်အကွာတွင်ရှိပြီး၊ ဉာဏ်တော်အမြင့်(၃၂၁)ပေရှိကာ တည်ဆောက်ပုံ ဆန်းကြယ်လျက် မြန်မာပြည်၌ အသပ္ပာယ်ဆုံးနှင့် ဘုရားဖူးလာသူတို့၏ စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်သော စေတီတော်ကြီးတစ်ဆူဖြစ်သည်။

မြသိန်းတန်စေတီတော်ကြီးကို ဘိုးတော်ဘုရား၏ မြေးတော် စစ်ကိုင်းမင်းသားသည် မြန်မာသက္ကရာဇ်(၁၁၆၃)ခုနှစ်၊ တန်ခူးလဆန်း(၁၅)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည်။ မြသိန်းတန်စေတီတော်ကြီးသည် တာဝတိံသာနတ်ပြည်ကို ပုံစံချတည်ဆောက်ခဲ့သဖြင့် ဆန်းကြယ်လှပါသည်။ အခြားစေတီတော်များကဲ့သို့ တံတိုင်းလေးထောင့်မဟုတ်ဘဲ အဝိုင်းလုပ်ထားသည်မှာ စကြဝဠာကို ရည်ရွယ်သည်။ စေတီတော်ကြီး၏အောက်ခြေက တရွေ့ရွေ့မြင့်တက်လာသော ရေလှိုင်း အတွန့်သဏ္ဌာန် ပစ္စယံ(၇)ဆင့်မှာ သီတာ(၇)တန်၊ တောင်ရံ(၇)လုံးကို ရည်ရွယ်သည်။ ထိုပစ္စယံ (၇)ဆင့်မှာ ကျယ်ပြန့်လှသဖြင့် ပရိသတ်များ လှည့်လည်သွားလာနိုင်ပေသည်။

စစ်ကိုင်းမင်းသားသည် အိမ်ရှေ့စံဘဝ၌  ဘိုးတော်ဘုရား၏ အမြတ်နိုးဆုံးမြေးတော် ဆင်ဖြူမယ်နှင့် စုလျားရစ်ပတ်လက်ထပ်ခဲ့ရာ သားတော်စကြာမင်းလေး ဖွားမြင်ပြီး၍ (၇)ရက်လည်ချိန်၌ နတ်ရွာစံခဲ့သဖြင့် အိမ်ရှေ့စံမင်းသားက မင်းသမီးအား လွမ်းဆွတ်တသ သတိရသောအားဖြင့် လွမ်းစေတီသဖွယ် အမှတ်တရ တည်ထားကိုးကွယ်ခြင်းဖြစ်သည်။ ဆင်ဖြူမယ်ဝတ်ဆင်နေကျ တစ်သိန်းတန် မြရတနာကို ဌာပနာထားသောကြောင့် မြသိန်းတန်စေတီတော်ဟုလည်းကောင်း၊ မူလရှိရင်းစွဲ ဆင်းတုတော်ကို အစွဲပြု၍ ရှင်ဖြူဘုရားဟုလည်းကောင်း၊ ဘုရားတကာ၏ ရည်ရွယ်ချက်ကို အစွဲပြု၍ ဆင်ဖြူမယ်ဘုရားဟုလည်းကောင်း အမည်(၃)ပါးဖြင့် ခေါ်ဝေါ်နေကြသည်။မြသိန်းတန်စေတီတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၀ပြည့်နှစ် ( ခရစ်နှစ် ၁၈၃၈ ခုနှစ်)၌ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရာ (၁၈၇၄)ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးက ထပ်မံပြုပြင်ခဲ့သဖြင့် ယနေ့တိုင် သပ်ရပ်ဖြူဖွေး ဖူးမြင်သူအပေါင်းတို့၏ စိတ်နှလုံးကိုကြည်နူးအေးမြစေပါသည်။

ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်ထူးကြီးနှင့် မင်းကွန်းတိပိဋကဓရ ဗိမာန်တော်

မြန်မာနိုင်ငံ၌ ပထမဦးဆုံး ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်တော်မူသည့် ဆရာတော်ဘုရားကြီး မှာ မင်းကွန်းတောင်ရိုး ဓမ္မနာဒကျောင်းတိုက်နှင့် တိပိဋကနိကာယကျောင်းတိုက်ကြီးများ၏ မဟာနာယက ကျေးဇူးတော်ရှင်မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး  ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဖြစ်ပါသည်။ မင်းကွန်း ပိဋကဓရ ဆရာတော်ကြီးက ပိဋကတ်သုံးပုံပါဠိတော် အုပ်ရေ(၂၀)၊ စာမျက်နှာပေါင်း (၈၀၂၇)မျက်နှာကို အထောက်အမကင်းစွာ အာဂုံပြန်ဆိုတော်မူ၍ ဝိသိဌတိပိဋကဓရ ဘွဲ့ တော်ကို ရရှိရုံသာမက ယင်းပါဠိတော်များနှင့်အတူ ပိဋကတ်သုံးပုံ အဌကတာ၊ ဋီကာစာအုပ်ပေါင်း (၂၄)အုပ်၊ စာမျက်နှာပေါင်း(၉၉၃၄)မျက်နှာတို့ကိုလည်း ဂုဏ်ထူးမှတ်များဖြင့် ဖြေဆိုအောင်မြင် တော်မူ၍ မဟာတိပိဋက ကောဝိဒ ဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်တို့ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးရရှိတော်မူခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီးနှင့် ခေါင်းလောင်းတော်ကြီးအကြားတွင် မြန်မာ့အနုပညာလက်ရာတို့ဖြင့် ခြယ်မှုန်းထားသော မင်းကွန်း တိပိဋကဓရ ဗိမာန်တော်ကြီးကို ဖူးမြော်ရမည်ဖြစ်သည်။ ဤဗိမာန်တော်ကို နိုင်ငံတော်အစိုးရဦးဆောင်ပြီး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ဆရာတော်ဘုရားကြီးကို မင်းကွန်းဒေသ သမိုင်းဝင်“ကြီး” တစ်ပါးအဖြစ် မော်ကွန်းထိုးလိုခြင်း၊ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်တို့ကို သမိုင်းချီ၍ ပူဇော်လိုခြင်းတို့ကြောင့် တည်ဆောက်ခဲ့ပြီး ဆရာတော်ဘုရား၏ မွေးရက်ဖြစ်သော (၁၃၅၆)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

နိဂုံး

ခရီးသွားလုပ်ငန်းကို မီးခိုမထွက်သောလုပ်ငန်းဟု တင်စားလေ့ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များတည်ရှိသည့် စစ်ကိုင်း-မင်းကွန်းဒေသသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်တွင်းဘုရားဖူးများ လာရောက်လည်ပတ်သဖြင့် ဒေသထွက်ကုန် အစားအစာများ၊ အမှတ်တရ ပစ္စည်းများ၊ ရှုမျှော်ခင်းပန်းချီကားများ ‌‌ရောင်းချခြင်းဖြင့်  ဒေသခံပြည်သူတို့ အလုပ်အကိုင်အခွင့် အလမ်းနှင့် ဝင်ငွေများရရှိနေကြသည်။ သို့ပါ၍ စစ်ကိုင်း-မင်းကွန်း ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များရှိသည့်ဒေသသို့ ဧရာဝတီမြစ်ကမ်းဘေး အသစ်ဖောက်လုပ်ထားသော ကားလမ်းသစ်မှ လာရောက်ရင်း ဧရာဝတီမြစ်ကမ်း၏ လှပပုံရှုခင်းများ၊ ကျေးလက်တောရွာများ၏ သဘာဝအလှ များ၊ ကားလမ်းပေါ်ရှိ ခိုတောင်ကျေးရွာမှ ရောင်းချနေသော ခိုတောင်မုန့်တီသုတ်ကို စားသောက်ရင်း၊ မင်းကွန်းဒေသရှိ ကမ္ဘာ့ကျော်ကြီးလေးကြီးသာမက အထင်ကရ သမိုင်းဝင် အခြားအဆောက်အဦများလည်း များစွာရှိ၍ လာရောက်လည်ပတ်နိုင်ရန် ရေးသားတင်ပြ ဖိတ်ခေါ်လိုက် ရပါသည်။

ကိုးကားစာအုပ်  -  အရှင်စန္ဒဇောတိ(ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံဆောင်) ရေးသားသော     မင်းကွန်းမြေမှ ကမ္ဘာကျော် ကြီးငါးကြီး

DOCA (စစ်ကိုင်း)