သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဂျုံခေါက်ဆွဲလုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၃.၄.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ နှင်းဆီအမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် နှင်းဆီတံဆိပ်ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး   ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ အလုပ်ရုံအတွင်း သန့်ရှင်းရေးများပုံမှန်ပြုလုပ်ရန်၊ ကုန်ကြမ်းများကို စနစ်တကျသိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတိုက်တန်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလ(၂)ရက်နေ့၊ နံနက် (၀၈း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတိုက်တန်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ်သော်တာလမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒု-ဦးစီးမှူး ဦးမင်းကျော့မောင်၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာ လူသုံးကုန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များရှိ ရောင်းချနေသောကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လိုက်နာရမည့်အချက်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းမပြုရန်ပြောကြားခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

မြိတ်မြို့ရှိ အုန်းပျိုဆီထုတ်လုပ်သောစက်ရုံသို့ ကုန်ကြမ်းပစ္စည်းပြတ်လတ်မှုရှိ/မရှိ ကွင်းဆင်းစုံစမ်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် မြိတ်မြို့၊ ရေပုန်းရပ်ရှိ အုန်းပျိုဆီထုတ်လုပ်သောစက်ရုံသို့ သွားရောက်၍ လုပ်ငန်းနှင့် စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ သွားရောက်စုံစမ်းခဲ့ကြပါသည်။

      အဆိုပါ ကွင်းဆင်းစုံစမ်းချက်အရ အုန်းပျိုဆီထုတ်လုပ်သော လုပ်ငန်းသည် သဘာဝဖြစ်သော အုန်းသီးများမှ ရရှိပြီး ၎င်းလုပ်ငန်းအတွက် သုံးစွဲရသောအပိုပစ္စည်းများသည် တရုတ်နိုင်ငံမှ ဝယ်ယူရရှိသည့်အတွက် ကုန်ကြမ်းပစ္စည်းများအနေနှင့် ပြတ်လပ်မှုမရှိသေးကြောင်း သိရှိရပြီး ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး ပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ  ဖြန့် ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

 

စားသုံးသူအခွင့်အရေးသိရှိစေဖို့ ဟောပြောဆွေးနွေး အသိပညာပေးကြစို့

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၂-၄-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် အလုပ်သမားများအား စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံက  စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက်၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာဝယ်ယူစားသောက်အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း၊ Facebook Page ဖြစ်သော DOCA Myanmar Page တွင်လည်းကောင်း၊  မိမိတို့ဌာန၏ Website ဖြစ်သည့် www. doca. gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များစုံစမ်းမေးမြန်းရန်အတွက် Call Center No. (1535) အား ရုံးချိန်အတွင်း ဖွင့်လှစ်ထားရှိကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် စားအုန်းဆီ၏ ကျန်းမာရေးအကျိုးပြုပုံများအကြောင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဝန်ထမ်းများနှင့် အလုပ်သမားများစုစုပေါင်း (၁၈)ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉) ညွန်ကြားချက်ပါ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)       

 

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တင်ပို့ရောင်းချသည့်စားအုန်းဆီများ‌ ရောက်ရှိ

    ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်‌နေ့၊ နေ့လယ် (၁၅:၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊   ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ ယာဉ်မောင်း ဦးမျိုးမင်းဇော် ၊  ယာဉ်အမှတ်  5B /47802 ၊ Nissan DieseI မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ၁ပေပါလျှင် ပိဿာ (၁၁၀)  ပါသည့် စားအုန်းဆီ ၉၃ပေပါ သည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားအုန်းဆီ ၉၃ ပေပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် ဆီဆိုင် (၁၄) ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

MSMEs စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကျင်းပ

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  ဇီးကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးခန်းမ၌ (၂၆-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်၌ MSMEs လုပ်ငန်းများတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်မှုလွယ်ကူအဆင်ပြေစေနိုင်ရေး လိုအပ်သည်များ ထောက်ပံ့ကူညီဆောင်ရွက်နိုင်ရေးတို့အတွက် MSMEs စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်(၂၃)ဦးတက်ရောက်ခဲ့ကြပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးသက်အောင်က MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းတိုးချဲ့နိုင်မှုနှင့် ဈေးကွက်အရည်အသွေးစွန့်ဦးတီထွင်လိုမှုတို့နှင့်  အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းအသီးသီးတို့မှ ဒေသတွင်းထုတ်လုပ်မှုမှသည် ဈေးကွက်ဝင် ပြည်ပအထိ ထိုးဖောက်နေရာယူနိုင်ရေးနှင့် တိုးချဲ့နိုင်စေရေး တိုက်တွန်းအကြံပြု၍  နိုင်ငံတဝန်း စိုက်ပျိုးရေး၊ မွေးမြူရေးအပြင် အခန်းကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်ဖြစ်၍ လုပ်ငန်းများလုပ်ကိုင်ရာတွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် အထောက်အထားများရရှိရန်၊ အခက်အခဲကိစ္စများအားလည်း လွယ်ကူစွာရဖြေရှင်းနိုင်ရေး အဓိကကျသည့် ငွေကြေးရင်းနှီးမှုခိုင်လုံသည့် လုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသောက်ကုန်လုပ်ငန်းရှင်များအား မိမိတို့ထုတ်ကုန်များအလိုက် ထုတ်ကုန်လုံခြုံစိတ်ချရမှုသတင်းအချက်အလက်၊ ကုန်ညွှန်းအမှတ်အသားများပြည့်စုံပြီး အရည်အသွေးပြည့်မီသည့် ပါကင်ထုပ်ပိုးမှုစနစ်များဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာတွင် ဈေးကွက်ရောက်ရှိမည့်အခြေအနေ၊ အခြားတိုင်း၊ ခရိုင်မြို့နယ်များမှ ထုတ်ကုန်များ၏ နမူနာနည်းပညာများကိုဆွေးနွေးပေးခဲ့ပြီး လုပ်ငန်းရှင်၏ ထုတ်ကုန်များထုတ်လုပ်ရာတွင် အခြားသက်ဆိုင်ရာဌာနများ၏ ကူညီမှုများလိုအပ်ပါက ချိတ်ဆက်ကူညီပေးမည်ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှုနှင့် အခက်အခဲလိုအပ်ချက်များ၊ လုပ်ငန်းတိုးချဲ့လိုမှုတို့အား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်း သွားရောက်စစ်ဆေး

     ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးရေးမှူး ဦးလှစိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့်   အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ပါဝင်သော အဖွဲ့များသည် ၃.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် (ယုဇန) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV, လစန္ဒာ  ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကျောက်မှုန့်၊ မြေဆွေး၊  စားသောက်ကုန်များကို စစ်ဆေးတွေ့ ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါ ကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ ကော့သောင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ ကော့မှူးမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဒေဝက မကြာမီ သင်္ကြန်ပွဲ စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ရန် လယ်ယာမြေအခြားနည်း အသုံးပြုမှုများရှိပါက တားမြစ်ဆောင်ရွက်သွားရန်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြရန်၊ မျိုးစေ့ချကိရိယာ (Seeder)များအသုံးပြု၍ သီးထပ်သီးနှံများစိုက်ပျိုးရရှိပါက ရရှိ လာမည့်အကျိုးကျေးဇူးများအား တောင်သူများသိရှိအောင် ရှင်းလင်းပြောကြားရန် ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးသတိပြုဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရပြီး ဆက်လက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသန့်ဇင်က ကျေးရွာလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေးအထူးဂရုပြရန်၊ မိမိတို့၏ ကျေးရွာများအတွင်း ဧည့်စိမ်း၊ လူစိမ်းများရောက်ရှိလာပါက သတင်းပို့တင်ပြသွားရန်၊ မိမိတို့၏ ကျေးရွာ/ရပ်ကွက်အတွင်း ရေကင်း၊ မီးကင်းလုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ လုံခြုံရေးပေါ့ဆမှု မဖြစ်ပွားစေရေး အထူးဂရုပြုဆောင်ရွက်သွားရန်၊ ဧည့်စာရင်းစစ်ဆေးရာတွင် ပြည်သူ့လုံခြုံရေး အဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြောင်းအရာများအား မိမိတို့အနေဖြင့် အသေးစိတ်သိရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပြီး အခြားသူများကိုလည်း ကျိုးကြောင်းခိုင်လုံစွာရှင်းပြနိုင်ရန်တို့ကို ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိရှိလိုသည့်အချက်များကို မေးမြန်ရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌ နွေစပါးစတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့် အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဆောင်းသီးနှံ သီးထပ်သီးညှပ် နွေးစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့ နိုင်မည့် အခြေအနေအား မတ်လ (၃၀)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ဒလ-ကွမ်းခြံကုန်း ကားလမ်းမကြီး၊ ဒေးဒရဲကားလမ်းမကြီးနှင့် ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်းကားလမ်းမကြီး ဘေးဝဲယာရှိ ကျေးရွာ များမှ နွေစပါးစိုက်တောင်သူများ စပါးစတင် ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

    ထိုသို့ ဆောင်းသီးနှံနွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် နွေစပါးစိုက်ပျိုးရာ ကျေးရွာ၊ အုပ်စု၊ တိုက်နယ်များဖြစ်သော အင်္ဂလုံ၊ ကျေးရွာအုပ်စု၊ ဒေးဒနော ကျေးရွာ၊ တောင်ခရမ်းကျေးရွာ အုပ်စုမှ တော်ကူးလေး၊ တော်ခရမ်းလေးကျေးရွာများတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသော လယ်မြေ များ၊ မိရိုးဖလာမျိုးစပါးကြဲပတ်၊ ပျိုးထောင်ပြီးစိုက်ပျိုးထားသော လယ်ယာမြေများတွင် စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်မှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်၏ ဆောင်းသီးနှံ သီးထပ်သီးညှပ် ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးလျာထား စိုက်ဧက (၁၈၆၄၂)ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် (၂၁၃၀၅)ဧက ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုး ပြီးစီးခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိခဲ့ရပြီး ယခုနှစ်ဧပြီ လဆန်း ပိုင်းမှ စတင်၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နိုင်တော့မည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်တွင် ဘိလပ်မြေဈေးနှုန်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဘိလပ်မြေအမျိုးအစားအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန် ရည်ရွယ်၍ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်အမာဆိုင်ကြီးများသို့ မတ်လ(၃၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော အမှတ် (၇၂)၊ ရတနာပုံ (၁)လမ်း၊ ဈေးပိုင်ရပ်ကွက်ရှိ ဒေါ်ခင်မာဝေဆိုင်၊ အမှတ်(၅၉)၊ ဗဟိုဈေးလမ်း၊ ဈေးပိုင်ရပ်ကွက်ရှိ ဦးရဲမြင့်+ဒေါ်စန်းရီဆိုင်နှင့် အမှတ်(၂၇၈၂)၊ စိတ္တသုခလမ်း၊ တောင်ဘက်ပိုင်ရပ်ကွက်၊ ဒေါ်အေးကြည် ကုန်အမာဆိုင်ကြီးများတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော Alpha ဘိလပ်မြေ၊ ကြံနှစ်ကောင် ဘိလပ်မြေ၊ Apache ဘိလပ်မြေအမျိုးအစားများကိုသာ လှိုင်လှိုင်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း တွေ့ရှိခဲ့ရပြီး (ဘားအံ)မြိုင်ကလေးထုတ် နာရီအမှတ်တံဆိပ်ဘိလပ်မြေအမျိုးအစားများအား ဝယ်ယူဖြန့်ဖြူးရောင်းချများ မတွေ့ရှိရဘဲ ဆက်လက်၍တာဝန်ရှိသူများက လုပ်ငန်းရှင်များအား ယခုရောင်းချပေးလျက်ရှိသော ဘိလပ်မြေအမျိုးအစားများ ပစ္စည်းပြတ်လပ်နိုင်မှု ရှိ/မရှိ မေးမြန်း ခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ်အနေဖြင့် ဒေသဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများအတွက် ဘိလပ်မြေ ပြတ်လပ်မှုမရှိနိုင်ပါကြောင်း ဖြေကြားခဲ့သဖြင့် ဘိလပ်မြေလက်ကျန်အိတ်များအား စစ်ဆေးရေတွက် ခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ