သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

DENKO စက်သုံးဆီအရောင်းဆိုင်မှ စက်သုံးဆီများ အထူးဈေးနှုန်းဖြင့်ရောင်းချပေး

             ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြွန်တန်ဆာမြို့ DENKO စက်သုံးဆီ အရောင်းဆိုင်မှ အများပြည်သူများ ကုန်စည်ကူးသန်းရောင်းဝယ်မှု အဆင်‌ပြေချောမွေ့စေရန်အတွက် ပရီမီယံ ဒီဇယ်နှင့် ရိုးရိုးဒီဇယ်ဆီတို့အား (၈ . ၂ . ၂၀၂၂ ) ရက်နေ့မှ စတင်၍ ( ၁၂ ) ရက်ခန့်မျှ အထူးဈေးနှုန်း ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသဖြင့် ညောင်လေးပင်မြို့နယ် စားသုံးသူရေးရာ မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည်  DENKO စက်သုံးဆီ အရောင်းဆိုင်မှ မန်နေဂျာ ဦးစိုးမင်းဌေးနှင့် သွားရောက်တွေ့ဆုံ၍  စက်သုံးဆီရောင်းချမှု အခြေအနေအားမေးမြန်းခဲ့ပါသည်။

             ထိုသို့စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် မြို့နယ်တာဝန်ခံနှင့် DENKO စက်သုံးဆီ အရောင်းမန်နေဂျာ ဦးစိုးမင်းဌေးတို့ တွေ့ဆုံမေးမြန်းရာတွင် လက်ရှိရောင်းချလျက်ရှိသော ပရီမီယံဒီဇယ် (၁) လီတာ ၁၇၆၅ ကျပ်ကို ၁၅၈၀ ကျပ်ဖြင့်လည်းကောင်း၊ ရိုးရိုးဒီဇယ် ( ၁ ) လီတာ ၁၇၄၅ ကျပ်ကို ၁၅၇၂  ကျပ်ဖြင့်ရောင်းချပေးလှျက်ရှိပြီး ဝယ်ယူသူများအနေဖြင့်  ကဒ်ဖြင့်ဝယ်ယူမည်ဆိုပါက  ဂါလံ ( ၁၅၀ ) ရောင်းချပေးပြီး၊ ဟိုင်းဝေးကားသမားများအား ကားကြီးတစ်စီးလျှင် ဂါလံ(၅၀) သာ အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မြိတ်မြို့ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

          တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အပါအဝင်၊ သက်ဆိုင်ရာခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းတို့ထုတ်လုပ်သော ကုန်စည်များ၌  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံစွာပါရှိခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး သောက်ရေသန့်လုပ်ငန်းရှင်များအား မိမိတို့၏ ကုန်အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ အတည်ပြုလျှောက်ထားနိုင်ပါကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ မက်စ် အားအမြဲတစေတပ်ဆင်၍ အလုပ်လုပ်ရန်နှင့် ထုတ်ကုန်များထုတ်လုပ်ရာ၌ လိုအပ်သောအချက်များပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

“ရမည်းသင်းမြို့နယ် အထူးစျေးနှုန်းဖြင့်ရောင်းချလျှက်ရှိသော စက်သုံးဆီ ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း’’

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ (ရန်ကုန်-မန္တလေး) ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဦးစီးအရာရှိ၊ဦးသန်းစိုးနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စည်ပင်သာယာရေးဝန်ထမ်းနှင့်အတူ Asia Energy စက်သုံးဆီအရောင်းဆိုင်နှင့် PT Power စက်သုံးဆီအရောင်းဆိုင်များသို့ (၁၄ .၂.၂၀၂၂) ရက်နေ့ (၁၀ ) နာရီအချိန်တွင် သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ)များ အပေါ်သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မိမိတို့ရောင်းချသော ကုန်စည်တို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေးပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် (၂၀) လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြရေးအတွက် အသိပညာပေးဆွေးနွေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံရုံးအုပ်ဦးဇော်နေလင်းနှင့်အဖွဲ့သည်  တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်  စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် (၁၁.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာရှိ ''စိန်''ကြက်သွန်ကြော်လုပ်ငန်းသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)တို့နှင့်အညီ ပြည့်စုံစွာထည့်သွင်းရမည့်အပြင် ကြက်သွန်ကြော်သည် အရန်သင့်အစားအစာအမျိုးအစားတွင် ပါဝင်သည့်အတွက် ကုန်ပစ္စည်းအမျိုးအမည်၊ အသားတင်ပမာဏ၊ အလေးချိန်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည့်စုံမှန်ကန်စွာ ထည့်သွင်းပြီးပါက ကုန်အမှတ်တံဆိပ် စိစစ်အတည်ပြုပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ကြောင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးသို့ အဆင့်ဆင့်တင်ပြပြီး ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရောင်းချဖြန့်ဖြူးရာတွင် ကုန်အမှတ်တံဆိပ်သည် ထုတ်ပိုးပစ္စည်းပေါ်တွင် ပါရှိရမည့် အဓိကအချက်ဖြစ်ကြောင်း၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိပါက ကုန်အမှတ်တံဆိပ်ကိုမြင်ယုံနှင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိကြောင်းသိရှိပြီး ပြည်တွင်းကြက်သွန်ကြော်လုပ်ငန်း ဈေးကွက်၌လည်း ဆိပ်ဖြူ "စိန်" ကြက်သွန်ကြော်ဆိုလျှင် နေရာအနှံ့ စားသုံးသူတိုင်းသိရှိ၍ လူတိုင်းဝယ်ယူစားသုံးကြမည်ဖြစ်ကြောင်း၊        ရောင်းချဖြန့်ဖြူးရာတွင်လည်း မိမိတို့ အများဆုံး ဖြန့်ဝေလျက်ရှိသော ဆိပ်ဖြူမြို့နယ်ဒေသတွင်းနှင့်နီးစပ်ရာမြို့များ၊ အဓိကတင်ပို့လျက်ရှိသော ရန်ကုန်(ဘုရင့်နောင်)ပွဲရုံအပြင် မြန်မာပြည်တွင်းဒေသအနှံ့အပြားသာမက မိမိဒေသထွက် ကြက်သွန်နီ(ကုန်ကြမ်း)မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်သော "စိန်" ကြက်သွန်ကြော်လုပ်ငန်းသည် ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိ ဈေးကွက်ထိုးဖောက် ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဒု-ဦးစီးမှူး ဒေါ်တင်မာရီမှ စီးပွားရေးလုပ်ငန်းရှင်အား လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့်ပတ်သက်၍  စီးပွားရေးလုပ်ငန်းရှင်အား မိမိထုတ်လုပ်ရောင်းချသော ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်ကိုသာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍  ကုန်စည်ပေါ်တွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင် သိရှိလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်မည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များပါရှိသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

        ယခုကဲ့သို့ ကြက်သွန်နီကို တန်ဘိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ပြည်တွင်း၌သာမက ဒေသတွင်း၊ ပြည်ပနိုင်ငံများအထိပါ ဈေးကွက်ပိုမိုထိုးဖောက်လာနိုင်မည်ဖြစ်ပြီး ဒေသတွင်းပြည်သူများသို့ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကာ တိုင်းပြည်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းမှ အထောက်အကူပြုနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ရခိုင်ပြည်နယ်၊သံတွဲခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅-၂-၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သံတွဲမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သံတွဲမြို့နယ် ဒွါရာဝတီဈေးသို့သွားရောက်၍ ဈေးကွက် အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်များ၊ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပါဒ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထား သော အရည်အသွေးပြည့်မိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ ရောင်းချသည့် ဈေးဆိုင် လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဉပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန် ရည်ရွယ်၍ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိဘဲ တရုတ်ဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်အချို့အား တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ  ဦးမျိုးမြင့်ထွန်း ဒု-ဦးစီးမှူးမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ ပုဒ်မ(၄၁)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားအသိပညာပေးခြင်း၊ သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာရဲမင်းသိန်းမှလည်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉပဒေနှင့် ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် အသိပညာပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ရခိုင်)

မော်တော်ယာဉ်ပြင်ဆင်ခြင်းဝန်ဆောင်မှုကို ရှောင်ရှားနိုင်စေရန် ဂရုပြုသင့်သည့်အချက်များမော်တော်ယာဉ်ပြင်ဆင်ခြင်းဝန်ဆောင်မှုကို ရှောင်ရှားနိုင်စေရန် ဂရုပြုသင့်သည့်အချက်များ

            မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် ကားဝပ်ရှော့လုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား တစ်ခုဖြစ်ပါသည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းသည် စားသုံးသူအခွင့်အရေး တစ်ချက်ဖြစ်ပါသည်။ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရေး အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုများကို လက်ခံညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် ဥပဒေအရအရေးယူခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါသည်။

           နိုင်ငံတကာတွင် စားသုံးသူကာကွယ်ရေးအလေ့အထများ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်ကြားမှုအလေ့အထမရှိကြသေးသည်များတွေ့ရပါသည်။ နိုင်ငံတကာတွင် ဖြစ်ပွားလေ့ရှိသော မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် တိုင်ကြားမှုများ ဖြစ်ပေါ်ခြင်းအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ဗဟုသုတအဖြစ် စုစည်းတင်ပြလိုပါသည်။

မော်တော်ယာဉ်ပြင်ဆင်ခြင်းနှင့်ပတ်သက်သည့် တိုင်ကြားမှုများ

          မော်တော်ယာဉ်ပြင်ဆင်စရိတ်ကို ခန့်မှန်းထားသည်ထက် များစွာ ပိုမိုတောင်းခံသည်ဟုဆိုကာ တိုင်ကြားခြင်း၊ ခရီးထွက်စရာရှိ၍ မော်တော်ယာဉ်တွင် အားနည်းချက်ရှိမရှိ ကားဝပ်ရှော့တစ်ခုတွင် စစ်ဆေးပြီးနောက် ခရီးထွက်ရာတွင် ဘရိတ်ချွတ်ယွင်းမှုဖြစ်ပေါ်လာခဲ့ရာ ယခုမှဖြစ်ခြင်းမဟုတ်ဘဲ မူလစစ်ဆေးခဲ့သည့်အချိန်ကတည်းက သိရှိရမည့်အခြေအနေဖြစ်သဖြင့် စစ်ဆေးခဲ့သည့် ကားဝပ်ရှော့ ကိုတိုင်ကြားခြင်း၊ ကားဝပ်ရှော့အသစ်တစ်ခုကိုပြကြည့်တော့မှ ယခင်ပြုပြင်ခဲ့သည့် ကားဝပ်ရှော့၏ အားနည်းချက်ကြောင့် စက်ပစ္စည်းအသစ်လဲလှယ်ရသည်အထိ မကုန်သင့်ဘဲ ကုန်ကျရသည့်အတွက် တိုင်ကြားခြင်း၊ ဤကားဝပ်ရှော့တွင်လာရောက်ပြုပြင်ပါက ၂၀ ရာခိုင်နှုန်းလျော့ဈေးပေးမည်ဟု ကြော်ငြာ ထားသဖြင့် ကားဘော်ဒီသွားရောက်ပြုပြင်ရာ ၂၀ % လျော့ဈေးသည် ယာဉ်ဘော်ဒီအတွက်မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာအတွက်သာဖြစ်သည်ဟု ငွေပေးချေချိန်ကျမှ လျော့မပေးဘဲ အသိပေးခံရခြင်းမျိုး ဖြစ်သဖြင့် စိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားခြင်း စသည်တို့လေ့လာရပါသည်။

မော်တော်ယာဉ်ပြင်ဆင်ရန် လိုအပ်ပါက ကြိုတင်သိရှိလေ့လာသင့်သည့်အချက်များ

         မော်တော်ယာဉ်ကို အကြီးစားပြင်ဆင်ရန်လိုအပ်လာပါက လုပ်ငန်းအပ်နှံခြင်းမပြုမီ ယုံကြည် စိတ်ချရသည့် ကားဝပ်ရှော့ကို ရှာဖွေသင့်ရာ အသေးစားပြုပြင်မှုများကို ဆိုင်အမျိုးမျိုးတွင် စမ်းသပ်အပ်နှံ ကြည့်၍ ရလဒ်ကို စိတ်ကျေနပ်သည့် ဆိုင်မတွေ့မချင်းရှာဖွေသင့်ပါသည်။ ကားဝပ်ရှော့သို့ ဖြစ်နိုင်ပါက ကားအကြောင်း နားလည်သူကိုခေါ်သွားသင့်ပါသည်။ မိတ်ဆွေများယုံယုံကြည်ကြည်သွားရောက် ပြုပြင် လေ့ရှိသောဆိုင်ကို မေးမြန်းစုံစမ်းခြင်း၊ သက်ဆိုင်သည့်အသိအမှတ်ပြု လက်မှတ်ရ စက်ပြင်ဆရာ၊ လုပ်ငန်းလိုင်စင်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းလိုက်နာသည့် ဝပ်ရှော့ဟုတ်မဟုတ် လေ့လာခြင်း၊ အွန်လိုင်းထောက်ခံချက်များမှ အကူအညီရရှိနိုင်သော်လည်း ခိုင်မာသော အရင်းအမြစ်များကဟုတ်မှသာ ယုံကြည်သင့်ပါသည်။

         ကားဝပ်ရှော့သို့ရောက်ရှိပါက ပိုင်ရှင်၊ မန်နေဂျာ၊ ဝပ်ရှော့ဆရာ၊ တာဝန်ရှိသူကို မိမိမော်တော်ယာဉ် ဖြစ်စဉ်နှင့် ဖြစ်လိုသည်ကိုပြောပြအလုပ်အပ်၍ သဘောတူညီမှုရယူရပါမည်။ ဝပ်ရှော့ ဆရာက ကားအခြေအနေကို စစ်ဆေးပြီး ခန့်မှန်းကုန်ကျငွေတွက်ချက်ရန်မှာ အဆောက်အဦ အသစ် ဆောက်လုပ်ရန်ခန့်မှန်းတွက်ချက်မှုကဲ့သို့ သေချာပေါက်တွက်ချက်မရနိုင်ကြောင်း၊ သမားတော်က ရောဂါရှာသလို ကား၏ရောဂါကို ရှာဖွေရသည့် ပညာရပ်ဖြစ်ကြောင်း နားလည်ပေးပြီး ကိုယ်သုံးနိုင်မည့် ငွေကြေးပမာဏအကန့်အသတ်ရှိပါက ကြိုတင်ပြောပြထားရပါမည်။ ထို့နောက် ထင်မှတ်မထား လောက်အောင် ပြုပြင်စရိတ်ကုန်ကျသွားပါက အံ့အားသင့်ပြီး စိတ်ကျေနပ်မှုမရှိမည်ဖြစ်၍ ခန့်မှန်း ကုန်ကျစရိတ်ကို ကြိုတင်မေးမြန်းထားသင့်ရာ  ခန့်မှန်းပြီးစီးမည့်ရက်၊  အသစ်လဲလှယ်ရမည့် အပိုပစ္စည်း ကုန်ကျငွေ၊  ပစ္စည်းလဲရန်မလိုသည့် ပြုပြင်ကုန်ကျငွေ၊  လက်ခ၊ အလုပ်သမားခ၊ အခြားကုန်ကျငွေနှင့် စုစုပေါင်းကုန်ကျမည့်ငွေတို့ကို ခန့်မှန်းတွက်ချက်ပြီးကျေနပ်မှ အလုပ်အပ်နှံသင့်ပါသည်။

ယာဉ်ပြင်ဆင်ရန် အပ်နှံသည့်အချိန် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ထားသင့်သည့် အချက်များ

          ကားပိုင်ရှင်က ဝပ်ရှော့သို့ နေ့စဉ်သွားရောက်ကြည့်ရှုမေးမြန်းခြင်း၊ အရေးကြီးသည့်အပိုင်း ဖြုတ်တပ်သည်ကို စောင့်၍ ကြည့်ပေးခြင်းဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်ပြီး ကားပိုင်ရှင်က ပစ္စည်းဘိုးကြိုတင်ငွေမည်မျှပေးထားမည်(သို့မဟုတ်) ပစ္စည်းဝယ်၍လာပေးမည် ၊ ဝပ်ရှော့က ပစ္စည်းဝယ်ပါက အဝယ်ဘောက်ချာပြန်ပေးမည်၊ ပစ္စည်းအဟောင်းများပြန်လည်ပေးအပ်မည်၊ ပစ္စည်းအသစ်များတပ်ဆင်ထားကြောင်းစစ်ဆေးနိုင်မည်၊ ဝပ်ရှော့က သဘောတူအာမခံထားသည့်အလုပ်များအားလုံးလုပ်ဆောင်ခဲ့မည်၊ ယခုဝပ်ရှော့နှင့်မဆိုင်သည့်အပိုင်းဖြစ်သည့် ဒိုင်နမို၊ ဝါယာရိန်းကဲ့သို့ အခြားအပိုင်းများထံ သွားရောက်ရန်လိုအပ်ပါက အကြံပြုအသိပေးရမည်၊ ဝပ်ရှော့၏ အားနည်းချက်ကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးပျောက်ဆုံးမှု မဖြစ်စေ ရေးအာမခံရမည်၊ ပထမအကြိမ်လာရောက်ပြုပြင်ခဲ့ပြီးနောက် နောက်ဆက်တွဲ ပြုပြင်ရန် လိုအပ်ချက်ထပ်မံရှိလာပါက လုပ်အားခထပ်မံပေးစရာလိုအပ်သည်/မလိုအပ်သည်၊ သတ်မှတ်ရက်ချိန်းတွင်မပြီးပါက ဖုန်းဆက်အကြောင်းကြားအသိပေးရမည်၊ အကြောင်းမကြား၍ သတ်မှတ်ရက်တွင် ခရီးဝေးမှလာရပါက ဝပ်ရှော့မှ ခရီးစရိတ် ဆီဖိုးပြန်ပေးရမည်၊ ခန့်မှန်းကုန်ကျငွေ၏ ၂၀% ထက်ပိုမိုကုန်ကျမည်ဆိုပါက အကြောင်းကြားအသိပေး၍ သဘောတူ ညီချက်ယူရမည်၊  ခန့်မှန်းမထားသောအပိုင်းက ပျက်စီးမှုပေါ်ပေါက်တွေ့ရှိလာပါက ယာဉ်ပိုင်ရှင်ကို အကြောင်းကြား ညှိနှိုင်းရမည်၊ ပြင်ဆင်ပြီးစီး၍ ကားလာရောက်ယူစဉ်တွင် ယာဉ်အပ်နှံသူကကျသင့်ငွေအပြေအကျေ ပေးချေရမည် စသည့်စည်းကမ်းချက်များကိုကြိုတင်ချမှတ်ထားသင့်ပါသည်။

         ထို့အပြင် လုပ်ငန်းစာချုပ်အသေးစား(သို့) စည်းကမ်းချက်များပါရှိသောပြေစာကို နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးထားသင့်ပြီး လုပ်ငန်းအပ်နှံမှုကို သိရှိသော မျက်မြင်သက်သေ၊ ဓာတ်ပုံမှတ်တမ်းတို့ကို လိုအပ်လာပါက အသုံးပြုနိုင်ရန်စီစဉ်ထားသင့်ပါသည်။

စားသုံးသူကာကွယ်ရေးဥပဒေပါ ဝန်ဆောင်မှုနှင့်ပတ်သက်၍အာမခံချက်ပေးခြင်း

          စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း၍ အာမခံချက် များအနက် အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့်ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်းတို့ပါဝင်ပြီး ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် လျော်ကြေးပေးရန်၊ ကုစားခွင့်ပေးရန်တို့ကို စားသုံးသူကတောင်းဆိုပိုင်ခွင့် ရှိကြောင်း ပါဝင်ပါသည်။ ကားဝပ်ရှော့ဆိုင်ကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်အပိုင်း၊ မော်တော်ယာဉ် ပိုင်ရှင်ဖြစ်သည့် ပြင်ဆင်ရန်အပ်နှံသူကို စားသုံးသူအပိုင်းဟု နိုင်ငံတကာအမြင်ဖြင့်ယူဆ၍ တင်ပြနေခြင်း ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ ကားဝပ်ရှော့ဆိုင်အများစုသည် လုပ်ငန်းရှင်ကြီးအဆင့်ထိ မရှိကြသည်ကများသဖြင့် လုပ်ငန်းရှင်၏တာဝန်များကို ချိုးဖောက်မှုအဖြစ် တိုင်ကြားရန်လည်း မပြုလုပ်ကြခြင်းဖြစ်နိုင်ပါသည်။  တဖက်ကကြည့်လျှင် လက်ခသာယူနေရသည့် အလုပ်ရုံလုပ်သား ဖက် တွင်လည်း လုပ်ငန်းလာရောက်အပ်နှံသူကို စားသုံးသူဟုမမြင်ဘဲ လုပ်ငန်းရှင်သူဌေးများဟု မြင်နေမည် ဖြစ်နိုင်ပါသည်။ မော်တော်ယာဉ်ပြင်ဆင်ရန်လာရောက်အပ်နှံသူများက ငွေအကျေချက်ချင်းမချေဘဲ ထားပါက ကားဝပ်ရှော့ဆိုင်ဘက်က အခွင့်အရေးဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်သည်များလည်းရှိပါသည်။

          မော်တော်ယာဉ်ပြုပြင်ခြင်းဝန်ဆောင်မှုအတွက်စံနှုန်းသတ်မှတ်ချက်မရှိခြင်း၊ စမ်းသပ်စစ်ဆေးရန် ကျွမ်းကျင်မှု လိုအပ်ခြင်းတို့ကြောင့် တိုင်ကြားမှုပြုရန်ခက်ခဲသည့်အခြေအနေတွင် စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်သည့် ဈေးနှုန်းမသင့်၊ အဆင်မပြေ၊ စိတ်ကျေနပ်မှုမရှိသော မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှုကို ရှောင်ရှားနိုင်စေရန် အဆိုပါအချက်များကို ဂရုပြုစေလိုပါသည်။

    စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၄)တွင် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအရ အာမခံပေးထားသောအချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရရှိခဲ့လျှင် စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန် ဟုပါရှိပြီး၊ ပုဒ်မ(၂၁)အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာရန် ပျက်ကွက်ပါက စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်ပါသည်။ စေ့စပ်ညှိနှိုင်းပေးခြင်းနှင့် ဥပဒေအရအရေးယူခြင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ လုပ်ငန်းအပ်နှံသူကလည်း စားသုံးသူ၏တာဝန်များတွင်ပါဝင်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းအချက်ကို သိရှိလိုက်နာရမည်ဖြစ်ပါသည်။

        သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဝန်ဆောင်မှုလုပ်ငန်းများနှင့်သက်ဆိုင်သည့် တိုင်ကြားမှုများအနက် ဆက်သွယ်ရေး၊ ပညာရေး၊ ခရီးသွားဝန်ဆောင်မှုများသာ များပြားပြီး ကားဝပ်ရှော့နှင့်ပတ်သက်၍ တိုင်ကြားမှုမရှိသော်လည်း စိတ်ကျေနပ်မှုမရှိဖြစ်ရသည်များကို ကြားသိရပါသည်။ မြန်မာနိုင်ငံသည် စာချုပ်စာတမ်း၊ ပြေစာ၊ အထောက်အထားဆောင်ရွက်သည့် အလေ့အကျင့် နည်းနေသေးပြီး အလုပ်ရှုပ်၊ စိတ်ရှုပ်မခံတော့ဘဲ လူမှုရေး၊ ရင်းနှီးမှု၊ အားနာမှု၊ အပြန်အလှန်ယုံကြည်မှုတို့ဖြင့် လုပ်ဆောင်သည့် အလေ့အထများမှ နိုင်ငံတကာအလေ့အထများကဲ့သို့ ပြောင်းလဲကြရမည်ဖြစ်ကြောင်း စေတနာရှေ့ထား၍ တင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့ မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း သင်တန်းခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဝင်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(မန်းရေနံမြေ) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ အသိပညာပေးသင်တန်းသို့ သွားရောက်၍ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူမှ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့်စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ သင်တန်းသို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး မန်းရေနံမြေမှ ရေနံလုပ်သား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကာ တက်ရောက် လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (မကွေး)

ဗန်းမော်မြို့ရှိစားသုံးဆီဖြန့်ဖြန်းရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ၁၄.၂.၂၀၂၂ ရက်နေ့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး အာမခံရမည်ဖြစ်ကြောင်း၊ ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ၄၂(ခ)နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ၂၀.၁၂.၂၀၂၁ ရက်စွဲပါ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျည်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းများ လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကို မဖြစ်မနေလိုက်နာဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှစတင်၍ (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍  စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေး လျှောက်ထား နိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသားပြား၊အသားချောင်းများ ရောင်းချခြင်း ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

             ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ခရိုင်ဝန်ထမ်းများသည် ၁၅.၂.၂၀၂၂ ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့(ဈေး)များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် FDAဦးဆောင်မှုဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်မရှိဘဲ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသော အသားချောင်းများ၊ စားသုံးမိ၍ ဘေးဥပါဒ်ဖြစ်ပွားနေကြောင်း တွေ့ရှိရသောကြောင့် စားသုံးခြင်းမပြုရန် ရောင်းဝယ်ဖောက်ကားမှုများ မြဝတီဘုရင့်နောင်ဈေးကြီးအတွင်း ရောင်းချမှု ရှိ/မရှိကို ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ စစ်ဆေးမှုတွင် FDAမှ တားမြစ်ထုတ်ပြန်ထားသော ထိုင်းနိုင်ငံထုတ် ကြက်သားလုံးချောင်းများ ရောင်းချခြင်းကို မတွေ့ရှိရသော်လည်း၊ ပင်လယ်စာနှင့် အသားချောင်း၊ အသားပြားများ ရောင်းချနေသော ဆိုင်များတွင် သက်တမ်းလွန်သော အသားချောင်းများ၊ သတ်မှတ်စည်းကမ်း အေးခဲသောနေရာတွင်ထားရှိပြီး ရောင်းချခြင်းမျိုးမဟုတ်ဘဲ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပြီး ရောဂါပိုးပေါက်ဖွားလွယ်စွာထားရှိပြီး ရောင်းချနေသော အသားပြား၊ အသားလုံး၊ အသားချောင်းများကို သိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်။

          သိမ်းဆည်းရမိသော စားသောက်ကုန် ပင်လယ်စာ အကင်၊ အသားလုံး၊ အသားပြား ရောင်းချနေသော ဆိုင်(၆)ဆိုင်နှင့် သိမ်းရမိသော တန်ဖိုးငွေကျပ် ၄၇၀၀၀/- ကျပ်တန်းဖိုးရှိသော သက်တမ်း လွန်နေသော အသင့်စားခေါက်ဆွဲထုတ် တရုတ်နိုင်ငံထုတ် (၁၅၀၀)တန် ၃ထုတ်၊ တရုတ်နိုင်ငံထုတ် သက်တမ်းလွန်ဟင်းခတ်မှုန့် ၁၅၀၀ကျပ်တန် (၇)ထုတ်၊ တရုတ်နိုင်ငံထုတ် သက်တမ်းလွန်ငရုတ်မှုန့် ၁၀၀၀ကျပ်တန် (၂)ထုတ်၊ ထိုင်းနိုင်ငံထုတ် သက်တမ်းလွန် အချဉ်ရည်ပုံး ၅၀၀၀/-တန် (၃)ပုံး၊ အကင်တစ်ပုံ တစ်ထောင်တန် (၁၅)ပုံစာ ၁၅၀၀၀ကျပ် နှင့် စုစုပေါင်းတန်းဖိုး ၄၇၀၀၀/- ကို အဖွဲ့စုံဖြင့် သိမ်းဆည်းခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့(ဈေး)ရုံးခန်းမတွင် နေ့လည် (၁၃း၀၀)နာရီအချိန်တွင် အသားပြားရောင်းချသူလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့စုံ ရှေ့မှောက်တွင် သက်ဆိုင်ရာဌာန၏ဥပဒေနည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူကာကွယ်ရေးသိကောင်းစရာများ လုပ်ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပြီး၊ လုပ်ငန်းရှင်များအား သတ်မှတ်စည်းကမ်းများဖြင့် လိုက်နာဆောင်ရွက်ရောင်းချရန် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းနှင့် အများပြည်သူရှေ့မှောက်တွင် ဖမ်းဆီးခဲ့သော ပစ္စည်းများအား မြေမြှုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ကရင်)

ခေါက်ဆွဲလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်၊ “Top” ခေါက်ဆွဲ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

              အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၁။(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊  အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့်အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။

             ထို့နောက် “Top” ခေါက်ဆွဲလုပ်ငန်းအား လေ့လာရာတွင် ခေါက်ဆွဲတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းဂျုံများအား မြို့ပေါ်ရှိဂျုံစက်များမှ ဝယ်ယူကြောင်း၊ ဂျုံ ၁ အိတ် လျှင် ၂၄ ပိဿာမှ ၂၅ပိဿာခန့်ရှိပြီး ၃ သောင်းကျော်ဖြင့်ဝယ်ယူရကြောင်း၊  တစ်ရက်လျှင်  ဂျုံ ၁၀ အိတ် မှ ၁၂ အိတ်ထိ ဂျုံကုန်ကြမ်း ၃၀၀ ပိဿာဝန်းကျင် သုံးစွဲရကြောင်း၊ ကိုဗစ်ကာလတွင် လုပ်ငန်း လည်ပတ်မှုအား ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်နိုင်ကြောင်း၊  ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိကုန်မျိုးစုံ ဆိုင်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ဈေးနှုန်း‌အနေဖြင့် အသားတင်အလေးချိန် ၁၈ ကျပ်သား တစ်ထုပ်လျှင် ၅၆၀ ကျပ်နှင့် ၅၀ ကျပ်သား တစ်ထုပ်လျှင် ၁၃၀၀ ကျပ်နှုန်းဖြင့် လက်ကားရောင်းချ လျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ “Top” ခေါက်ဆွဲလုပ်ငန်း၏ ကုန်အမှတ် တံဆိပ်များအား လေ့လာရာတွင် အလေးချိန်ဖော်ပြချက် အသားတင်ပမာဏ ဖော်ပြရန်လိုအပ်ချက်ရှိ၍ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်တွင် ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါရှိရမည့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ