Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတခရိုင်အတွင်း လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ် တာဝန်ခံသည် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒေါင့်ကြီးကျေးရွာအုပ်စု အိုးဘိုကျေးရွာရှိ အိုးလုပ်ငန်းရှင်များနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဒေါင့်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်လည်းကောင်းတွေ့ဆုံ၍ စားသုံးသူတို့၏အခွင့်အရေးများအပြည့်အဝရရှိစေရန်နှင့် စားသုံးသူအကျိုးစီးပွားထိခိုက်နစ်နာမှုများကို ကာကွယ်ရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။ ထို့အပြင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော မုန့်မျိုးစုံလုပ်ငန်းများအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိစေရေးအတွက် မြန်အောင်မြို့နယ် နေခြည်ဈေးရှိ မုန့်အရောင်းဆိုင် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၈(ခ) အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ကြောင်းအမိန့်ကြော်ငြာစာထုတ်ပြန်ခြင်းအား အသိပေးကြေညာအပ်ပါသည်။ အောက်ပါ .pdf ဖိုင်တွင် ဖတ်ရှုနိုင်ပါသည်။

“ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပဲတီစိမ်းစိုက်တောင်သူများသို့ GAP/ GHP သင်တန်းပို့ချလျက်ရှိ”

သန်လျင်၊ ၁ - ၁၂ - ၂၀၂၁

          ဥရောပသမဂ္ဂနိုင်ငံများသို့ Beans Sprouting အတွက် ပဲတီစိမ်းများ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီများ စုပေါင်း၍ တောင်သူများသို့ GAP/ GHP သင်တန်းများ ပို့ချခြင်းကို ၂၀၁၄ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက် လျက်ရှိပြီး (၂၀၂၁-၂၀၂၂) ပဲတီစိမ်းရာသီအတွက် ပဲစိုက်တောင်သူများသို့ သင်တန်းပို့ချခြင်းအား (၁.၁၂.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ဦးစီးမှူးရုံး၊ သန်လျင်မြို့နယ်၌ ကျင်းပခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ သန်လျင်မြို့နယ်အတွင်းရှိ ချောင်းစောက်၊ ကရင်ဆိပ်၊ မင်္ဂလွန်း၊ သူဌေးကွင်းကျေးရွာ (၄)ရွာ မှ တောင်သူဦးရေ(၈၆)ဦး တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြများက SAP /SHP စိုက်ပျိုးရေးအလေ့အကျင့်ဟောင်းများကို သင်ကြားပို့ချခဲ့ကြောင်း   သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)

ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းဖွင့်လှစ်ခြင်း

        ၁.၁၂.၂၀၂၁ ရက်နေ့တွင် ကော့ကရိတ်မြို့(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းအား ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးမှ စုပေါင်းစစ်ဆေးရေးစခန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  တရားမဝင် ကုန်ပစ္စည်းများစစ်ဆေးရေးအထူးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီးမျိုးမင်းနောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

       ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရေး အထူးအဖွဲ့ဥက္ကဌတို့မှ စုပေါင်းစစ်ဆေးရေးစခန်းအတွင်းရှိ ခရီးသည်ယာဉ်များ၊ ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်များအား စစ်ဆေးရေးဂိတ်အတွင်းသို့ ဝင်ရောက်မှုအခြေ အနေ သက်ဆိုင်ရာဌာနများမှ ကုန်ပစ္စည်းများဖွင့်ဖောက်စစ်ဆေးမှုအခြေအနေ၊ ယာဉ်မောင်း လိုင်စင်များစစ်ဆေးမှုအခြေအနေ၊ ဝန်ထမ်းများအဆင်ပြေချောမွေ့စွာ နေထိုင်ရေးနှင့် စစ်ဆေးရေးကိစ္စများ အဆင်ပြေချောမွေ့စွာ စစ်ဆေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ၊ တရားမဝင် ကုန်ပစ္စည်းများသယ်ဆောင်ခြင်းအတွက် အထူးကြပ်မတ်စစ်ဆေးရေးတို့အတွက် အလေးထား ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များအား သက်ဆိုင်ရာစစ်ဆေးမည့် ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

“COVID-19 Fund မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ”

ရန်ကုန်၊ ၁ - ၁၂ - ၂၀၂၁

       COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးခဲ့မှုအပေါ် ချေးငွေရယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်းများအား ချေးငွေများ၏ အတိုးနှုန်း (၁%) ကို သက်ဆိုင်ရာဘဏ်များသို့ ပေးသွင်းနိုင်ရေးအတွက် ချေးငွေရယူထားသော လုပ်ငန်းရှင်များအား အသိပေးအကြောင်းကြားမှုများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် (၁.၁၂.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စိစစ်ကြပ်မတ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ စုစုပေါင်း အဖွဲ့ဝင် (၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ညှိနှိုင်းဆွေးနွေးပွဲတွင် စိစစ်ကြပ်မတ်ရေးအဖွဲ့၊ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိစစ်ကြပ်မတ်ရေးအဖွဲ့၊ အတွင်းရေးမှူးက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့ရာ အဖွဲ့ဝင်များက ချေးငွေရယူထားသည့် လုပ်ငန်းများသည် ချေးငွေ၏ အတိုးနှုန်း (၁%) ကို သက်ဆိုင်ဘဏ်များသို့ ပြန်လည်ပေးသွင်းနိုင်ရေးအား အထောက်အပံ့ပေးနိုင်မည့် လုပ်ငန်းစဉ်နှင့် အပြုသဘောဆောင်သော အကြံပြုဆွေးနွေးချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး စိစစ် ကြပ်မတ်ရေးအဖွဲ့၊ ဥက္ကဌမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ ညှိနှိုင်းဆွေးနွေးပွဲအား (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီး(ရန်ကုန်တိုင်းဒေသကြီး)

ဘားမဲတောင် သဘာဝဥယျာဉ် (Hpa- Mal Botanical Gardens) ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

       ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

      ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားမဲတောင် သဘာဝဥယျာဉ်ကို သဘာဝပေါက်ပင် သစ်မျိုးအရေအတွက် (၇၈)မျိုး၊ အပင်အရေအတွက် (၁၅၅၇)ပင်နှင့် တည်ဆောက်ရေးလုပ်ငန်းပေါင်း (၂၈) ခုဖြင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှု ရှိသော အပန်းလည်းပြေ ဗဟုသုတလည်း ဖြန့်ဝေပေးသော အထင်ကရနေရာတစ်ခု ဖြစ်လာစေရေး ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပင်များ၏ သွင်ပြင်လက္ခဏာကို ရှု့ချင်စဖွယ်ဖြစ်အောင် အမြဲစိမ်းလန်းသာယာလှပစေရန် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း အစဉ်အမြဲ ပြုစုထိန်းသိမ်းစောင့်ရှောက်ပြီး လာရောက်လည်ပတ်စရာနေရာတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်သွားကြဖို့တိုက်တွန်း လိုကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူတို့က ဘားမဲတောင်သဘာဝဥယျာဉ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က တိုင်းရင်းသားဖျော်ဖြေရေးအဖွဲ့များအား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်၍ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

    ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေကျပ် (၈၁၆.၅၁)သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ််နှင့် တက်ရောက်လာသူများက မြေချိန်ဧရိယာ (၁၇) ဧက ခန့်ကျယ်ဝန်းသည့် ဘားမဲတောင် သဘာဝဥယျာဉ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ သဘာဝပေါက်ပင်များ၊ ဒေသထွက်ကုန်အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် ရိုးရာစားသောက်ဆိုင်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုနှင့်ဖြေရှင်းဆောင်ရွက်မှုဖြစ်စဉ်

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း၌ စားသုံးသူတစ်ဦး၏ Wifi သုံးစွဲခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုတစ်ခုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

         အဆိုပါဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်သစ်ရပ်နေ စားသုံးသူတစ်ဦးသည် ကျောက်ပန်းတောင်းမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေသော  xxxxx မှWifi သုံးစွဲခြင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းတွင် (၆-လ)စာ ငွေ(၁၇၄၀၀ဝိ/-) ကျပ်အား အပြေအကျေပေးချေ၍ ဝယ်ယူသုံးစွဲခဲ့ရာမှ ၂၀၂၁ ခုနှစ်  နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းတွင် Wifi သုံးစွဲ၍မရတော့ကြောင်း #### က ကျောက်ပန်းတောင်းရုံးအား အကြောင်းကြားခဲ့ရာတွင် (၄၈)နာရီ အတွင်းလာရောက်ပြင်ဆင် ပေးမည်ဟု ပြောဆိုခဲ့သော်လည်း (၂၄.၁၁.၂၀၂၁) နေ့ထိ လာရောက်ပြင်ဆင်ပေးခြင်းမရှိဘဲ (၄)ကြိမ် တိတိ ကတိပျက်ခြင်းတို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရခြင်း၊ အချိန်ကုန်အလုပ်ပျက်ခြင်းနှင့် တယ်လီဖုန်းခ ကုန်ကျခြင်းများကြောင့် စားသုံးသူအနေဖြင့် နစ်နာဆုံးရှုံးမှု ဖြစ်ခဲ့၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဖြေရှင်းဆောင်ရွက်ပေးပါရန် တင်ပြခဲ့မှုအပေါ် ၂၆.၁၁.၂၀၂၁ နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံရုံး၌ တွေ့ဆုံညှိနှိုင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအား ချပြရှင်းလင်းဖြေရှင်းပေးခဲ့ရာ xxxxx မှ တာဝန်ရှိသူမှ Wifi အသုံးပြုသူအား (၄၈)နာရီအတွင်းပြင်ဆင်ပေးမည်ဟုပြောဆိုခဲ့သော်လည်း မြို့တွင်း၌ Wifi ပြတ်တောက်မှုများ များပြားနေပါသဖြင့် ချက်ချင်း လာရောက်ပြင်ဆင်ပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုလိုနစ်နာဆုံးရှုံးမှုအတွက် မိမိတို့ဘက်မှ ရက်အစားထိုး(၁၀)ရက်အား ပြန်လည်အသုံးပြုခွင့် ပေးမည်ဖြစ်ပါကြောင်း၊ Wifi သုံးစွဲသူအနေဖြင့် စိတ်အနှောက်အယှက်ဖြစ်ပေါ်ခဲ့မှုအပေါ်လည်း တောင်းပန်ပါကြောင်း၊ နောက်နောင် တွင် အလားတူကိစ္စရပ်မျိုးမဖြစ် ပေါ်စေရန် ကတိပြုပါကြောင်းနှင့် တိုင်ကြားမှုကြောင့်ဖြစ်စေ၊စုံစမ်း စစ်ဆေး၍ဖြစ်စေ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အပြစ်ပေးအရေးယူမှုအား ခံယူရမည်ကိုသိရှိရပါကြောင်းနှင့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေ၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ နစ်နာဆုံးရှုံးခဲ့သည့် Wifi ဝန်ဆောင်မှုအား သုံးစွဲသူ စားသုံးသူဘက်မှလည်း သဘောတူကျေနပ်ပါကြောင်းနှင့် ယခုကဲ့သို့ စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုအား ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိသော စားသုံးသူရေးရာဦးစီးဌာနကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်တင်ပြခဲ့မှုနှင့်ပတ်သက်၍ စားသုံသူများနစ်နာဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။            

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

၃.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၃.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပြန်လည်နိုးထလာသည့် ငပလီကမ်းခြေ ခရီးသွားလုပ်ငန်း

      ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးပါသော စီးပွားရေးလုပ်ငန်းဖြစ်သလို အလုပ်အကိုင်ရှာဖွေပေးရာ၌လည်း အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် မြန်မာ့စီးပွားရေးတွင် အရေးပါသော အခြေခံအဆောက်အဦးတစ်ခုဖြစ်သည်။ မြန်မာ့ခရီးသွားလုပ်ငန်းတွင် အထင်ကရ ဖြစ်သော ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီ ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိပြီး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် လွယ်ကူစွာ သွားလာနိုင်ပါသည်။ ငပလီ ကမ်းခြေဒေသ၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှုဦးစီးဌာနမှ လုပ်ငန်းလိုင်စင် ရယူထားသော ဟိုတယ်နှင့်တည်းခိုရိပ်သာ (၆၅)လုံးရှိပြီး၊ အခန်းပေါင်း (၂၀၅၆)ခန်းရှိသဖြင့် နေ့စဉ်ဧည့်သည် (၃၈၀၀)ဦးခန့် တည်းခိုနိုင်ပါသည်။

        ကမ္ဘာ့ကိုဗစ် (၁၉)လှိုင်းဒဏ်ကြောင့် (၂)နှစ်ခန့် ခရီးသွားလုပ်ငန်း ရပ်တန့်နေရာမှ လက်ရှိအချိန်၌ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၃၉)လုံး၊ အခန်းပေါင်း (၁၃၂၃)ခန်းကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားခဲ့ပြီးဖြစ်သဖြင့် ငပလီခရီးသွားလုပ်ငန်းအတွက် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ငပလီဆောင်းဦးပွဲတော်အား (၁၄-၁၁-၂၀၂၁)ရက်နေ့၌ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ ကမ်းခြေခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာခြင်းနှင့်အတူ ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြပါသည်။

         သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ၌လည်း ထင်ရှားသော သဘာဝအလှပိုင်ရှင်တစ်ခုဖြစ်သည့် ငပလီကမ်းခြေဝယ် သဲသောင်ပြင် လမ်းလျှောက်ကာ ပင်လယ်ပြာပေါ်မှ ဖြတ်သန်းလာသော လတ်ဆတ်သည့် လေပြေ အေးလေးကို တဝကြီး ရှုရှိုက်ရင်း နေဝင်ချိန်(Sunset)ကို ရှုမငြီးဖွယ် ကြည့်ရှုလျှက် ပီတိယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရခိုင်ပြည်နယ်)

ဆိပ်ဖြူမြို့ပေါ်ရှိ စက်ဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မိက်ဖက်ဌာန မြို့နယ်စည်ပင်သာယာအဖွဲ့နှင့်ပူး ပေါင်းပြီး ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ ပိုမိုစိုက်ပျိုးပြီး ထုတ်လုပ်မှု ကဏ္ဍနှင့် ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက် နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်ရှိ "ရွှေအိုး"ဆီစက်လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံပြီး ဆီစက်လုပ်ငန်းလိုင်စင်ရှိမရှိ၊ စက်မှုမှတ်ပုံတင်ရှိမရှိ၊ နေ့စဉ်ကြိတ်ခွဲနိုင်သည့် ကုန်ကြမ်းပိဿာ၊ ထွက်ရှိနိုင်သည့် ကုန်ချောပိဿာ၊ ရောင်းချဖြန့်ဖြူးသည့်ဒေသများ၊ ဈေးနှုန်းဈေးကွက်တို့အား မေးမြန်းဆွေး နွေးရာ တစ်ရက်လျှင် ကုန်ကြမ်းမြေပဲပိဿာ (၄၀၀)ခန့်အသုံးပြုပြီး ကုန်ချောဆီပိဿာ (၁၅၀)ခန့်ထွက်ရှိကြောင်းမြေပဲဆံတစ်ပိဿာကြိတ်လျှင် (၄၀)ကျပ်သားနှုန်း ထွက်ရှိကြောင်း၊ မြေပဲဆံတစ်ပိဿာလျှင်(၂၇၀၀)ကျပ်၊ နှမ်းတစ်ပိဿာလျှင် (၂၈၀၀)ကျပ် ဝယ်ရကြောင်း၊ မြေပဲဆီတစ်ပိဿာဈေးနှုန်းမှာ စက်မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ တစ်ပိဿာလျှင် (၆၈၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပြီး ဆိပ်ဖြူမြို့နယ်ဒေသတွင်းနှင့် ချောက်မြို့နယ် အတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
စားသုံးသူပြည်သူများသည် စားသုံးဆီများကို နေ့စဉ်နေ့တိုင်းစားသောက်သုံးစွဲနေကြသောကြောင့် ရွှေအိုးဆီစက်လုပ်ငန်းရှင်အနေဖြင့် စားသုံးဆီများထုတ်လုပ်ရောင်းချရာတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေး စားသုံးသူများဘေးအန္တရာယ်များကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ ဝယ်ယူစားသောက်သုံးစွဲနိုင်ရေး အတွက် မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန် အညွှန်းအမှတ်အသားများ ဖော်ပြဖြန့်ဖြူးရန်နှင့် လုပ်ငန်းလိုင်စင်များ၊ စက်လိုင်စင်များ ပြည့်စုံအောင် ဆောင်ရွက်ထားရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ