Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာ့သဘာဝရော်ဘာကဏ္ဍ၏ အာရုဏ်ဦးနေ့သစ်ကမ္ဘာ

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ရာသီ အလိုက်စိုက်ပျိုးသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များအပြင် နှစ်ရှည်သီးပင်၊ စားပင် များကိုလည်း ဒေသအလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ အလားတူ စိုက်ပျိုးရေးကို အခြေပြု သည့် ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်၍ နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိပါသည်။ စိုက်ပျိုးရေးထွက်ကုန်များအနက် နှစ်ရှည်ပင် အမျိုးအစားဖြစ်သော ရော်ဘာပင်မှရရှိသည့် သဘာဝရော်ဘာထုတ်လုပ်မှုကဏ္ဍသည် စိုက်ပျိုးရေး နှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့နှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသော ကဏ္ဍတစ်ရပ်ပင်ဖြစ်ပေသည်။ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ရော်ဘာစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိပါသည်။

          မြန်မာ့သဘာဝရော်ဘာသည် နှစ်ရှည်ပင်အမျိူးအစားဖြစ်သော ရော်ဘာပင်မှ ခြစ်ယူရရှိ သော ရော်ဘာစေးများကို ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ဖြင့် ထုတ်လုပ်ရာမှ ရရှိလာသော သဘာဝရော်ဘာ အမျိုးအစားဖြစ်ပါသည်။ အခြားသော ရေနံဓာတုဒြပ်ပေါင်းများမှ ရရှိသည့် synthetic rubber (ခေါ်) polyisoprene(IR) ရော်ဘာအမျိုးအစားသည်လည်း ကမ္ဘာ့ရော်ဘာ စျေးကွက်တွင် အထိုက်အလျောက်နေရာယူလျက်ရှိပါသည်။ သို့ရာတွင် ထုတ်လုပ်မှုလွယ်ကူ၍ အရည်အသွေးကောင်းမွန်မှုရှိသော သဘာဝရော်ဘာများ၏ အခန်းကဏ္ဍမှာလည်း တွင်ကျယ်လျက် ရှိပါသေးသည်။ မြန်မာ့ပို့ကုန်မဟာဗျူဟာတွင် ရော်ဘာကဏ္ဍသည်လည်း အဓိကပို့ကုန်တစ်ခု အဖြစ်ပါဝင်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် သဘာဝရော်ဘာ စိုက်ပျိုး ထုတ်လုပ်မှုမှ ရော်ဘာတန်ချိန် ၂ သိန်းဝန်းကျင်ခန့်သာ ထုတ်ယူနိုင်ခဲ့ပြီး တန်ချိန် ၈ သောင်းခန့်သာ ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လျာထားချက်တန်ချိန် ၁၇၀၀၀၀ ထက်ကျော်လွန်၍ ပြည်ပသို့ တန်ချိန် (၂)သိန်းခန့်အထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပေသည်။ မြန်မာ့ ရော်ဘာထွက်ကုန်များသည် ကုန်ကြမ်းအမျိုးအစားများသာဖြစ်ပြီး စုစုပေါင်းရော်ဘာတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။  မြန်မာ့ သဘာဝရော်ဘာတင်ပို့မှုအတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့မှုများပြား လျက်ရှိပြီး အခြားသောဒေသတွင်း အာဆီယံနိုင်ငံအချို့နှင့် ဥရောပစျေးကွက်သို့ အနည်းအကျဉ်း မျှသာတင်ပို့နိုင်သည်ကိုတွေ့ရှိရပါသည်။ သို့ရာတွင်ဂျပန်နိုင်ငံမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံ၍ သတ်မှတ် စံချိန်စံညွှန်းများအတိုင်းထုတ်လုပ်ကာဂျပန်နိုင်ငံသို့ပြန်လည်တင်ပို့မှုများလည်းရှိပါသည်။

      မြန်မာ့ရော်ဘာအရည်အသွေးနှင့်ပတ်သက်၍ ယခင်က TSR (ခေါ်) Technically Specified Rubber များအဖြစ်ထုတ်လုပ်ခဲ့ရာမှ ယခုအခါတွင်နိုင်ငံတကာစံများနှင့်ကိုက်ညီသည့် MSR (ခေါ်) Myanmar Standard Rubber များဖြစ်သည့် MSR-5 ၊ MSR-10 ၊ MSR-20 တို့ကို ပြောင်းလဲ သတ်မှတ်၍ ထုတ်လုပ်တင်ပို့လျက်ရှိကြောင်းသိရသည်။ MSR ရော်ဘာစံချိန်စံညွှန်းများသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီရေးဆွဲထားသော စံချိန်စံညွှန်းများဖြစ်ပါသည်။ ပြည်ပတင်ပို့မှုတွင် MSR -10 ၊ MSR-20 တို့ကိုတင်ပို့မှုများပြားပြီး Ribbed Smoked Sheet (ခေါ်)  မှိုင်းခံရော်ဘာအမျိုးအစားများဖြစ်သည့် RSS-1 ၊ RSS-2 ၊ RSS-3 ၊ RSS-4 ၊ RSS-5 များကိုလည်း တင်ပို့မှုများပြားပါသည်။ ထို့အပြင်ရော်ဘာကြိတ်ဖတ်များကို အတုံးပြုလုပ်ထားသော Crumb Rubber များကိုလည်း တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် TSR ရော်ဘာများကို ၁၉၆၉ ခုနှစ် ဝန်းကျင်မှစတင်ထုတ်လုပ်ခဲ့သော်လည်း ပုဂ္ဂလိကပိုင်စက်ရုံများအဖြစ် ၁၉၉၀ ဝန်ကျင်ခန့်မှသာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ TSR ရော်ဘာများ စတင်ထုတ်လုပ်စဉ်ကပင် ၎င်းတို့၏ အရည်အသွေးစံချိန်စံညွှန်းများအတွက် ၁၉၆၅ ထုတ် မလေးရှားရော်ဘာ စံချိန်စံညွှန်းများကို အခြေခံ၍ သတ်မှတ်ရေးဆွဲခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ပြောင်းလဲတိုးတက်လာသော စံချိန်စံညွှန်းများ၊ နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် စံချိန်စံညွှန်းနှင့်အရည်အသွေး သတ်မှတ်ချက်ပြုပြင်ပြောင်းလဲမှုများ နည်းပါးခဲ့ပါသည်။

      မြန်မာ့ရော်ဘာများကို ကုန်ကြမ်းများအဖြစ် ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း နိုင်ငံတကာစျေးကွက်တွင် စျေးနှုန်းရရှိမှုမှာ အခြားသောနိုင်ငံထွက် ရော်ဘာ များနှင့်နှိုင်းယှဉ်ပါက နည်းပါးမှုများရှိနေပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ မြန်မာ့ ရော်ဘာအရည်အသွေးစံချိန်စံညွှန်းများ အားနည်းခြင်းအပြင် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ် သော ရော်ဘာများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးနိုင်သည့် နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်း(Accreditated Lab) များလိုအပ်ခြင်း၊ စံချိန်စံညွှန်းမီ ရော်ဘာများအတွက် Certification System လိုအပ်ခြင်း စသည့်အချက်များကြောင့်ဖြစ်ပါသည်။ ထိုသို့သော အချက်များ ကြောင့် နိုင်ငံတကာမှဝယ်လက်များ၏ မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များအပေါ် ယုံကြည်မှုမှာ နည်းပါးလာပြီး စျေးကွက်ဝေစုနှင့် စျေးနှုန်းရရှိမှုနည်းပါးလာခြင်းဖြစ်ပါသည်။

     ထို့ကြောင့် မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်း (Myanmar Natural Rubber Quality Testing Lab - MNRQTL) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့သဘာဝ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် ဂျပန်နိုင်ငံရော်ဘာထုတ်လုပ်သူများအဖွဲ့ ( Japan Rubber Manufacturer Association) တို့ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနရှိ ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management Center - CTQM) လှည်းကူးတွင် တည်ထောင်ခဲ့ပါသည်။ အဆိုပါဓာတ်ခွဲခန်း တည်ထောင်ရန်အတွက် ဂျပန်နိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry –METI) ၏ ကူညီမှုဖြင့် (Trade Overseas Human Resource and Industry Development Association- HIDA) မှ နည်းပညာပိုင်းဆိုင်ရာ များထောက်ပံ့ပေးခဲ့ပြီး သင်တန်းများလာရောက်ပို့ချပေးခဲ့ပါသည်။ MNRQTL ဓာတ်ခွဲခန်းကို မြန်မာ့သဘာဝရော်ဘာများ၏ အရည်အသွေးနှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ စစ်ဆေးချက်လက်မှတ်များ ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းဓာတ်ခွဲခန်းဆိုင်ရာလုပ်ငန်းများကို စီမံခန့်ခွဲရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော MNRQTL စီမံခန့်ခွဲမှု လုပ်ငန်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။

    MNRQTL ဓာတ်ခွဲခန်းအနေဖြင့် မြန်မာ့သဘာဝရော်ဘာများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေး၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာရော်ဘာအသင်း (International Rubber Association – IRA) ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ရန်လိုအပ်ချက်ရှိနေပါသေးသည်။ ဓာတ်ခွဲစမ်းသပ်ခြင်း(Testing) (ဆေးဘက် ဆိုင်ရာဓာတ်ခွဲစမ်းသပ်ခြင်းမှလွဲ၍)နှင့် စံဖြင့်တိုက်ကြည့် စစ်ဆေးခြင်း (Calibiration) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲခန်းများသည် ပုံမှန်အားဖြင့်ဆိုပါက နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO-17025 Accreditation) ကို နိုင်ငံတကာအသိအမှတ်ပြု Accreditation Body များထံမှ ရယူလေ့ရှိသော်လည်း ရော်ဘာကဏ္ဍတွင် မတူကွဲပြားသော အခြေအနေများရှိနေပါသည်။ နိုင်ငံတကာအသိအမှတ်ပြု သဘာဝရော်ဘာဓာတ်ခွဲခန်း တစ်ခုအနေဖြင့် IRA ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ရန် အဓိကလိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် IRA ၏ အဖွဲ့ဝင်ဖြစ်ရေးကို ဦးစွာဆောင်ရွက်ခဲ့ရပြီး ၎င်းတို့စေလွှတ်သည့် ကိုယ်စားလှယ်များ၏ ဓာတ်ခွဲခန်းအခြေအနေ စစ်ဆေးမှုများကိုခံယူခဲ့ရပါသည်။ အလားတူ IRA  ၏ အဖွဲ့ဝင်နိုင်ငံများအပေါ် ဝင်ရောက်ဖြေဆိုစေသည့် Proficiency Testing Programme Series များကိုလည်းဝင်ရောက်ဖြေဆိုခဲ့ပါသည်။ Proficiency Testing (PT Test) ဆိုသည်မှာ တိကျစွာတိုင်းတာရေးနည်းပညာ (Metrology) အရ နမူနာ တစ်မျိူးတွင် ပါဝင်ပစ္စည်းများ တိကျစွာထည့်သွင်းပြီး ၎င်းတို့၏ပမာဏကို ဓာတ်ခွဲခန်းများက ပြန်လည်စစ်ဆေး၍ ဖြေဆိုခြင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။ အဆိုပါ PT Test များကို ရော်ဘာကဏ္ဍ တွင် Round Robin Test ဟုလည်းခေါ်ဆိုကြပါသည်။ သဘာဝရော်ဘာ အရည်အသွေး စစ်ဆေးမှုတွင် အဓိကအားဖြင့် အမှိုက်အမှုန်များစစ်ဆေးမှု (Dirt Content)၊ ပြာဓာတ်စစ်ဆေးမှု (Ash Content)၊ အငွေ့ပျံနိုင်သော ဒြပ်ပေါင်းပါဝင်မှုစစ်ဆေးခြင်း (Volatile Matter)၊ နိုက်ထရိုဂျင် ပါဝင်မှု (Nitrogen Content)၊ ဆွဲဆန့်မှုခံနိုင်ရည်စစ်ဆေးခြင်း (Initial Plasiticity)၊ ပြန်လည်ကျုံ ဝင်နိုင်မှုကိန်းညွှန်း စစ်ဆေးခြင်း (Plasiticity Retention Index) စသည်တို့ပါဝင်ပါသည်။ သဘာဝရော်ဘာ စမ်းသပ်စစ်ဆေးမှုအတွက် PT Test များကို IRA ၏ ကြီးမှူးမှုဖြင့် မလေးရှား ရော်ဘာဘုတ်အဖွဲ့ (MRB) မှတာဝန်ယူစစ်ဆေးပေးကြောင်းသိရှိရပါသည်။ IRA ၏အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ရန် PT Test များကို (၄) ကြိမ်ဆက်တိုက် အောင်မြင်ရန်လိုအပ်ပြီး အဆိုပါ PT Test များကို (၆) လလျှင် (၁)ကြိမ် ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။

  MNRQTL ဓာတ်ခွဲခန်းအနေဖြင့် PT Test များကို 118th Series Proficiency Testing Programme မှစတင် ဝင်ရောက်ဖြေဆိုခဲ့ရာ 119th Series ၊ 120th Series ၊ 121sh Series ၊ 122nd Series များအထိဖြေဆိုပြီးဖြစ်ပါသည်။ MNRQTL သည် 119th Series မှစတင်၍ PT Test များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး ယခုနောက်ဆုံးအကြိမ်ဖြေဆိုခဲ့သော 122nd Series တွင်လည်း အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည့်အတွက် IRA ၏ အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ပါသည်။ ဆက်လက်၍ IRA အသိအမှတ်ပြုဓာတ်ခွဲခန်းအဖြစ် သတ်မှတ်ခံရ ပါက မြန်မာ့သဘာဝရော်ဘာထုတ်လုပ်မှုများကို စမ်းသပ်စစ်ဆေး၍ MNRQTL လုပ်ငန်း စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် အရည်အသွေးစံချိန်စံညွှန်းများအလိုက် (MSR-5 ၊ MSR-10 ၊ MSR-20) စသည်ဖြင့် Certification လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန် ဥပဒေအခန်း (၃) ပုဒ်မ (၄) အပိုဒ်ခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပို့ကုန်သွင်းကုန်၏ ပစ္စည်းအမျိုးအမည်နှင့် အဆင့်အတန်း များ သတ်မှတ်ရာတွင် ပြည်ပတင်ပို့သည့် မြန်မာ့သဘာဝရော်ဘာ၏ စံအရည်အသွေးသတ်မှတ်ချက် (Myanmar Standard Rubber MSR 5 ၊ MSR 10 ၊ MSR 20) အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်စက်မှုဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၆၂/၂၀၁၇)ဖြင့်  ပြည်ပတင်ပို့သည့် မြန်မာ့သဘာဝရော်ဘာ စံ အရည်အသွေးသတ်မှတ်ချက် (MSR-5၊ MSR-10၊ MSR-20) များသတ်မှတ်သည့်အမိန့်ကို ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

  ထိုသို့ မြန်မာ့သဘာဝရော်ဘာအရည်အသွေးများကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်း များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပေးနိုင်ပါက နိုင်ငံတကာသို့တင်ပို့နေသော မြန်မာ့သဘာဝ ရော်ဘာများကို တစ်ဖက်ဝယ်လက်နိုင်ငံများမှ အရည်အသွေးဆိုင်ရာ ယုံကြည်စိတ်ချရမှုရရှိပြီး ရောင်းသူဝယ်သူအကြား ခိုင်မာသောဆက်ဆံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ အလားတူပင် နိုင်ငံတကာစျေးကွက်တွင် မြန်မာ့သဘာဝရော်ဘာများ၏ စျေးကွက်ဝေစုနှင့် စျေးနှုန်းရရှိမှုများ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး အရည်သွေးဈေးကွက်သို့ တင်ပို့နိုင်မှု မြင့်တက် လာမည်ဖြစ်ပေသည်။ ထို့ကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာ့ သဘာဝရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသည့် CTQM ရှိ MNRQTL ဓာတ်ခွဲခန်းသည် အနာဂတ်တွင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်၍ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် အဓိကကဏ္ဍတစ်ရပ်အဖြစ်ပါဝင်လျက်ရှိသော မြန်မာ့ သဘာဝရော်ဘာ စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအပေါ် အကျိူးပြုနိုင်တော့မည်ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံတကာစျေးကွက်အတွင်း ဈေးကွက်ရှားပါးမှု စျေးနှိမ်ခံရမှု အရိပ်ဆိုး များမှ လွတ်မြောက်ပြီး ကောင်းမွန်သော အရည်အသွေး၊ အာမခံချက်များနှင့် ထိုက်သင့်ကောင်း မွန်သော စျေးနှုန်းများရရှိနိုင်မည့် နေ့သစ်အာရုဏ်ဦးစတင်နိုင်တော့မည် ဖြစ်ကြောင်းတင်ပြလိုက် ရပေသည်။

CTQM

မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီး ချည်မျှင်စက်ရုံလုပ်ငန်းရှင်များ တွေ့ဆုံ၍ ပုဂ္ဂလိကချည်မျှင်စက်ရုံ လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေး

       ၂၄.၇.၂၀၂၀ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီး ချည်မျှင်စက်ရုံလုပ်ငန်းရှင်များသည် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပုဂ္ဂလိကချည်မျှင် စက်ရုံလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် တွေ့ဆုံခဲ့ပါသည်။ အစည်းအဝေးတွင် ချည်မျှင်စက်ရုံလုပ်ငန်းရှင် ဦးထွန်းနိုင်မှ မြန်မာနိုင်ငံပုဂ္ဂလိက ချည်မျှင်စက်ရုံလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းလိုကြောင်း၊ ချည်မျှင်နှင့် အထည်အသင်းကို ၂၀၁၆ ခုနှစ်တွင် စက်မှု(၁)က ဖွဲ့စည်းပေးခဲ့သည့် အသင်းတစ်ခုရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပုဂ္ဂလိက ချည်မျှင်လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းလိုကြောင်း၊ UMFCCIကို ဆက်သွယ်မေးမြန်းရာတွင် အသင်းတစ်သင်းတွင် တိုင်းဒေသကြီး(၇)တိုင်း ပါဝင်ပါက ဖွဲ့စည်းနိုင်ကြောင်း၊ ချည်မျှင်စက်ရုံလုပ်ငန်းများမှာ တစ်ပြည်လုံးနီးပါးခန့်တွင်ရှိပြီး၊ အသင်းတွင် အသင်းဝင်(၁၀၀)ကျော်နှင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက မြန်မာနိုင်ငံအသင်း ဖွဲ့စည်းမည်ဆိုပါက တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ရှိသော ချည်မျှင်စက်ရုံလုပ်ငန်းရှင်များကို အသင်းဝင် အဖြစ်ထည့်၍ အသင်းဖွဲ့စည်းကာ အသင်းအဖွဲ့စည်းမျဉ်းရေးဆွဲပြီး မြန်မာနိုင်ငံအသင်းအဖြစ် ဆောင်ရွက်နိုင်ကြောင်း၊ အသင်းမှတ်ပုံတင်ရန်အတွက် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)သို့ တင်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့်အချက်များအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်များရှိ ချည်မျှင်စက်ရုံများ ပါဝင်ပါက မြန်မာနိုင်ငံအသင်း ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အစုအဖွဲ့များ ဖွဲ့စည်းပြီးမှ မြန်မာနိုင်ငံအသင်းကို ဖွဲ့စည်းသင့်ကြောင်း၊ အသင်းဖွဲ့စည်းပြီးပါက ပြည်ပမှ အရင်းအနှီး၊ နည်းပညာ အထောက်အပံ့များရရှိနိုင်သည့် အားသာချက်များရှိကြောင်း၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း၏ စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ ဆောင်ရွက်စေလိုကြောင်း၊ သဘောသဘာဝခြင်း မတူညီသော်လည်း တူညီနိုင်သည့်အချက်များကို အခြေခံ၍ အသင်းအဖွဲ့စည်းမျဉ်းဆွဲသင့်ကြောင်း၊ ထို့ပြင် ချည်မျှင်စက်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဝါဂွမ်းသည် စက်မှုကုန်ကြမ်း သီးနှံဖြစ်သည့်အတွက် ပြည်တွင်းမှာရှိသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်ပြီး Value Added ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်တွင် ဝင်ငွေပိုမိုရရှိနိုင်ကြောင်း၊ ပြည်တွင်းမှာရှိသည့် အလုပ်သမားများ၏ လုပ်သားအင်အားကိုလည်း အကျိုးပြုသည့် လုပ်ငန်းစဉ်များလည်း ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ လုပ်သားများ၏ တည်ငြိမ်မှု၊ တောင်သူများ၏ အကျိုးအတွက်ပါ ထည့်သွင်းရေးဆွဲသင့်ကြောင်း၊ အသင်းအဖွဲ့ စည်းမျဉ်းနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက လိုအပ်သည့်အကြံဉာဏ်များ၊ အခြားလိုအပ်သည်များကို တတ်နိုင်သမျှ ကူညီပေးမည် ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မြိတ်မြို့၊ သီဟဇေယျာစျေးကြီးရှိ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

       တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင်လ ၂၂ ရက်နေ့တွင် မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ သီဟဇေယျာ(မြို့သစ်)စျေးကြီးရှိ စားသောက်ကုန်ဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူပြည်သူများအတွက် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ပြည်နယ် စားသုံးသူရေးရာကော်မတီ( ၄/၂၀၂၀ )လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

       ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ( ၂၉ ) ရက်နေ့၊ နေ့လည်  (၁၄:၀၀) နာရီအချိန်တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၄/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကယားပြည်နယ် (CICC) သို့ တိုင်ကြားလာသည့် သောက်ရေသန့်၊ မုန့်လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမှုများ၊  စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူရာတွင် အသုံးပြုသည့်အမိန့်ပုံစံများအား အမှာစာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း အသီးသီးဆွေးနွေးခဲ့ရာ အစည်းအဝေးကို (၁၅:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

သီးနှံသိုလှောင်မှုလုပ်ငန်းဆိုင်ရာ နည်းပညာစာတမ်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) သည် ယခင်က ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန ဖြစ်သည့်အတွက် သီးနှံသိုလှောင်လုပ်ငန်းများနှင့်ပတ်သက်၍ သုတေသနစာတမ်းများနှင့် ဆောင်းပါးများရေးသားခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ယခုအခါ သိုလှောင်မှုနည်းပညာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ သုတေသနစာတမ်းများကို ကိုးကား၍ သီးနှံသိုလှောင်မှုလုပ်ငန်းဆိုင်ရာနည်းပညာစာတမ်းအား ပြုစုရေးသားခဲ့ရာ သီးနှံသိုလှောင်မှုဆိုင်ရာနည်းပညာများအား လိုအပ်သလိုအသုံးချနိုင်ရေးအတွက် အောက်ဖော်ပြပါ (pdf file) တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

ITQM

စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် မြောက်ပိုင်းရပ်ကွက်နှင့် မြောင်မြို့နယ် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်တို့ရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် ဦးဆောင်၍ ခရိုင်စစ်ဆေးအရာရှိ၊ ဌာနခွဲတာဝန်ခံ၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၊ မြင်းမူ၊ မြောင်မြို့နယ်တာဝန်ခံများနှင့် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၄.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀းဝ၀) နာရီအချိန်တွင်  မြင်းမူမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်(၅)ဆိုင်နှင့် (၁၆.၇.၂၀၂၀) ရက်နေ့၊ နံနက်(၁၀:ဝ၀) နာရီအချိန်တွင် မြောင်မြို့နယ် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက် ကုန်စုံဆိုင်(၄)ဆိုင် တွင်  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူပြည်သူများအတွက် ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ ရောင်းချသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရာ၌ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း မရှိသော ကုန်စည်အချို့ စစ်ဆေးတွေ့ရှိရ၍ ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကို ရွေးချယ်ဝယ်ယူရောင်းချရန်နှင့် ဆိုင်သို့ ပို့ဆောင်ပေးသော လုပ်ငန်းရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပေးရန်နှင့် ဆက်လက်ရောင်းချခြင်းမပြုရန် သတိပေးတားမြစ်ခဲ့ပြီး ဝန်ခံချက်တွင် လက်မှတ်ရေးထိုးစေ၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဝယ်ယူခဲ့သည့်ဆိုင်များကိုလည်း ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီအောင်ဖော်ပြပေးရေး တဆင့်ပြောကြားပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ဘီးလင်းမြို့နယ် မင်္ဂလာဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ပမှ တရားမဝင်တင်သွင်းသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများရောင်းချမှု ရှိ/မရှိနှင့် စားသုံးသူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၈.၇.၂၀၂၀ ရက်နေ့တွင် သား၊ ငါး ရောင်းချသော ဈေးဆိုင်ခန်း(၉) ခန်းအား ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ ဈေးဆိုင် (၁) ဆိုင်မှ သက်တမ်းလွန် CP အမှတ်တံဆိပ် (ထိုင်းနိုင်ငံစာသားပါ) ကြက်အသဲ အမြစ်(၆) ထုပ် တန်ဖိုး (၂၁,၆၀၀ ကျပ်) အား စစ်ဆေးတွေ့ရှိသဖြင့် ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းပြီး ဆိုင်ရှင်အား သတိပေးလက်မှတ်ရေးထိုးစေ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝင်းအတွင်း မြေကျင်းတူး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာ ရေးဆွဲရေးအစည်းအဝေး ကျင်းပပြုလုပ်

         မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (MTIP) အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံး၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ မွန်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသော သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်နှင့် ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၂၀-၂၀၂၅ ပါ ကိစ္စရပ်များ၊ လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် လုပ်ငန်းစီမံချက်ပါအချက်အလက်များအား ပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦး

ရွှေဘိုပေါ်ဆန်း GI ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံဆွေးနွေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း GI ရရှိရေးကိစ္စများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ငွေမှ GI ရရှိရေး Project နှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား National Project Coordinator ဦးခင်မောင်ထွန်းနှင့် ရွှေဘိုခရိုင် ဦးစီးမှူးရုံး၌ ၉.၇.၂၀၂၀ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပွဲတွင် National Project Coordinator ဦးခင်မောင်ထွန်းမှ ရွှေဘိုပေါ်ဆန်း GI ရရှိရေး Project အတွက် အခြေခံသည့် ဆန်စက်ပိုင်/ဆန်ကုန်သည်စာရင်းနှင့် ဆက်စပ်လုပ်ငန်းများကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ နယ်နိမိတ်ဧရိယာ လတ္တီကျူ့၊ လောင်ဂျီကျူ့ သတ်မှတ်နိုင်ရေးကိစ္စများကို ယခင်ပြီးခဲ့သော work shop ၌ ဆွေးနွေးခဲ့ကြောင်း၊ ရွှေဘိုမြို့သည် (Square) မဟုတ်သည့် အတွက် မြေပြင်၌ ဆည်ရေသောက်ဧရိယာရှိသော်လည်း စိုက်ပျိုးသူတောင်သူများက ရွှေဘိုပေါ်ဆန်းတစ်မျိုးတည်းမစိုက်ဘဲ အခြားစပါးများလည်း စိုက်ပျိုးသည့်အတွက် ရွှေဘိုခရိုင်အတွင်းရှိ (၆)မြို့နယ်မှ ဆည်ရေသောက်ဧရိယာကိုသာ ဖြတ်ဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ National Project Coordinator ဦးခင်မောင်ထွန်းက ရွှေဘိုပေါ်ဆန်း GI ရရှိရေးနှင့်ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် work shop တစ်ခု ဆောင်ရွက်ရန်ရှိကြောင်း ၊ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး အပါအဝင် နေပြည်တော်ရှိ တီထွင်ဆန်းသစ်မှုနှင့်သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့တာဝန်ခံ ၊ JICA ဝန်ထမ်းများ၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ရွှေဘိုပေါ်ဆန်း စပါးစိုက်တောင်သူများ၊ မျိုးစေ့ထုတ်တောင်သူများ ၊ ဆန်စက်ပိုင်များအား ဆွေးနွေးရန် ဖိတ်ကြားမည်ဟု သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

အဆင့်မြှင့်တင်ထားသည့် Consumer Complaint System အသုံးပြုနည်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Upgrade Consumer Complaint System အသုံးပြုနည်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂၃ရက်နေ့တွင် Online အသုံးပြု၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ဝေက အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ Website နဲ့ DOCA Myanmar Mobile Application မှာ Consumer Complaint System ပါရှိပါ ကြောင်း၊ ယခုလက်ရှိ သုံးစွဲလျက်ရှိပါကြောင်း၊ စားသုံးသူများက တိုင်ကြားလာတဲ့ တိုင်ကြားစာတွေရဲ့ ၆၀% ကျော်ဟာ ဒီ Consumer Complaint System ကနေ တိုင်ကြားကြတာ ဖြစ်တဲ့အတွက် အောင်မြင်တဲ့စနစ်ဖြစ်ပါကြောင်း၊ ယခုအသုံးပြုနေတဲ့စနစ်မှာဆိုရင် တိုင်ကြားစာတွေကို စားသုံးသူ ရေးရာဌာနခွဲကနေ လက်ခံပြီး Hard Copy download ရယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကိုပို့ပေးကာ ဆက်လက်ဖြေရှင်းဆောင်ရွက်ရတဲ့ စနစ်ဖြစ်ပါကြောင်း ဒီစနစ်ကို အဆင့်မြှင့်တင် နိုင်ဖို့အတွက် USAID အဖွဲ့နဲ့ညှိနှိုင်းခဲ့ရာ USAID က ဒီစနစ်ကို အဆင့်မြှင့်တင်ရေးဆွဲဖို့ ထောက်ပံ့ကူညီခဲ့ ပါကြောင်း၊ ဒီစနစ်မှာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးရုံးများအနေနဲ့ တိုင်ကြားမှုများကို တိုက်ရိုက်လက်ခံ ပြီး ဆက်လက်ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ တိုင်ကြားသူများဘက်ကလည်း သူတို့ရဲ့ တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်နေမှု အဆင့်ဆင့်ကို ၎င်းတို့၏ ဖုန်းသို့ SMS ပေးပို့ထားတဲ့ link နဲ့ Tracking Code တို့က တဆင့် Website မှာ စောင့်ကြည့်နိုင်မှာဖြစ်တဲ့အတွက် Transparency ရှိတဲ့ စနစ်ဖြစ်ပါကြောင်း၊ ဒီစနစ်ရဲ့ အားသာချက်တွေကတော့ Paper Work ကို လျှော့ချနိုင်ခြင်း၊ ဝန်ထမ်း အင်အား အသုံးပြုရမှု လျှော့ချနိုင်ခြင်း၊ reporting စနစ်များ ပိုမိုကောင်းမွန်လာခြင်း၊ အွန်လိုင်းအသုံးပြု စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးစနစ် (ODR) အတွက် အခြေခံကောင်း ဖြစ်ခြင်း၊ တိုင်ကြားသူများက သူတို့ရဲ့တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်နေမှု အခြေအနေကို စောင့်ကြည့်နိုင်ခြင်းတို့ ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆင့်မြှင့်တင်ထားသည့် အွန်လိုင်း အသုံးပြု စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်ကို မကြာမီ စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

ITQM

စားသုံးသူရေးရာဦးစီးဌာန     

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ