Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာခရိုင်အတွင်းရှိ ဆီများ စားသုံးမှုများလာပြီး ဆီစက်များပုံမှန်လည်ပတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ ဆီစက်လုပ်ငန်းရှင်များသည် ယခင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် စုစုပေါင်းဆီစက်၏ ၁၀% သာလည်ပတ်နိုင်ကြသော်လည်း ယခု(၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ဆီဈေးကွက်အခွင့်အလမ်းပေါ်ပေါက်လာ၍ ဆီစက်စုစုပေါင်း၏ ၅၀% အထိလည်ပတ်လာနိုင်ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရပါသည်။
မုံရွာခရိုင်တွင် ဆီထွက်သီးနှံ မိုး၊ ဆောင်း (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ဧက (၃၀၀၀၀၀) ကျော်ခန့် စိုက်ပျိုးပြီး ဆီစက်အရေအတွက် (၁၄၅)စက် ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။
ခရိုင်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းထွက်ရှိမှု၊ ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုအရ မုံရွာခရိုင်သည် ဆီလိုအပ်ချက်ပြည့်မီပြီး စားသုံးမှုပိုလျှံသည့် ခရိုင်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင်လည်း ဆီထွက်သီးနှံများကို ဝယ်လိုအား မြင့်မားမှုကြောင့် တရုတ်ဝယ်လက်များနှင့် ဈေးနှုန်းယှဉ်ပြိုင်ဝယ်ယူပြီး သိုလှောင်ကြိတ်ခွဲ ထုတ်လုပ်ရောင်းချသည့်အတွက် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းကြီးမြင့်လာပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီဈေးကွက်ကို ယှဉ်ပြိုင်ရောင်းချရန် အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။ ၂၀၂၁ခုနှစ် စက်တင်ဘာလနောက်ပိုင်း စားအုန်းဆီဈေးနှုန်းမြင့်မားလာပြီး ဒေသထွက် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသောကြောင့် အခြေခံလူတန်းစား များသည် ကျန်းမာရေးနှင့် ညီညွတ်သော ဒေသထွက်ဆီများကို ဝယ်ယူစားသုံးလာကြသည်။
အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဆောင်းမြေပဲထွက်ရှိပြီး ယခုနှစ်တွင် တရုတ်ဈေး ကွက်သို့ မြေပဲဆံတင်ပို့မှုမရှိသည့်အတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းလုံ လောက်စွာရရှိခြင်း၊ ဒေသထွက်ဆီများစားသုံးမှု မြင့်မားလာခြင်း၊ စားအုန်းဆီဈေးနှုန်းနှင့် ဒေသထွက်ဆီများ၏ဈေးနှုန်းကွာခြားမှု ကျဉ်းမြောင်းလာခြင်း၊ ဝယ်ယူစားသုံးမှုများပြားလာခြင်းစသည့်တို့ကြောင့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ယခင်နှစ်ထက် ပိုမိုကြိတ်ခွဲ ထုတ်လုပ် ရောင်းချလျက် ရှိကြောင်းသိရပါသည်။
၂၀၂၁-ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် လူသုံးများသည့် စားအုန်းဆီ ၁၀ ပိဿာ တစ်ပုံး ၄၈၀၀၀ကျပ်၊ မြေပဲဆီသန့် ၁၀ ပိဿာတစ်ပုံး ၆၀၀၀၀ ကျပ်ဖြစ်သည်။ ကုန်ကြမ်း မြေပဲဆံတစ်ပိဿာ ၂၃၀၀ ကျပ် ဒေသတွင်း ပေါက်ဈေးရှိပြီး ပိဿာ ၁၀၀ ကြိတ်ခဲ့ပါက ဆီသန့် ၄၀ ပိဿာရပြီး ပဲဖတ် ၅၅ ပိဿာထွက်ရှိပါသည်။ ဆီသန့်ပဲဖတ်များကို ‌ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တွံ့တေးမြို့များအဓိက‌ရောင်းချရပြီး ယနေ့ ပဲဖတ်တစ်ပိဿာ ၁၃၂၀ ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမြင့်မားသည့် အတွက် ပြည်ပမှ စားအုန်းဆီများကို ဘီလီယံနှင့် ချီ၍ ဝယ်ယူတင်သွင်းနေရကြောင်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားအုန်း ဆီများကို လျော့ချစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်သကဲ့သို့ ပြည်ပထွက်ငွေလည်း ချွေတာရာရောက်စေကြောင်း နိုင်ငံတော်အကြီးအကဲများက အသိပညာပေးလျက်ရှိသည်။
ပြည်ပသို့ မြေပဲဆံတင်ပို့မှု ပိုလျှံမှသာ ရောင်းချသင့်ကြောင်း၊ သို့မှသာ အခြေခံလူတန်းစားများ ဝယ်ယူစားသုံးနိုင်သည့် ဈေးနှုန်းဖြစ်ပေါ်လာ နိုင်ပြီး စားအုန်းဆီစားသုံးမှုကိုလည်း လျှော့ချသွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီအား ဈေးနှုန်းသက်သာသဖြင့် စားသုံးနေရသော်လည်း ကျန်းမာရေးနှင့် ညီညွတ်ပြီး ပြည်တွင်းမှထွက်ရှိသည့်မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကိုသာ ဝယ်ယူစားသုံးရန် ဆန္ဒရှိကြောင်း စားသုံးသူ မိဘပြည်သူများထံမှ သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ခြင်း

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှ (၁၂) ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀)နာရီမှ ညနေ (၁၄:၀၀)နာရီအထိ (၅)ရက်တာ သင်တန်း ဖွင့်လှစ်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက လက်ရှိဝန်ထမ်းများနှင့် အသစ်ခန့်ထားသော ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းနှင့်သင်တန်းဆိုတာ အမြဲဒွန်တွဲလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းမှာ ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်စေရန်ဖြစ်ပြီး သင်တန်းတွင် ပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း၊ မိမိကိုယ်ကိုတိုးတက်အောင် တစိုက်မတ်မတ် လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၏ ပို့ချသော သင်ခန်းစာများကို ဂရုတစိုက်သင်ယူကြရန်လို ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ပါတီနိုင်ငံရေးလုပ်ခြင်း မပြု ကြရန်လိုကြောင်း၊ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားခဲ့ကြပြီး သင်တန်းသားဦးရေ စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်မှစတင်၍ အီသနော ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချရန် စီစဉ်လျက်ရှိ

အိန္ဒိယနိုင်ငံ၌ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ အီသနောလောင်စာဆီ ရောစပ်မှု ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိရာ မော်တော် ယာဉ်အသစ်များအား ရောစပ်လောင်စာဆီနှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်ရောင်းချရမည်ဖြစ်ပြီး မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် လက်ရှိထုတ်လုပ်ထားသော ဓာတ်ဆီသုံး မော်တော် ကားများကိုလည်း လိုက်ဖက်ညီသည့် လောင်စာစနစ် ပြန်လည်ပြုပြင် တပ်ဆင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။
အစိုးရအဖွဲ့စီးပွားရေးရာကော်မတီက အီသနောဈေးနှုန်းများအား မြှင့်တင်ရန် အတည်ပြု ချမှတ်ခဲ့ပြီး နောက်တစ်ရက် ၁၁-၁၁-၂၀၂၁ နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အိန္ဒိယ ရေနံနှင့် သဘာဓာတ်ငွေ့ဝန်ကြီးဌာနမှ အတွင်းဝန် Mr. Tarun Kapoor က အစိုးရသည် အီသနော လောင်စာ ၂၀ ရာခိုင်နှုန်း ပါဝင်ရောစပ်ထားသည့် ဓာတ်ဆီအရောအနှော (E20 blended petrol) အား မိတ်ဆက်အသုံးပြုခြင်းကို ၂၀၂၃ ခုနှစ်မှ အစပြုဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှ စတင်၍ E20 ရောနှောဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် ရည်မှန်းချက် ချမှတ်ထားကြောင်း၊ ထိုသို့ အကူးအပြောင်းကာလအတွင်း စက်သုံးဆီဆိုင်များတွင် ၎င်း E20 ဓာတ်ဆီနှင့် အီသနော ၁၀ ရာခိုင်နှုန်း ပါဝင်သည့် E10 ဓာတ်ဆီတို့ကို ရောင်းချပေးလိမ့်မည်ဖြစ်ကြောင်း၊ E20 ဓာတ်ဆီ သီးသန့်ရောင်းချသည့် အရောင်းဆိုင်များ ထားရှိမည်မဟုတ်ပဲ တည်ရှိပြီးသား စက်သုံးဆီဆိုင်များ မှ ဖြန့်ဖြူးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများက အစိုးရ၏ အီသနောလောင်စာ ရောစပ်သုံးစွဲ ရေးအစီအစဉ်အပေါ် လိုက်ပါဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောဆိုသကဲ့သို့ စိုးရိမ်ပူပန်ဖွယ် အချက်များလည်းရှိကြောင်း ဖော်ပြကြပါသည်။
အိန္ဒိယပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်ဝေစု ၅၀% ကျော် ရရှိထားသည့် Maruti Suzuki ကုမ္ပဏီသည် လက်ရှိကာလ၌ E10 ဓာတ်ဆီနှင့် ကိုက် ညီသည့် မော်တော်ယာဉ်များထုတ်လုပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် E20 ရောနှောဓာတ်ဆီနှင့် လိုက်လျောညီထွေမှုရှိစွာ ထုတ်လုပ်နိုင်မည့် အခြေအနေရှိပါသည်။ အဆိုပါကုမ္ပဏီမှ နည်းပညာ ဆိုင်ရာ အရာရှိချုပ် Mr. C V Raman က အစိုးရ၏ E10 နှင့် E20 ရောနှောဆီများ အသုံးပြုရေး ရှေ့ရှုဆောင်ရွက်မှုတွင် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သာမန်ဓာတ်ဆီ နှင့် CNG တို့အပြင် ပြုပြင်ပြောင်းလဲလွယ်သည့် ရောနှောဆီ (flex fuel) စနစ်ကိုလည်း မော်တော် ယာဉ်ထုတ်လုပ်မှုလိုင်း၌ အစပြုထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုပါသည်။
သို့ရာတွင် အီသနောလောင်စာ ၂၀ ရာခိုင်နှုန်းပါဝင်သည့် စက်မောင်းဆီ ထည့်သွင်း အသုံး ပြုရန် သင့်လျော်မှုမရှိသော မော်တော်ယာဉ်များအား လိုက်လျောညီထွေမှုရှိအောင် ပြုပြင်ရာ၌ ကုန်ကျစရိတ်ကြီးမားခြင်း၊ အီသနောရောနှောဆီ၏ ဆီစားမှုနှုန်းမြင့်မားခြင်း စသည့်အချက်များ ကြောင့် သုံးစွဲသူများ၏ နှစ်သက်လက်ခံမှုကို မရရှိနိုင်သည့် ပြဿနာရပ်များနှင့် ကြုံတွေ့ရနိုင် ကြောင်း ပြည်ပမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှ အမှုဆောင်အရာရှိတစ်ဦးက ပြောဆိုပါသည်။
အတွင်းဝန် Mr. Tarun Kapoor ၏ ပြောကြားချက်အရ အိန္ဒိယအစိုးရသည် မော်တော် ယာဉ်များ၌ ၁၀၀ ရာခိုင်နှုန်းပြည့် အီသနောလောင်စာဆီဖြင့် မောင်းနှင်အသုံးပြုနိုင်သည့် အဆင့် ရောက်ရှိရန် ရည်မှန်းထားပြီး ကနဦး လေ့လာဆန်းစစ်မှုစီမံကိန်းကို Pune မြို့၌ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း၌ မော်တော်ဆိုင်ကယ်များထုတ်လုပ်လျက်ရှိသော Bajaj Auto ၊ TVS နှင့် Toyota ကုမ္ပဏီတို့က အီသနောပါဝင်မှု မြင့်မားသော flex fuel လောင်စာဆီများ ထည့်သွင်းအသုံးပြုနိုင်သည့် အင်ဂျင်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင် TVS Motor နှင့် Mahindra & Mahindra ကုမ္ပဏီများသည် အီသနော လောင်စာဆီသုံး မော်တော်ယာဉ်များ ကနဦးစမ်းသပ်ထုတ်လုပ်မှုကို Pune မြို့၌ လုပ်ဆောင်လျက်ရှိပြီဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ E20 ရောနှောလောင်စာဆီဖြင့် မောင်းနှင်အသုံးပြုနိုင်သည့် မော်တော်ယာဉ် များ ထုတ်လုပ်ရောင်းချမှုကို ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမကြီးများဝန်ကြီးဌာနက ခွင့်ပြုပေးရမည်ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်အရောက်တွင် အဆိုပါရောနှောလောင်စာဆီများ ထုတ်လုပ်ရောင်းချနိုင်မှု သေချာစေရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနက တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။ ယခင်က ပြည်တွင်း၌ လေထုညစ်ညမ်းမှုကို လျော့ချရန် Bharat Stage VI အဆင့်ရှိ စက်မောင်းဆီသုံးစွဲရေးကို တွန်းအားပေးဆောင်ရွက်စဉ်ကလည်း လောင်စာဆီ ထုတ် လုပ်ရေးကဏ္ဍ၏ ဦးဆောင်မှုနောက်တွင် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများက တဖြည်း ဖြည်း လိုက်ပါလာသည့် သာဓကရှိခဲ့သည်။
အိန္ဒိယအစိုးရသည် ပြည်တွင်း၌ အီသနောရောနှောလောင်စာဆီ အသုံးပြုရေး လမ်းပြ မြေပုံ ၂၀၂၀-၂၅ ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ ၅-၆-၂၀၂၁ ရက်နေ့တွင် ချမှတ်ထုတ်ပြန်ခဲ့ရာ အိန္ဒိယ စက်သုံးဆီထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများသည် ဓာတ်ဆီ၌ အီသနော ၁၀% ရောနှော ထည့်သွင်းမှုအား ၂၀၂၁-၂၂ ESY အီသနောထုတ်လုပ်ပေးသွင်းရေးနှစ် (ဒီဇင်ဘာလမှ နိုဝင်ဘာလ အထိ) တွင်လည်းကောင်း အီသနော ၂၀% ပေါင်းစပ်မှုအား ၂၀၂၅-၂၆ ESY နှစ်၌ လည်းကောင်း ရည်မှန်းချက် ပြည့်မီရေး ဆောင်ရွက်လျက်ရှိသည်။ Business Standard သတင်းဌာန၏ ဖော်ပြ ချက်အရ အိန္ဒိယရေနံကုမ္ပဏီများသည် ၂၀၁၃-၁၄ ESY နှစ်တွင် အီသနောလောင်စာဆီ လီတာ ၃၄ ကုဋေသာ ထုတ်လုပ်ခဲ့ရာမှ ၂၀၂၀-၂၁ ESY နှစ်တွင် လီတာ ကုဋေပေါင်း ၃၅၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
Source: India aims to sell only 20% ethanol-blended petrol from 2025: Oil Secretary, 11-11-2021, Business Standard
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါးစိုက်တောင်သူနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီး သာယာဝတီခရိုင်အနေဖြင့် မိုးစပါးစိုက်ဧကမှာ (၆၇၅၅၉၂)ဧက မင်းလှမြို့အနေဖြင့် (၇၆၁၃၉) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ သာယာဝတီခရီုင်ဦးစီးမှူးနှင့် အတူ မင်းလှမြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၁၀ . ၁၁ .၂၀၂၁ ) ရက်နေ့တွင် မင်းလှမြို့နယ် ၊စာနီစုကျေးရွာအုပ်စု ၊ ‌စာနီစုကျေးရွာရှိ ဆင်းသုခစပါးစိုက်ကွင်း၊ စိုက်ဧက (၁၇) ဧက စိုက်ပျိုးသော တောင်သူ ဦးချမ်းသာ၏ လယ်သို့ ကွင်းဆင်းရာတွင် စပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၇၀) တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။
ကုန်ကျစရိတ်များအနေဖြင့် သွင်းအားစုသုံးစွဲမှုမှာ ယခင်နှစ် မျိူးစပါးစျေးနှုန်း ၁အိတ်လျှင် ၈၅၀ဝိ၊ ယခုနှစ် ၁အိတ်လျှင် ၁၇၀၀ဝိ၊ ယခင်နှစ် မိုးစပါးရာသီတွင် ပုလဲမြေဆီ ၁ အိတ်လျှင် ၂၇၀၀ဝိ/ ယခုနှစ်စျေးနှုန်း ၁အိတ်လျှင် ၅၀၀၀ဝိ မှ ၇၀၀၀ဝိ ထိ၊ ယခင်နှစ် ၁၅ပတ်လည်မြေဆီ ၁အိတ်လျှင် ၃၈၀၀ဝိ/ ယခုနှစ်စျေးနှုန်း ၆၀၀၀ဝိ/ ထိစျေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲရပါကြောင်း သိရှိရပါသည်။
စပါးစျေးနှုန်းများအနေဖြင့် အစိုဓါတ် ၂၀% မှ ၂၅% ရှိ ဆင်းသုခစပါး ၅၀ပေါင် စျေးနှုန်းမှာ ၅၉၀,၀၀၀ကျပ် (၄၆ပေါင်စျေးနှုန်း=၅၄၂၈၀ဝိ/ကျပ်) ဖြစ်ပါသည်။ အခြောက်ခံစက်သို့ တင်ပို့ပြီး အခြောက်ခံလျှင် အခြောက်ခံခ (၁) တင်းစျေးနှုန်းမှာ ၃၅၀ကျပ်၊ စပါး (၁၀၀) တင်းလျှင် ၃၅၀၀ဝိ/ ကုန်ကျမည် ဖြစ်ကြောင်း ၊ ၁၃% ထိ အခြောက်ခံပြီး ၅၀ပေါင် စပါးစျေးနှုန်းမှာ ၆၅၀၀၀ဝိ (၄၆ပေါင်စျေးနှုန်း= ၅၇၅၀၀ဝိ)/ စျေးရရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

စစ်တွေမြို့ပေါ်ရှိဆီစက်လုပ်ငန်းရှင်များ၏ရင်ဖွင့်သံ

ရခိုင်ပြည်နယ် စစ်တွေခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးဆီဖူလုံရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ တိုးပွားလာစေရေးတို့အတွက် စစ်တွေခရိုင်ဦးစီးမှူးဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဖြင့် (၁၂-၁၁-၂၀၂၁)ရက်နေ့တွင် စစ်တွေမြို့ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံမေးမြန်းမှုများအရ စစ်တွေမြို့ပေါ်ရှိ စက်မှုမှတ်ပုံတင် ဆီစက်လုပ်ငန်းရှင်(၆)ဦး အနက် စားသုံးဆီစက်လုပ်ငန်းရှင် ဒေါ်စောသိန်းအေးဆီစက်မှာ “ဖူးပွင့်စုံ” ကုန်အညွှန်းအမှတ် တံဆိပ်ဖြင့် မြေပဲဆီ၊ မုန်ညှင်းဆီနှင့် နှမ်းဆီများကြိတ်ခွဲထုတ်လုပ်ပြီး လက်လီ/လက်ကား ဖြန့်ချီ ရောင်းချလျက်ရှိပြီး စက်မှုမှတ်ပုံတင်လျှေက်ထားဆဲ “ရခိုင်သားချေ” ကုန်အညွှန်း အမှတ် တံဆိပ်ဖြင့် လျှပ်စစ်မော်တာသုံး ဗီယက်နမ်ထုတ် ဆီကြိတ်ခွဲစက်ငယ်ဖြင့် မြေပဲဆီနှင့် နေကြာဆီ များ ကြိတ်ခွဲထုတ်လုပ်ရောင်းချလျက်ရှိပါသည်။
စစ်တွေမြို့ပေါ်တွင် အခြားရပ်တန့်ထားသော ဆီစက်(၅)ခုမှာ နှစ်စဉ်စက်မှုမှတ်ပုံတင် လိုင်စင်ပြုလုပ်လျက်ရှိသော်လည်း စက်လည်ပတ်မှုရပ်တန့်နေရခြင်းမှာ ဒေသတွင်းကုန်ကြမ်းထုတ်လုပ်မှုအားနည်းခြင်းကြောင့် ကုန်ကြမ်း‌ဈေးနှုန်းမြှင့်တက်ခြင်း၊ မကွေးတိုင်းဒေသကြီးမှ မြေပဲ တောင့်/ မြေပဲဆံများ မှာယူကြိတ်ခွဲရာ မြေပဲသိုလှောင်သူများမှာ မြေပဲများအား အချိန်ကြာမြင့်စွာ သိုလှောင်ထားမှုကြောင့် ဆီကြိတ်ခွဲရာတွင် အနံ့အသက်မကောင်းခြင်း၊ အရည်အသွေး အရောင်အဆင်း စံချိန်စံနှုန်းပြည့်မီမှုမရှိခြင်းကြောင့် မှာယူကြိတ်ခွဲမှုမပြုဘဲ ၊ စက်လည်ပတ်မှု ရပ်တန့်ထားကြကြောင်းနှင့် စက်လည်ပတ်မှု ရပ်တန့်ထားသည့် အချို့သော ဆီစက်ပိုင်ရှင်များအနေဖြင့် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်မှ မြေပဲဆီများမှာယူကာ ကုန်အညွှန်းအမှတ်တံဆိပ်မပါဘဲ တစ်လီတာဘူးများဖြင့် ဈေးကွက်အတွင်း ဖြည့်တင်း ရောင်းချနေမှုများ ရှိကြောင်းလည်း သိရှိရပါသည်။
COVID-19 ကပ်ရောဂါ အခြေအနေများနှင့် မြေပဲ၊ နှမ်း၊မုန်ညှင်းစိုက်ပျိုးရာတွင် လုပ်သားအင်အားရှားပါးခြင်းတို့ကြောင့် ကုန်ကြမ်းထွက်ရှိမှုနည်းပါးလျက်ရှိကာ ဆီဈေးနှုန်းများအနေဖြင့် ယခုလက်ရှိ ပေါက်ဈေးနှုန်းမှာ မြေပဲဆီနှင့် မုန်ညှင်းဆီ တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ကျပ် ၁၀၀၀၀ ထိနှင့် နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ကျပ် ၁၂၀၀၀ ထိ ဈေးနှုန်း မြှင့်တက်လာကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီနှင့် နိုင်ငံခြားမှ တင်သွင်းသည့် စားအုန်းဆီများကိုသာ စားသုံးသူအများစု ဝယ်ယူစားသုံး နေကြခြင်းကြောင့် မြေပဲဆီစစ်စစ် ကြိတ်ခွဲထုတ်လုပ်ရောင်းချသော ဆီစက်လုက်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ရောင်းချရမှုမှာ ယခင်နှစ်များထက် တစ်နှစ်ထက်တစ်နှစ် ရောင်းအား ကျဆင်းမှုများရှိပြီး တွက်ခြေကိုက်မှု သိသိသာသာလျော့နည်းလာခြင်းတို့ကြောင့် ယခု ကဲ့သို့ ဆီစက်များအား ရပ်တန့်ထားရခြင်း ဖြစ်ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ ကြားသိခဲ့ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရခိုင်)

မကွေးမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

မကွေးမြို့၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ ကောက်ယူရရှိသော ဈေးနှုန်းစာရင်းများမှာ လက်လီရောင်းချမှုအနေဖြင့် ပေါ်ဆန်းဆန်(ရွှေဘို) တစ်ပြည်လျှင်(၂၅၅ဝိ/-)၊ ပေါ်ဆန်းဆန်(ဖျာပုံ) တစ်ပြည် လျှင်(၂၅၅ဝိ/-)၊ ဧည့်မထဆန် တစ်ပြည်လျှင်(၂၃၀ဝိ/-)၊ ရောင်းချလျှက်ရှိပြီး စားသုံးဆီများအနေဖြင့် ပဲဆီ တစ်ပိဿာ(၆၅၀ဝိ/-)၊ နှမ်းဆီတစ်ပိဿာ(၇၀၀ဝိ/-)၊ စားအုန်းဆီတစ်ပိဿာ(၄၆၅ဝိ/-)၊ စားဖိုဆောင်သုံး အနေဖြင့် ငရုပ်သီးခြောက်အရှည် တစ်ပိသာ(၄၂၀ဝိ/-)၊ ငရုပ်သီးခြောက်အပု တစ်ပိဿာ(၅၂၀ဝိ/-)၊ ကြက် သွန်နီ တစ်ပိဿာ(၈၀ဝိ/-)၊ ကြက်သွန်ဖြူ(ရှမ်း/ဗမာ) တစ်ပိဿာ(၅၅၀ဝိ/-)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ(၄၈၀ဝိ/-)၊ နနွင်းတက် တစ်ပိဿာ(၃၅၀ဝိ/-)၊ ဂျင်း တစ်ပိဿာ(၂၆၀ဝိ/-)၊ ဆား တစ်ပိဿာ (၅၀ဝိ/-)၊ မန်ကျည်းသီးမှည့် တစ်ပိဿာ(၃၈၀ဝိ/-)၊ မြေပဲဆံ တစ်ပိဿာ(၃၂၀ဝိ/-)၊ ကုလားပဲခြမ်း တစ်ပိဿာ(၃၅၀ဝိ/-)၊ အားလူး တစ်ပိဿာ(၂၀၀ဝိ/-)၊ သကြား တစ်ပိဿာ(၁၈၀ဝိ/-)၊ အသား/ငါးအနေဖြင့် စီပီကြက် တစ်ပိဿာ(၆၀၀ဝိ/-)၊ ဗမာကြက် တစ်ပိဿာ(၁၄၀၀ဝိ/-)၊ ဝက်သား တစ်ပိဿာ(၁၄၀၀ဝိ/-)၊ အမဲသား တစ်ပိဿာ(၁၆၀၀ဝိ/-)၊ ဆိတ်သား တစ်ပိဿာ(၂၀၀၀ဝိ/-)၊ ငါးမြစ်ချင်း တစ်ပိဿာ(၄၅၀ဝိ/-)၊ ကန်စွမ်းရွက်တစ်စီး(၁၀ဝိ/-)၊ ပဲတောင့်ရှည်တစ်စီး(၁၀ဝိ/-)၊ ခရမ်းချဉ်းသီးတစ်ပိဿာ(၂၀၀ဝိ/-)၊ ဂေါ်ဖီထုတ် တစ်ထုပ်(၆၀ဝိ/-)၊ ပန်းဂေါ်ဖီတစ်ပွင့်(၆၀ဝိ/-)၊ ဘဲဥတစ်လုံး(၁၈ဝိ/-)၊ ကြက်ဥတစ်လုံး(၁၆ဝိ/-)၊ စက်သုံးဆီ အနေဖြင့် ဓါတ်ဆီတစ်ဂါလံ(၆၆၆ဝိ/-)၊ ဒီဇယ်ဆီတစ်ဂါလံ(၆၃၉ဝိ/-)၊ ၁၆ပဲရည် ရွှေတစ်ကျပ်သား (၁၈၀၀၀၀ဝိ/-)၊ ၁၅ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၁၆၉၈၀၀ဝိ/-)၊ ၁၄ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၁၆၇၀၀၀ဝိ/-)ရောင်းချလျှက်ရှိပြီး ကြက်သွန်အနီ၊ ကြက်ဥ၊ ဘဲဥ၊ ဒီဇယ်၊ ရွှေ(၁၆ပဲရည်၊ ၁၅ပဲရည်၊ ၁၄ပဲရည်)ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျှက်ရှိပါသည်။
၎င်းဈေးနှုန်းစာရင်းများသည် မကွေးမြို့တစ်မြို့လုံးသို့ စားဖိုဆောင်သီးနှံများ လက်လီ/ကား ဖြန့်ဝေပေးနေသည့် အရောင်းဆိုင်ကြီးဖြစ်သော ဦးစံကြည်ပွဲရုံမှလည်းကောင်း၊ အသားငါးဈေးနှုန်းများကို မကွေးမြို့ပေါ်ရှိ စည်ပင်သာယာဈေးများမှလည်းကောင်း၊ ရွှေဈေးနှုန်းများကို ခေတ်ဆန်းရွှေဆိုင်မှ လည်းကောင်း၊ ဓါတ်ဆီ/ ဒီဇယ်ဆီဈေးနှုန်းများကို မကွေးမြို့ပေါ်ရှိ ဆယ်စုသစ်၊ Denko ဆီအရောင်းဆိုင်များမှလည်းကောင်း၊ ဆန်ဈေးနှုန်းများကို မကွေးကုန်စည်ဒိုင်မှလည်းကောင်း၊ စားသုံးဆီဈေးနှုန်းများကို မကွေးမြို့ပေါ် စည်ပင်သာယာဈေးများရှိ ဆီအရောင်းဆိုင်များ၊ ဆီကုန်သည်ကြီးများအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များအသင်းတို့မှလည်းကောင်း နေ့စဉ် ကောက်ယူလျက်ရှိပြီး ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များဘက်မှ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေးရည်ရွယ်၍ ရုံးချုပ်၏လမ်းညွှန်ချက်အရ နေ့စဉ်ကုန်ဈေးနှုန်းစာရင်းများ ကောက်ယူလျက် ရှိပါသည်။
DOCA(မကွေး)

ဖျာပုံမြို့နယ်တွင် ဈေးကွက်ဝင်အုန်းချိုမွှေးများကိုစိုက်ပျိုးလျက်ရှိ

ဖျာပုံမြို့နယ်သည်စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်လျက်ရှိသော မြို့ တစ်မြို့ဖြစ်ပြီး ယခုအခါတွင် ထိုင်းမျိုးဖြစ်သည့် အုန်းချိုမွှေး(အရေသောက်အုန်းပင်)များကို စိုက်ပျိုး လာကြသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် အုန်းချိုမွှေးများ စိုက်ပျိုးထားသည့် ကျုံတာကျေးရွာသို့ သွားရောက်၍ စိုက်ခင်းတာဝန်ခံ ဦးမောင်အေးနှင့် တွေ့ဆုံပြီး စိုက်ခင်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။
စိုက်ခင်းတာဝန်ခံက အုန်းချိုမွှေး စိုက်ဧက(၄)ဧကစိုက်ပျိုးထားရှိကြောင်း၊ တစ်ဧကလျှင် အပင်(၈၀)နှင့် တစ်ပင်နှင့်တစ်ပင်အကြား (၁၅)ပေ ခြား၍ တစ်ဘောင်နှင့် တစ်ဘောင်ကြား (၁၀)ပေအကွာအဝေးဖြင့် စိုက်ပျိုးထားရှိပါကြောင်း၊ ပျိုးပင်များကို ရန်ကုန်မြို့တိုက်ကြီးမှဝယ်ယူပြီး တစ်ပင်လျှင်(၇၀၀၀)ကျပ် ဈေးဖြင့်ဝယ်ယူရကြောင်း၊ ခြံလုပ်သားများအား ကိုယ့်စားရိတ်ကိုယ်စားစနစ်ဖြင့် တစ်နေ့လျှင် လုပ်ခကျပ်(၇၀၀၀ မှ ၁၀၀၀၀) ထိပေးချေရကြောင်း၊ စိုက်ခင်းဘောင်ပေါ်တွင် စက်ဖွဲပြာ၊ သဘာဝ ကြက်ချေး၊ တီစူပါအနက်၊ ပုလဲဓါတ်မြေဩဇာ နွာချေးတို့အား အချိုးအစားအတိုင်း ထည့်ပေးကြောင်း၊ အုန်းချိုမွှေး သီးချိန်ကတော့(၂)နှစ်ဆိုလျှင် သီးကင်း လိုက်ပြီး (၃) နှစ်တွင် ဈေးကွက် တင်ရောင်းလို့ရပြီဖြစ်ကြောင်း၊ အုန်းပင် တစ်ပင်လျှင် ၃/၄ခိုင် သီးပြီး အုန်းသီး တစ်ခိုင်လျှင် (၂၅-၃၀) လုံးခန့်သီးကာ ဈေးကွက်အနေဖြင့် တစ်လုံးလျှင် ကျပ်(၄၀၀-၅၀၀) ကျပ်ရရှိကြောင်း သိရှိရပါသည်။
အုန်းချိုမွှေး (၁) ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် (၇၅) သိန်းခန့်ရှိပြီး အုန်းပင်ကြားတွင် မျိုး ကောင်းသော ကွမ်းသီးပင်များ အပင် (၁၀၀၀) ကြားညှပ်စိုက်ပျိုးထားရှိပါသည်။ ကျုံတာ ကျေးရွာတွင်လည်း အုန်းချိုမွှေးစိုက်ပျိုးသူ နောက်တစ်ဦးရှိပြီး ဒေးဒရဲမြို့နယ်တွင်လည်း အုန်းချိုမွှေး စိုက်ပျိုးသူများရှိကြောင်း ခြံတာဝန်ခံထံမှ သိရှိခဲ့ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ပခုက္ကူမြို့ပေါ်နှင့် စက်မှုဇုန်ရှိ ဆီစက်များ/မြေပဲဆုံဆီများအား ကွင်းဆင်းစစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သည့်အဖွဲ့သည် ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့တွင် ပခုက္ကူမြို့ စက်မှုဇုန်ရှိ ဆီစက်များနှင့် မြို့ပေါ်ရှိ မြေပဲဆုံဆီများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့သည် ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ စက်မှုမှတ်ပုံတင် ရှိ/မရှိ၊ ရင်းနှီးမြုပ်နှံသည့်တန်ဖိုး၊ အသုံးပြုသည့် မော်တာမြင်းကောင်ရေ၊ ကြိတ်ခွဲနိုင်သည့်တန်ချိန်(၁ရက်၊ ၁လ၊ ၁နှစ်)၊ ဈေးနှုန်း/ဈေးကွက်တို့အား မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံ ပိုမိုစိုက်ပျိုးလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆီစက်လုပ်ငန်းများအား ယခုလိုကွင်းဆင်း စာရင်းကောက်ယူခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ မြေပဲဆုံဆီလုပ်ငန်းရှင်များက ဆီစက်လုပ်ငန်းတွင် တစ်ရက်လျှင် ကုန်ကြမ်းမြေပဲ(၄၀)ပိဿာခန့် အသုံးပြုပြီး ကုန်ချောမြေပဲဆီ (၁၆)ပိဿာခန့် ထွက်ရှိကြောင်း၊ (၁)ဆုံလျှင် (၁)နာရီ‌ကျော်ကြာကြိတ်ရကြောင်း၊ လုပ်ငန်းလိုင်စင်နှင့် စက်မှုမှတ်ပုံတင်များလည်း ပြုလုပ်ထားရှိကြောင်း၊ မြေပဲဆုံ(၁)ဆုံ(မော်တာပါပြီး)၏ တန်ဖိုးမှာ ကျပ်(၂၅)သိန်းမှ (၃၂)သိန်း ထိရှိကြောင်း၊ မြေပဲဆီ(၁)ပိဿာ ဈေးနှုန်းမှာ စက်ပဲဆီ(၅၅၀၀)ကျပ်ရှိပြီး၊ ဆုံပဲဆီ(၇၀၀၀)ကျပ်ခန့် ရောင်းချပါကြောင်း၊ ဈေးကွက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ နှင့် ပခုက္ကူခရိုင်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်၍ ပခုက္ကူစက်မှုဇုန်ရှိ ဆီလုပ်ငန်းရှင်များမှ ဆီစက်ပိုင်ရှင်ဦးရေ(၄၀)ခန့်ရှိသော်လည်း ဈေးကွက်အခြေအနေအရ မလည်ပတ်နိုင်သော စက်ပိုင်ဦးရေ(၃၀)ခန့်ရှိကြောင်း၊ လက်ရှိ လည်ပတ်နေသော ဆီစက် (၁၀) စက်ခန့်ရှိပြီး စားအုန်းဆီနှင့် ပြည်တွင်းဆီသန့်ဈေး ကွာဟမှုကျဉ်း မြောင်းလာပါက နောက်ထပ် (၁၅)ဦးခန့် ပြန်လည် လည်ပတ်နိုင်မည်ဟု ခန့်မှန်း ရကြောင်း၊ ဆီ စက်ပေါင်း(၂၅)စက် လည်ပတ်နိုင်ပါက ပခုက္ကူမြို့အနေဖြင့် ဆီတန်ချိန်(၃၀)ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ခရိုင်အနေဖြင့် ဆိုပါက ဆုံ/စက် စုစုပေါင်း(၅၅)တန်ခန့် ထွက်ရှိနိုင်ကြောင်း၊ စားအုန်းဆီများကို ပြည်ပမှ လျော့ချတင်သွင်းပြီး ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ဆီထွက် သီးနှံများကို ပြည်ပသို့ တင်ပို့မှု လျှော့ချရန် အကြံပြုလိုပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပါက စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် မြေပဲဆုံဆီများကို တစ်ပိဿာ (၆၀၀၀) ကျပ်ခန့် ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးရန်စီစဉ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အညီ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်မည့် ပညာပေး အစီအစဉ်များ ဖော်ဆောင်ရန်၊ အလုပ်လက်မဲ့နှင့် ကျပန်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အတည်တကျရရှိခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဥက္ကဌ တိုင်းဒေသကြီး သယံဇာတဝန်ကြီး ဦးတင်သန်းဝင်း ဦးစီးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၈ ရက်နေ့က ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းခွင် လုပ်သားခန့်ထားနိုင်မည့် အလုပ်ရုံများ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးကာ လိုအပ်သည့် အတတ်ပညာသင်တန်းများပို့ချပေးရန် ဆွေးနွေးခဲ့ကြကြောင်း သင်တန်း ဆင်းပြီးနောက် လုပ်သားအဖြစ်လုပ်ကိုင်မည့်သူများအတွက် အလုပ်ရုံနှင့် ချိတ်ဆက်ပေးကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူများအတွက်လည်း နိုင်ငံတော်မှထုတ်ချေးပေး လျက်ရှိသော ချေးငွေအမျိုးအစားများနှင့် ချိတ်ဆက်ပေးနိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်း၍ (၆)လ ဘဏ္ဍာနှစ် အတွင်း သင်တန်းအမျိုးအစား(၄)မျိုးဖွင့်လှစ်ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင် အဖြစ်ပါဝင်သည့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်အဖွဲ့သည် ပထမဆုံးဖွင့်လှစ်မည့် မုန့်မျိုးစုံထုတ်လုပ်နည်း သင်တန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံကာ သင်တန်းဖွင့်လှစ်ပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းတို့ဖြင့် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
စစ်ကိုင်းတိုင်းဒေသကြီး

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ရွှေတောင်မြို့တွင် (၅၈၁၆၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။
(၉ . ၁၁ . ၂၀၂၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် မင်းကွန်းအုပ်စု ၊ မင်းကွန်း ကျေးရွာရှိ ကွင်းအမှတ် - B.43 ရှိ မှော်ဘီစပါး (၁၀) ဧက စိုက်ပျိုးသော တောင်သူ ဦးအောင်ဇော်မိုး ၏ လယ်သို့ ကွင်းဆင်းရာ စပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် (၆၅)တင်း ထွက်ရှိကြောင်း၊ စက်အရောက် စျေးမှာ (၄၆) ပေါင် တင်း (၁၀၀) လျှင် (၅၈၀၀၀၀) ကျပ်စျေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
စပါးစျေးနှုန်းများအနေဖြင့် ယခင်နှစ် မိုးစပါးပေါ်စတွင် (၄၆)ပေါင် တင်း (၁၀၀)လျှင် (၅၆၀၀၀၀) ကျပ်စျေးရှိပြီး ယခုနှစ်တွင် (၅၈၀၀၀၀) ကျပ်စျေးရှိ၍ ယခင်နှစ်ထက် စျေးပိုမိုရရှိသော်လည်း ယခုနှစ် အနေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်လာခြင်း၊ စက်သုံးဆီ ၊ ဒီဇယ်ဆီ ၊ ဓာတ်ဆီစျေး မြင့်တက်ခြင်း ၊ စပါးရိတ်သိမ်းခြွေလှေ့ခများ ကြီးမြင့်လာခြင်းတို့ကြောင့် ယခုထက်ပိုမို၍ စျေးကောင်းပိုမိုရရှိနိုင်ရေး မျှော်လင့်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ