ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၂.၅.၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ၂၅၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၉.၅.၂၀၂၃)ရက်နေ့ တွင်လည်း ကျပ်(၂၈၀၀၀၀မှ၂၅၅၀၀၀)ရှိခဲ့၍ ဈေးနှုန်းမှာပြောင်းလဲခြင်းမရှိပဲ (၄၃၀)အိတ် အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း နှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ အရောင်းအဝယ်အနည်းအပါးမျှသာ ရှိနေသေးပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
အစိုးရက ထောက်ပံ့ပေးသည့် ဓာတ်မြေဩဇာများအား စက်မှုကုန်ထုတ်လုပ်ငန်းများသို့ လွှဲပြောင်းသုံးစွဲခြင်းကို တားဆီးရန်နှင့် အရည်အသွေးအာမခံချက်ရှိစေရန် လုပ်ဆောင်မှုအဖြစ် စံသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်သော ကုမ္ပဏီ ၁၁၂ ခု၏ လုပ်ငန်းလိုင်စင်များအား ဖျက်သိမ်းခဲ့ကြောင်းနှင့် လွန်ခဲ့သည့်ခြောက်လအတွင်း လုပ်ငန်းပေါင်း ၃၇၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် အမှုဖွင့်အရေးယူမှု ၃၀ မှုရှိခဲ့ကြောင်း အိန္ဒိယ ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာနက မေလ ၉ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် မေလ(၁)ရက်နေ့မှ (၇)ရက်နေ့(ပထမပတ်)အတွင်း (နွေ)ကြက်သွန်နီများမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကြက်သွန်နီကုန်ချိန်ပိဿာ(၆)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

စင်ကာပူဈေးကွက်၌ သံသတ္တုရိုင်းဈေးနှုန်းမှာ မေလ ၈ ရက်၊ တနင်္လာနေ့တွင် ကျဆင်းခဲ့ပြီး ဩစတေးလျနှင့် ဘရာဇီးတို့မှ တင်ပို့ရောင်းချမှု အားကောင်းလာမှုနှင့်အတူ ထိပ်တန်းသံမဏိ ထုတ်လုပ်သူတရုတ်၏ ဝယ်လိုအား နှေးကွေးနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ အောက်ထိ ရောက်ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများ ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက် ရှိပါသည်။