ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံ၌ ယခုနှစ် အောက်တိုဘာလမှ စတင်သည့် သကြားစျေးကွက်တင်ရောင်းချမှု ရာသီအတွက် ယခင်နှစ် ထုတ်လုပ်မှုအောက် ၉% ကျဆင်းလျက် စုစုပေါင်း သကြားထုတ်လုပ်မှုမှာ တန်ချိန် ၃၃၇ သိန်းခန့်ရှိမည်ဟု အိန္ဒိယသကြားစက်ရုံများအသင်းက ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။
ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Phumtham Wechayachai ဦးဆောင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီသည် စားသုံးသူများအပေါ် အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်အတွက် သကြားစျေးနှုန်းများအား ထိန်းကျောင်းသွားမည်ဟု ၂၀၂၃ခုနှစ် အောက်တိုဘာလ ၃၀ရက်၊ တနင်္လာနေ့တွင် သဘောတူညီခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃-၂၄ ခုနှစ် သီးနှံရိတ်သိမ်းရာသီတွင် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဘတ်ငွေ ၆၉ ဘီလီယံ ကျခံသုံးစွဲလျက် ဆောင်ရွက်မည့် အစီအမံများကို အမျိုးသား ဆန်စပါးမူဝါဒ ကော်မတီသို့ အဆိုပြုတင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ကာလကြာရှည်စွာ ခြောက်သွေ့မှု၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို လျော့နည်းသက်သာစေရေးအတွက် နိုင်ငံ၏ ဘတ်ဂျက်ရန်ပုံငွေအပေါ် အခြေပြုသည့် စီးပွားရေးမူဝါဒတစ်ရပ်ကို အစိုးရက ချမှတ်ခဲ့ ပါသည်။

အိန္ဒိယနိုင်ငံဝါဂွမ်းအသင်းက ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီအတွက် ပထမအကြိမ် ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အိန္ဒိယ၏ ဝါဂွမ်းအထွက်ပမာဏမှာ ၁၇ဝ ကီလိုဂရမ်ဝင် ဘေထုပ်ရေ ၂၉၅.၁ဝ သိန်းခန့်သာရှိပြီး ၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ ယခင်နှစ်၌ ဝါဂွမ်းအထုပ်ရေ ၃၁၈.၉ဝ သိန်းထွက်ရှိခဲ့သဖြင့် ယခုနှစ်တွင် ၇.၅% ကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်း၌ ပဲပြတ်လပ်မှုကို ပြည်ပမှတင်သွင်းခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်နေရသည့် အိန္ဒိယနိုင်ငံသည် မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်ပို့မှုနှောင့်နှေးလျက်ရှိသည့်အပေါ် စိုးရိမ်မှု ရှိကြောင်းဖော်ပြလျက် ၎င်းတို့၏ ဆိပ်ကမ်းများတွင် ပဲစင်းငုံ သင်္ဘောတင်ပို့မှုများကို လျင်မြန်စွာ ရှင်းလင်းနိုင်ရေး ဆောင်ရွက်ပေးရန် မိုဇမ်ဘစ်နိုင်ငံသို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်တိုက် ခတ်မှု ပြောင်းလဲခြင်းသည် ၂၀၂၃-၂၄ ခုနှစ် စိုက်ပျိုးရေးရာသီအတွင်း မိုးသီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုရှိပြီး သီးနှံအများအပြားသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက အထွက်ကျဆင်း ဖွယ်ရှိကြောင်း ၂၇-၁၀-၂၀၂၃ နေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ယခုနှစ် မိုးသီးနှံများအတွက် ကနဦးအထွက်ပမာဏ ပထမအကြိမ် ခန့်မှန်းချက်များအရ သိရှိရသည်။
၁။ အိန္ဒိယပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ ဈေးကွက်ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု အပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ အဓိကရေလှောင်တမံ ၁၅၀ ခု၌ ရေသိုလှောင်မှုအဆင့်သည် သိုလှောင်နိုင်စွမ်းပမာဏ ကုဗမီတာ ၁၇၈.၇၈၄ ဘီလီယံအပေါ် ယခင်ရက်သတ္တပတ်တွင် ၇၄% ရှိခဲ့ရာမှ ယခုသီတင်းပတ်၌ ၇၃% သို့ ကျဆင်းခဲ့ပါသည်။

နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးတင်းမာမှု အရှိန်မြင့်တက်လာသည့်အခြေအနေတွင် တစ်ဖက်ဖက်မှ အကောက်ခွန်ဆိုင်ရာ လက်တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်လာနိုင်မည့်အရေးကို စိုးရိမ်မှုများရှိသည့်အလျောက် အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များသည် ကနေဒါနိုင်ငံထံမှ ပဲနီလေး ဝယ်ယူတင်သွင်းရန် စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်းမပြုပဲ ရပ်ဆိုင်းထားကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ၆ ကြိမ်မြောက် နိုင်ငံတကာဆန်စပါးညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI)၊ ဖိလစ်ပိုင်ဆန်စပါးသုတေသနဌာန (PhilRice) နှင့် ဖိလစ်ပိုင်သီးနှံအာမခံကော်ပိုရေးရှင်း (PCIC) တို့သည် သီးနှံအာမခံမှု စီမံကိန်းဆိုင်ရာ သဘောတူညီချက်စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ် ဘိုရိုရာသီ (Boro season) ခေါ် နွေစပါးရာသီတွင် စပ်မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် စပ်လျဉ်းသည့် ဆွဲဆောင်မှုတစ်ခုအဖြစ် တာကာငွေ ကုဋေ ၉၀ ကို ပံ့ပိုးပေးမည်ဟု အစိုးရက ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ကွင်းဆင်းလေ့လာ သည့်အဆင့်များကို မကြာမီ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပံပိုးမှုအစီအစဉ်အောက်တွင် လုပ်ကွက်ငယ်လယ်သမား ၁၄.၄၀ သိန်းသည် ၁ ဘီဂါ (bigha) (၁၆၀၀ စတုရန်းကိုက်) အကျယ်အဝန်းရှိသောစိုက်ပျိုးမြေအတွက် လုံလောက်မှုရှိမည့် စပ်မျိုးစပါး မျိုးစေ့ နှစ်ကီလိုဂရမ်ကို အခမဲ့ရရှိမည်ဖြစ်သည်။
