ကမ္ဘောဒီးယားနိုင်ငံ၏ ငရုပ်ကောင်းများကို တိုက်ရိုက်တင်ပို့ရန် တရုတ်နိုင်ငံကခွင့်ပြု

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အဆိုပြုလွှာအပေါ် တရုတ်နိုင်ငံအထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဦးစီးဌာန (GACC)က သဘောတူခွင့်ပြုခဲ့ရာ တရုတ်ပြည်တွင်း၌ ကမ္ဘောဒီးယား ငရုပ်ကောင်းများကို တိုက်ရိုက်ဝယ်ယူ ရရှိနိုင်တော့မည်ဖြစ်ပါသည်။

လွန်ခဲ့သောသီတင်းပတ်၌ ဖနွမ်းပင်ရှိ တရုတ်နိုင်ငံသံရုံး၏ ကြေညာချက်အရ GACC  အဖွဲ့အစည်းသည် ငရုတ်ကောင်းများ တင်ပို့နိုင်ရန် ကမ္ဘောဒီးယားရှိ ငရုပ်ကောင်းထုပ်ပိုးသည့်စက်ရုံ ၇ ခုနှင့် ငရုပ်ကောင်း စိုက်ပျိုးရေးလုပ်ငန်း ၂၈ ခုတို့၏ မှတ်ပုံတင်မှုကို ခွင့်ပြုပေးခဲ့ကြောင်း၊  ကမ္ဘောဒီးယားနိုင်ငံထွက် ငရုပ်ကောင်းများ တင်ပို့ရန် လုပ်ငန်းစဉ်များအားလုံးကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယခုအခါ တရုတ်နိုင်ငံသို့ သင်္ဘောတင်ပို့ရန်အတွက် ခွင့်ပြုထားပြီဖြစ်ကြောင်း  သိရှိရပါသည်။

ကမ္ဘောဒီးယား ငရုပ်ကောင်းနှင့်ဟင်းခတ်အမွှေးအကြိုင် အသင်းချုပ်ဥက္ကဌ Mr. Mak Ny က တရုတ်နိုင်ငံသို့ ငရုပ်ကောင်းများ တင်ပို့နိုင်တော့မည်ဆိုခြင်းမှာ ပြည်တွင်းရှိ ငရုပ်ကောင်းစိုက်ပျိုးသည့် လယ်သမားများအတွက် သတင်းကောင်း တစ်ခုဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုကို တိုးတက်စေသည်သာမက ဈေးကွက်ဖြန့်ကျက် ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ငရုပ်ကောင်းသည် ၂ဝ၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံး တိုက်ရိုက်တင်ပို့ခွင့်ရရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက်ကုန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂ဝ၂၂ ခုနှစ်အစပိုင်းမှ စတင်၍ ကမ္ဘောဒီးယား ပရာငါး၊ ပြောင်းဖူးနှင့် တောကြက်မောက်သီး (လေချူသီး) တို့အတွက် အပင်ရောဂါပိုးမွှားအန္တရာယ် စွန့်စားရမှုအကဲဖြတ်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြီးစီးခဲ့ပြီဖြစ်ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရ ငရုပ်ကောင်း စိုက်ပျိုးမှုဧရိယာ ဟက်တာ ၆ဝဝဝ ခန့်ရှိပြီး ပျမ်းမျှနှစ်စဉ်အထွက်နှုန်း  တန် ၂ဝဝဝဝ မှ တန် ၃ဝဝဝဝ အကြားရှိကြောင်း၊ ၂ဝ၂၃ ခုနှစ် ပထမသုံးလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ငရုပ်ကောင်း ၈၂၂၆၅၄ တန်အား တင်ပို့ခဲ့ကြောင်းနှင့် လက်ရှိကာလတွင် ငရုပ်ကောင်းပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃ဝဝဝ မှ ၃၅ဝဝ အတွင်းရှိကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် Kampot ပြည်နယ်မှထွက်ရှိသော ပထဝီဒေသအညွှန်း (GI) ပါရှိသည့် ငရုပ်ကောင်းနှင့် ငရုပ်ကောင်းအရောအနှော၊ ကောင်းမွန်သော လယ်ယာစိုက်ပျိုးရေး အလေ့အထ ကျင့်သုံးစိုက်ပျိုးသည့် ငရုပ်ကောင်းနှင့် အော်ဂဲနစ် ငရုပ်ကောင်းများ အပါအဝင် ပထဝီဒေသအညွှန်းမပါရှိသော ငရုပ်ကောင်းတို့ကို ပြည်ပသို့ တင်ပို့လျက်ရှိသည်။ GI အညွှန်း ဖော်ပြပါရှိသည့် ငရုပ်ကောင်းအများစုမှာ  ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်သည်။

Kampot ပြည်နယ် ငရုပ်ကောင်းထုတ်လုပ်မှု မြှင့်တင်ရေးအသင်း၏ ဥက္ကဌဖြစ်သူ Mr. Ngnoun Lay က ဥရောပသမဂ္ဂတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပထဝီဒေသအညွှန်းကိန်းအဖြစ် မှတ်ပုံတင်ထားသည့် ငရုပ်ကောင်းထုတ်ကုန်နှစ်ခုအနက် တစ်ခုကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့သွားရန် မျှော်လင့်ထားကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ သာမန်ငရုပ်ကောင်းသာမက GI အညွှန်း မှတ်ပုံတင်ထားသည့် ငရုပ်ကောင်းများကိုပါ တရုတ်နိုင်ငံသို့ ဈေးကွက်အခွင့်အလမ်း ရရှိတင်ပို့သွားနိုင်ရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Khmer Times, 15th May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)