အယ်လ်နီညိုဖြစ်စဉ်က ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်ဖွယ်ရှိခြင်း

Powered by Drupal

အယ်လ်နီညိုခြောက်သွေ့ကာလကြောင့် သီးနှံအထွက်နှုန်းများ ကျဆင်းနိုင်မှုက စိုက်ပျိုးသူများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး အထူးသဖြင့် ကုန်စည်ဝယ်လိုအားနှင့် အသုံးပြုမှုမြင့်တက်လာခြင်းနှင့်အတူ စားအုန်းဆီကြမ်း ဈေးနှုန်းများ အတက်အကျများစွာ ဖြစ်ပေါ်မှုကြောင့် စားအုန်းဆီနယ်ပယ်အပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မလေးရှား The Star သတင်းဌာနက ဖော်ပြခဲ့ပါသည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း ရာသီဥတု ထူးကဲစွာပူပြင်းလာမှုများကြောင့် အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ရိုက်ခတ်မှုရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ မိုးလေဝသအဖွဲ့အစည်းများစွာက ခန့်မှန်းလျက် ရှိကြသည်။ အယ်လ်နီညိုသည် တောင်ပစိဖိတ်သမုဒ္ဒရာဝန်းကျင်အတွင်းရှိသည့် ဩစတေးလျ၊ တောင်အမေရိကနှင့် အရှေ့တောင်အာရှ နိုင်ငံများအပေါ် သက်ရောက်မှုရှိသော ဖြစ်စဉ်တစ်ခုဖြစ်ရာ မိုးရာသီကာလ၌ ပုံမှန်မိုးရေချိန်ထက် လျော့နည်း လာနိုင်သည့်အပြင် တောမီးနှင့် မီးခိုးမြူများ၏ အန္တရာယ်ကြီးမားမှု ရှိနိုင်ပေသည်။

ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်သည့် Hong Leong Investment Bank (HLIB) ၏ အစီရင်ခံစာတွင် အမေရိကနိုင်ငံအခြေစိုက် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာအုပ်ချုပ်မှုအဖွဲ့ (NOAA) နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO) တို့အပါအဝင် မိုးလေဝသအဖွဲ့အစည်းများက အယ်လ်နီညိုဖြစ်စဉ်၏ ဇွန်လတွင် စတင်ဖြစ်ပွားနိုင်ခြေသည် ၅၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

HLIB မှ သုတေသီ Ms. Chye Wen Fei က အယ်လ်နီညို၏ ဆီအုန်းစိုက်ပျိုးမှုအပေါ် ဆိုးရွားစွာထိခိုက်မှုများမှာ အမှန်တကယ်ဖြစ်လာနိုင်ပြီး အယ်လ်နီညိုကာလ ပိုမိုကြာရှည်သည်နှင့်အမျှ ဆီအုန်းစိုက်ပျိုးမှုအပေါ် ပိုမိုထိခိုက်မည်ဖြစ်ကြောင်းဖြင့် ပြောကြားထားသည်။ ဆီအုန်းပင်များသည် အစိုဓာတ်ကို လစဉ်မိုးရေချိန် ၁၅၀ မီလီမီတာမှ ၂၀၀ မီလီမီတာအထိ ရရှိရန် လိုအပ်သည်ဖြစ်ရာ မိုးခေါင်ရေရှားကာလတိုအတွင်း၌ အပင်များ၏ ခံနိုင်ရည်ရှိမှုသည် မြေဆီအမျိုးအစား၊ အောက်ခံ ရေအရင်းအမြစ် အဆင့်တို့အပေါ် မူတည်ကြောင်း၊ မိုးခေါင်ခြောက်သွေ့မှုကာလသည် ၂ လကျော်ကြာမြင့်ပါက နောက်လာမည့် တစ်နှစ်ပတ်လုံးအတွက် ဆီအုန်းပင်များမှ အပွင့်၊ အသီးများ လျော့နည်းသွားလေ့ရှိကြောင်း ၎င်းက ပြောဆိုပါသည်။

HLIB ၏ အစီရင်ခံစာအရ အရှေ့တောင်အာရှနိုင်ငံများတွင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်သော မိုးရေချိန်ပို၍လျော့နည်းလာမှု၊ အပူချိန်ပို၍မြင့်မားလာမှုနှင့် ပုံမှန်မဟုတ်သော ခြောက်သွေ့ ရာသီအခြေအနေတို့၏ အကျိုးဆက်များအပြင် အယ်လ်နီညိုကာလဖြစ်ပွားချိန်နှင့် ပြင်းထန်မှုတို့အပေါ် မူတည်ပြီး လတ်ဆတ်သောသီးနှံများ အထွက်နှုန်းပို၍ လျော့နည်းလာခြင်း၊ ဝတ်ဆံ မအောင်သောအပွင့် ပွင့်ခြင်းများအပြင် အဖိုအပွင့်အဆင့်သာ ကြာရှည်နေခြင်းတို့လည်း တွေ့မြင် လာရမည်ဖြစ်ကြောင်း၊ စားအုန်းဆီကြမ်းအထွက်နှုန်းအပေါ်  ထိခိုက်မှုသည် နောက်လာမည့် ၁၂ လ တာကို တစ်ဆက်တည်း ထိခိုက်မှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သော အယ်လ်နီညိုကာလ ၄ ကြိမ်အနက် ၃ ကြိမ်တွင် ဆီအုန်းအထွက်နှုန်းမှာ ပိုမို လျော့နည်းခဲ့သည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ စားအုန်းဆီကြမ်း၏ ဈေးနှုန်းများမှာ မြင့်တက်ခဲ့ကြောင်း ဖြင့် သိရှိရသည်။

လက်ရှိကာလ၌ စားအုန်းဆီကြမ်း တစ်တန်လျှင် မလေးရှား ရင်းဂစ်ငွေ ၃၈၀၀ ခန့်ရှိပြီး အယ်လ်နီညိုဖြစ်စဉ်ပေါ်ပေါက်ပါက ၂၀၂၃ ခုနှစ်အတွင်း စားအုန်းဆီကြမ်း တစ်တန်လျှင် ရင်းဂစ်ငွေ ၄၀၀၀ သို့ ရောက်ရှိနိုင်ကြောင်း Ms. Chye  က ခန့်မှန်းထားသည်။

မလေးရှားဆီအုန်းအဖွဲ့ (MPOA)၏ အမှုဆောင်အရာရှိ Mr. Joseph Tek Choon Yee  ကမူ အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လျော့ပါးအောင် မပြုလုပ်နိုင်သော်လည်း ဆီအုန်းစိုက်ပျိုးသူများသည် ၎င်းတို့၏ မိုးရေလှောင်ကန်များ၊ နုန်းစစ်ထားသောကန်များနှင့် ရေလမ်းကြောင်းများတွင် ရေသိုလှောင်ထားနိုင်မှု ရှိစေရန်အတွက် စိုက်ပျိုးရေရရှိစေမည့် ကောင်းမွန်သော အလေ့အထများနှင့်အညီ ရေပြတ်လပ်မှုကို သက်သာစေအောင် တာတမံများကို ပြင်ဆင်ထားကြောင်းဖြင့် ပြောဆိုပါသည်။

ဆီအုန်းစက်ရုံများအပါအဝင် စားအုန်းဆီကြမ်းထုတ်လုပ်မှုကွင်းဆက်၏ ထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် ရေအလုံအလောက်ရရှိရန်အတွက် စီမံထိန်းချုပ်ရန်လိုအပ်ပြီး လိုအပ်ပါက ရေအရင်းအမြစ်များရှိရာနေရာများတွင် ဆီအုန်းအပင်များ စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ချေရှိသည့် မီးဘေးအန္တရာယ်ကိုလည်း သတိပြုဖို့လိုအပ်ကြောင်း Mr. Tek က StarBiz ဈေးကွက်စောင့်ကြည့်အဖွဲ့အား ပြောကြားခဲ့သည်။ ၎င်း၏ ပြောဆိုချက်အရ အယ်လ်နီညိုကာလ အချိန်ကြာရှည်မှုကြောင့် စိုက်ပျိုးမှုနှင့် အထွက်နှုန်းအပေါ် သက်ရောက်မှုသည် နှောင့်နှေးသည့်အဆင့် ၃ ဆင့်ကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် အယ်လ်နီညိုသည် ရှေ့လာမည့်ဇွန်လတွင် စတင်မည်ဟု ခန့်မှန်းရာ ၂၀၂၃ ခုနှစ်၏ ကျန် ၆ လတွင် သက်ရောက်မှုများကို ခံစားရမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် တစ်နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သိသာနိုင်မည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်အနေဖြင့် အယ်လ်နီညိုဖြစ်ပွားချိန်မှ စတင်ပြီး ၂ နှစ်ကြာသွားနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင်ပါ သိသိသာသာ လျော့နည်းနေမည်ဖြစ်ကြောင်းဖြင့် သိရသည်။

သို့ဖြစ်၍ စားအုန်းဆီအဖွဲ့အစည်းများသည် အထူးသဖြင့် အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာနိုင်သော ပြင်းထန်သည့် မီးဘေးအန္တရာယ်အား အရန်သင့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် Mr. Tek က ပြောကြားခဲ့သည်။

Rakuten Trade ၏ ရှယ်ယာရောင်းချမှုဆိုင်ရာအကြီးအကဲဖြစ်သူ Mr. Vincent Lau ကလည်း အယ်လ်နီညိုသည် သီးနှံအမျိုးအစားအားလုံး၏ ထုတ်လုပ်မှုအပေါ် ထိခိုက်လာစေသည်ဖြစ်၍ စားအုန်းဆီကြမ်း ဈေးနှုန်းမှာလည်း မျှော်မှန်း ထားသည့်အတိုင်း မြှင့်တက်လာလိမ့်မည်ဟု ခန့်မှန်းလျက်ရှိသည်။

Source:  The Star, 17 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)