ဖိလစ်ပိုင်နိုင်ငံ၌ ဈေးနှုန်းတည်ငြိမ်စေရန်နှင့် နိုင်ငံ၏အရန်စုဆောင်းမှုထားရှိကို မြှင့်တင်ရန် အတွက် သကြားမက်ထရစ်တန်ချိန် ၁၅၀၀၀၀ ထပ်ဆောင်းတင်သွင်းခွင့်အား သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
သမ္မတမားကို့စ်၊ သကြားထိန်းချုပ်စီမံရေးအဖွဲ့ (SRA)နှင့် သကြားစက်ရုံများမှ ကိုယ်စားလှယ်အဖွဲ့တို့၏ အစည်းအဝေးအပြီးတွင် ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၁၅ ရက်နေ့တွင် သတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းရာ၌ သမ္မတမားကို့စ်က ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် သကြားအပိုဆောင်းတင်သွင်းမည်ဟု သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း၊ အများဆုံးအနေဖြင့် မက်ထရစ်တန်ချိန် ၁၅၀၀၀၀ သို့မဟုတ် ၎င်းအောက်လျော့နည်း၍ တင်သွင်းမည်ဖြစ်ကြောင်း၊ သကြားပမာဏ မည်မျှတင်သွင်းမည်ကို ဆုံးဖြတ်မှု မရှိသေးကြောင်း၊ ယခုလအကုန်တွင် ဖြစ်ပေါ်လာမည့် တိကျသော ရောင်းလိုအားပမာဏကို သိရှိရသည့်နှင့် တစ်ပြိုင်နက်တင်သွင်းမည့်ပမာဏကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ကုန်သည်များအားလုံးကို သကြားတင်သွင်းခွင့်ပေးမည်ဖြစ်သည်။
သမ္မတမားကို့စ်၏ ပြောကြားမှုတွင် သကြားထုတ်လုပ်မှုတိုးတက်စေရန်အတွက် ယခုနှစ် သကြားကြိတ်ခွဲရာသီအစကို ဩဂုတ်လမှ စက်တင်ဘာလသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ သကြားထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာစေရန် ဤအချက်က အရေးကြီးကြောင်းဖြင့် သိရသည်။
ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာစေရန် အကွက်ချစိုက်ပျိုးသည့်စနစ် (Block Farming) လုပ်ငန်းများအား အရှိန်ဟုန်မြှင့် ဆောင်ရွက်ရန်လည်း သမ္မတက SRA အဖွဲ့သို့ ညွှန်ကြားခဲ့သည်။ ၎င်းစနစ်အရ လယ်ယာလုပ်ကွက်ငယ်များသည် အနည်းဆုံးဧရိယာ ၃၀ ဟက်တာရှိသော လုပ်ကွက်အဖြစ် ပေါင်းစည်းရမည်ဖြစ်သည်။ လတ်တလောအနေဖြင့် နိုင်ငံတွင် အကွက်ချစိုက်ပျိုးသည့် လယ်ယာလုပ်ငန်း (Block Farms) ၂၁ ခုရှိပြီး ပျမ်းမျှအားဖြင့် လုပ်ငန်းတစ်ခုတွင် ဟက်တာ ၄၀ အနည်းဆုံး ကျယ်ဝန်းမှုရှိသည်။
အကွက်ချစိုက်ပျိုးသည့် လယ်ယာများဖွဲ့စည်းပြီးပါက အထွက်နှုန်းတိုးလာ၍ ကြံစိုက်တောင်သူများအတွက် ငွေရေးကြေးရေးနှင့် စက်မှုလယ်ယာ ပံ့ပိုးကူညီမှုများရရှိခံစားရမည်ဖြစ်ရာ လုပ်ကွက်ငယ်များအား ပေါင်းစည်းခြင်းသည် စက်မှုလယ်ယာ စိုက်ပျိုးရေး၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အစိုးရအနေဖြင့် Block Farms များ ဖွဲ့စည်းမှုအား မြန်ဆန်စေရန် ဘတ်ဂျက်လျာထားမှု တိုးမြှင့်တောင်းခံမည်ဖြစ်ကြောင်းဖြင့် သမ္မတမားကို့စ်က ပြောကြားခဲ့သည်။
SRA ၏ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်၊ သကြားကြိတ်ခွဲရာသီကုန်ဆုံးသည့် ဩဂုတ်လကုန်တွင် အနုတ်သဘောဆောင်သည့် သကြားပြတ်လပ်မှုပမာဏ မက်ထရစ်တန် ၅၅၂၈၃၅ ရှိမည် ဖြစ်၍ နောက်ထပ် သကြားမက်ထရစ်တန်ချိန် ၁ သိန်းမှ ၁ သိန်းခွဲအထိ ဖြည့်ဆည်းရန် လိုအပ်မည်ဖြစ်သည်။
Source: Manila Bulletin, 15 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)