ထိုင်းနိုင်ငံ၌ စပါးသီးနှံ တစ်မျိုးကိုသာ စိုက်ပျိုးကြရန် တောင်သူများအား တိုက်တွန်း

Powered by Drupal

ထိုင်းနိုင်ငံ၌ အယ်နီညိုရာသီဥတုကြောင့် လာမည့်ရာသီတွင် မိုးရွာသွန်းမှု ပျမ်းမျှအောက်လျော့နည်းနိုင်သဖြင့်  စပါးသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြရန် တောင်သူများအား ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) မှ တိုက်တွန်းထား ကြောင်း သိရှိရပါသည်။

ပုံမှန်အားဖြင့် မိုးရာသီသည် မေလတတိယပတ်တွင် စတင်လေ့ရှိပြီး ယခုနှစ်တွင် ဇွန်လ လယ်လောက်မှ စတင်ရွာသွန်းလိမ့်မည်ဟု ခန့်မှန်းရကြောင်း၊ အေဂျင်စီသည် နိုင်ငံ၏ ရေလှောင်တမံများအား မူလအနေအထားအတိုင်း ထိန်းသိမ်းထားနိုင်ရေး အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်ကို ရေးဆွဲထားကြောင်း၊ ယင်းအစီအစဉ် အောင်မြင်မှုရရှိနိုင်ရေးသည် ရေကို ချွေတာရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး၊ အထူးသဖြင့် တောင်သူလယ်သမားများထံမှ အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုအပေါ် မူတည်နေကြောင်း၊ မိုးရာသီအစပိုင်းတွင် လယ်သမားများသို့ ပထမစပါးသီးနှံအတွက် ရေပေးဝေနိုင်မည် ဖြစ်ကြောင်း၊  သို့သော်လည်း ဒုတိယ (သို့မဟုတ်) တတိယ သီးနှံများအတွက် ရေပြတ်လပ်မှုကို လျှော့ချနိုင်ရေးအတွက် အခြားသီးနှံပင်များကို စိုက်ပျိုးရာတွင် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါကြောင်းဖြင့် ONWR မှ အထွေထွေ အတွင်းရေးမှူး Mr. Surasee Kittimonthon က ပြောကြားခဲ့သည်။

ONWR သည် ၁၁-၅-၂၀၂၃ နေ့တွင် တော်ဝင်ဆည်မြောင်းဦးစီးဌာန၊ မိုးလေဝသဌာန၊ ရေအရင်းအမြစ်ဌာန၊ ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (Egat)၊ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA)၊ အခြားအေဂျင်စီများနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အယ်နီညိုဖြစ်ပေါ်မှုကြောင့် မိုးရေချိန်သည် ပျမ်းမျှထက် ၅ ရာခိုင်နှုန်း လျော့နည်းနိုင်ကြောင်းနှင့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး နိုင်ငံတစ်ဝန်းလုံး၌ ၆၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းအထိ မိုးရွာသွန်းနိုင်ကြောင်း၊ ထို့အပြင် အဆိုပါကာလတွင် နိုင်ငံတစ်ဝန်းလုံး၌ အပူပိုင်းမုန်တိုင်း နှစ်ကြိမ် ဝင်ရောက်တိုက်ခတ်နိုင်ပြီး အချို့သော ဆည်တာတမံများတွင် ရေများ တက်လာနိုင်ကြောင်း Mr. Surasee က ပြောဆိုခဲ့သည်။

Source: Bangkok Post, 11 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)