ဖိလစ်ပိုင်နိုင်ငံ၌ စပါးရိတ်သိမ်းကာလတွင် အယ်လ်နီညို၏ သက်ရောက်မှုရှိနိုင်

Powered by Drupal

ယခုနှစ်နှောင်းပိုင်း စပါးရိတ်သိမ်းကာလတွင် အယ်လ်နီညို၏ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်သောလယ်သမားများအသင်းချုပ် (Federation of Free Farmers - FFF) က ပြောဆိုပါသည်။

အဆိုပါ အသင်းချုပ်မှ အမျိုးသားအဆင့်မန်နေဂျာဖြစ်သူ Mr. Raul Montemayor က လယ်သမားများအနေဖြင့် စပါးမစိုက်မီ မိုးရွာသွန်းမှုရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ စပါးရိတ်သိမ်းချိန် မတိုင်မီအထိ ၄ လခန့်ကာလအတွင်း မိုးရေ မလုံလောက်ပါက စိုက်ပျိုးထုတ်လုပ်မှုကို သက်ရောက်မှုရှိနိုင်ကြောင်း၊ ခြောက်သွေ့ရာသီတွင် သီးနှံအများစုမှာ ရိတ်သိမ်းပြီးစီးပြီဖြစ်၍ အယ်လ်နီညို၏ သက်ရောက်မှုဒဏ်ကို မခံရနိုင်ကြောင်း၊ သို့သော် အယ်လ်နီညိုသက်ရောက်မှုရှိပြီး ရိတ်သိမ်းမှု အထွက်နှုန်း လျော့ကျလာပါက ၂၀၂၄ ခုနှစ်တွင် လက်ကျန်သိုလှောင်မှု နည်းပါးသွားမည်ဖြစ်ကြောင်း၊ ရာသီဥတုသက်ရောက်မှုဖြစ်စဉ်များကြောင့် အာဆီယံနိုင်ငံများ၏ ထုတ်လုပ်မှုကို ထိခိုက်မှုဖြစ်လာပြီး နိုင်ငံတကာဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ အဓိက သီးနှံရိတ်သိမ်းချိန်မှာ စက်တင်ဘာလမှ နိုဝင်ဘာလအကြား ဖြစ်သောကြောင့် နှစ်ကုန်ချိန်တွင် နိုင်ငံအတွင်း သိုလှောင်မှု လုံလောက်စွာ ရှိနိုင်ကြောင်း၊ ယခုနှစ်အစတွင် ဆန်သိုလှောင်မှုလျော့နည်းရခြင်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လက်ကျန်သိုလှောင်မှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၌ သိုလှောင်နိုင်မှု  ဆန်တန်ချိန် ၁.၆ သန်းနှင့် နှိုင်းယှဉ်ပါက ယခုနောက်ဆုံး နှစ်ကုန်လက်ကျန် ဆန်သိုလှောင်မှုမှာ ၅.၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ပထမနှစ်ဝက် အတွင်း ဆန်တင်သွင်းမှုမှာ အနည်းဆုံး မက်ထရစ်တန် ၂ သန်း ရှိရမည်ဖြစ်ပြီး ပင်မသီးနှံရိတ်သိမ်းမည့် စက်တင်ဘာလနှောင်းပိုင်းမတိုင်မီ ရက်ပေါင်း ၆၀ အတွက် လက်ကျန်သိုလှောင်မှုမှာ ထောက်ပံ့ရန်လုံလောက်မှုရှိသင့်ကြောင်း Mr. Montemayor ၎င်းတို့၏ ကနဦးခန့်မှန်းချက်ကို ပြောကြားခဲ့သည်။

Source: Manila Times, 16 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)