အညာနွေနှင့် သဘာဝ၏လက်ဆောင်မွန် ကြံရည်

Powered by Drupal

     မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ နွေရာသီအချိန်အခါတွင် ချွေးထွက်လွန်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နေရထိုင်ရငြီးစီစီဖြစ်ခြင်းစသည်တို့ကို ခံစားနေရသည်မှာ လူတိုင်း နီးပါးပင်ဖြစ်သည်။ ဤကာလအတွင်း စိတ်လက်တက်ကြွရွှင်လန်းစေရန် လိုအပ်သောအရာမှာ ရေဓါတ်ပြည့်ဝရန်သာဖြစ်သည်။ သို့ဖြစ်ပါ၍ အညာနွေနေပူပူတွင် ရေဓါတ်ဖြည့်တင်းနိုင်သည့်အပြင် ရင်ကို အေးမြသွားစေနိုင်သော သောက်စရာတစ်မျိုးမျိုးကို လူတိုင်းတောင့်တကြလိမ့်မည်ဟူသော ယူဆချက်မှာ လွဲမှားမည်မထင်ပေ။ ထိုကဲ့သို့သော သောက်သုံးစရာများထဲမှ ကျန်းမာရေးနှင့် ညီညွတ်သည့် သဘာဝ၏ လက်ဆောင်မွန်တစ်ခုဖြစ်သော ကြံရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။

    ကြံရည်သည် ခန္ဓာကိုယ်အား အပူဒဏ်မှ ကာကွယ်ပေးနိုင်သည့် သောက်သုံးစရာတစ်မျိုး ဖြစ် သည်။ နွေရာသီတွင် လိုအပ်သော ခန္ဓာကိုယ်အားအင်များကို ဖြည့်တင်းပေးသည့်အပြင် ကိုယ်တွင်းရေ ဓါတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူဖြစ် ခြင်း၊ ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း၊ ဖျားနာနေမကောင်းဖြစ်ချိန်တွင် ပျောက်ဆုံးသွားသော ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ အသားအရေအတွက် မရှိမဖြစ် လိုအပ်သောရေဓါတ်ကို ဖြည့်တင်းပေးခြင်း၊ အသားဝါရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်းတို့အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ဗီတာမင်ဓါတ်၊ အမျှင်ဓါတ်၊ ပရိုတိန်းဓါတ်၊ သကြားဓါတ်စသည့် ဓါတ်သတ္တိများစွာပါဝင်သည့်အတွက် အညာနွေနှင့် သကာကြံရည်မှာ ဘက်ညီလွန်းလှသည်။

   မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင်လည်း ကြံပင်များကို စမ်းသပ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ(ရုံးချုပ်) အနေဖြင့် လည်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကြံသီးနှံစိုက်ဧကနှင့် အထွက်နှုန်းတိုးတက်ရေး တို့အတွက် နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ကြံသီးနှံသည် စိုက်ပျိုးပြီး (၉)လ သက်တမ်းရှိပါက ခုတ်ရောင်း၍ရသည့် အနေအထားမျိုးဖြစ်သည်။ ကြံသီးနှံစိုက်ပျိုးရာတွင် အရင်းအနှီး အလွန်နည်းသောကြောင့် စိုက်ပျိုးစရိတ်အကုန်အကျလည်း များစွာသက်သာနိုင်ပါသည်။ ရောင်းချသည့်အချိန်တွင်လည်း ကြံရည်ဆိုင်များနှင့် လက်လီရောင်းချသည့် ဈေးသည်များက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြသောကြောင့် ဈေးကွက်စနစ်အခက်အခဲနည်းပါးသည်။ ကြံခင်းအား ခုတ်ရောင်းပြီးပါကလည်း ကြံငုတ်မှ ထွက်ရှိသည့် ကြံအတက်များသည် ပျိုးပင်အဖြစ် ထပ်မံရောင်းချ၍ရသောကြောင့် ကြံသီးနှံစိုက်ပျိုးသူ တောင်သူများသည် နှစ်သီးစားဝင်ငွေရရှိသူများပင် ဖြစ်ပေသည်။

    ကြံစည်းများကို (၁၀)ချောင်းစည်း တစ်စည်းလျှင် ယခင်ပေါ်ဦးပေါ်ဖျားနှုန်းထားမှာ ကျပ်(၄၀၀၀-၄၅၀၀)နှုန်း ဈေးပေးရသော်လည်း ယခုအခါကျပ်(၈၅၀၀-၉၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူကြရပြီး ပြန်လည်ရောင်းချရာတွင် ကြံရည်တစ်ခွက်လျှင် (၅၀၀-၆၀၀-၇၀၀)ကျပ်နှုန်းဈေးရရှိကြောင်း ကြံရည် ရောင်းချ သူများထံမှ သိရှိရပါသည်။ ထို့ကြောင့် ကြံသီးနှံသည် စိုက်ပျိုးသူရော ပြန်လည်ရောင်းချသူတို့အနေဖြင့် ပါ တွက်ခြေကိုက်သည့်အပြင် နွေနေပူပူတွင် စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွစေနိုင်ဖို့ရန် ဈေးနှုန်းသင့်တင့်သည့် ကြံရည်ချိုသည် သောက်သုံးသူများအတွက်ပါ တွက်ခြေကိုက်သည့် သဘာဝ၏ လက်ဆောင်မွန် ဖျော်ရည်တစ်ခွက်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)