ကွမ်းသီးပင်အကြောင်းသိကောင်းစရာ

Powered by Drupal

     ကွမ်းသီးပင်သည် အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများကဲသို့ ပူ၍ စိုထိုင်းသောဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွခရိုင်များ ဖြစ်ကြသည်။ ကွမ်းသီးပင်သည် ပင်လယ်မိုင်၂၀၀ခန့်အတွင်း အမြင့်ပေ၃၀၀၀ အောက်ရှိပြီး ရေဖောဖောသီသီရရှိ၍ ရေမဝပ်သည့် အရပ်ဒေသတို့တွင် အထူးဖြစ်ထွန်းသည်။

    နုန်းမြေသည် ကွမ်းသီးပင်စိုက်ပျိုးရန် အထူးသင့်လျော်သည်။ ထို့ကြောင့်ကွမ်းသီးပင် စိုက်ခင်းများကို မြစ်ချောင်းကမ်းပါးတစ်လျှောက်နှင့် တောင်ချိုင့်ဝှမ်းများ၊ ကိုင်းကျွန်းများ၌ တွေ့ရသည်။တောင်ငူခရိုင်တွင ကွမ်းသီးပင်များကို သီးသန့်စိုက်ပျိုးကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ များနှင့် ပင်လယ်ကမ်းမြောင်ဒေသများတို့၌ ကွမ်းသီးပင်ကို အခြားသီးစားပင်များဖြစ်ကြသော သရက်၊ ပိန္နဲပင်၊ မရန်းပင်၊ အုန်းပင် စသည်တို့နှင့် ရောစိုက်လေ့ရှိပါသည်။ ကွမ်းသီးပင်စိုက် ပျိုးရာတွင် အရေးကြီးသောအချက်မှာ မိုးအခါ၌ ရေမဝပ်စေရန်နှင့် နွေအခါတွင်ရေလုံလုံ လောက်လောက်ပေးနိုင်ရန်ဖြစ်သည်။ ပျိုးထောင်ရန်ပျိုးခင်းများကို နွေရာသီကပင်စတင်၍  ပြုပြင်ပေးရသည်။ ကျင်းများတူးဖော်ပြီးနောက် ကျင်းထဲတွင် ကောက်ရိုးဖြစ်စေ၊ မြေဆွေးဖြစ်စေ ခံထားရပါသည်။ ထို့နောက် ရင့်မှည့်၍ မျိုးကောင်း၊ အလုံးကောင်းဖြစ်သော ကွမ်းသီးများကို ကျင်းထဲ၌ တစ်ပေခွဲ၊ နှစ်ပေစီခွာလျက် စိုက်ပျိုးရပါသည်။ ထိုမျိုးကွမ်းသီးများကို ကောက်ရိုး သို့မဟုတ် မြေဆွေးတို့ဖြင့် တစ်ဖန်ဖုံးပြီးသော် အပေါ်ယံ၌ မြေကြီးထပ်၍ အုပ်ထားရသည်။ ထိုသို့ စိုက်ပျိုးပြီးနောက် မျိုးကွမ်းသီးများ အစို့ပေါက်စေရန် မိုးဖြိုင်ဖြိုင်ကျသည့် အချိန်ကာလအထိ ရေလောင်းပေးရသည်။ ၁လ မှ ၃လကြာသည့် အချိန်၌ အစို့ကလေးများ ထွက်လာကြပြီးလျှင် တစ်နှစ်ခန့်ကြာသော် ပြောင်းရွေ့စိုက်ရန် အရွယ်ဖြစ်လာသည်။ ပျိုးခင်းတွင် ပျိုးပင်ကလေးများ ကြီးပျင်းနေစဉ်အတောအတွင်း၌ စိုက်ခင်းများပြုပြင်ကြရမည်။ တောချုံတိုကို စိုက်ခင်းမြေပြင်ပေါ်မှ ရှင်းလင်းလျက် ရေသွင်းမြောင်းများကို တူးဖော်သွယ်တန်းပေးရသည်။ မိုးဦးကျစအချိန်သည် ပြောင်းရွှေ့စိုက်ပျိုးရန်  အကောင်းဆုံးအချိန်ဖြစ်သဖြင့် မိုးမကျမှီ တစ်လခန့်က ကြိုတင်ပြင်ဆင်လျက် ကျင်းများကို တူးဖော်ပြင်ဆင်ထားရသည်။ ကျင်းများသည် တစ်ပေခွဲခန့်နက်၍ တစ်ပေခန့်ကျယ်ရသည်။ ကွမ်းသီးပင်ချည်း စိုက်ပျိုးထားပါက ကျင်းများသည် တစ်ခုနှင့်တစ်ခု ၆ပေထက်မနည်း ကွာဝေးစေရသည်။ အကောင်း ဆုံးအကွာအဝေးမှာ ၈ပေဖြစ်သည်။ အခြားအသီးစားပင်များကို ရောစိုက်လျှင် သင့်လျော်သ လိုကြည့်၍ အကွာအဝေးကိုပြုပြင်ရသည်။ ကွမ်းသီးပင်များသည် တပို့တွဲ၊တပေါင်းလများ တွင် စပွင့်ကြပြီးလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများ၌ အသီးများရင့်မှည့်၍ ဆွတ်သိမ်းရန် အချိန်ကျရောက်ပါသည်။

     ကွမ်းသီးပင်များကို ၃ကြိမ် ၃ခါဆွတ်ခူးရသည့်အနက် ပထမအကြိမ်မှာ အများဆုံးဆွတ်ခူးရလေသည်။ အသီးများသည် အမှည့်လွန်ပါက အခွန်နွှာရန် မလွယ်ကူသဖြင့် မမှည့်တမှည့် အနေအထားလောက်တွင် ဆွတ်သိမ်းရန် အကောင်းဆုံးဖြစ်သည်။ သီးစအပင်များသည် တစ်ပင်လျှင်အသီး ၃၀ခန့်သာသီးပြီး အပင်ကြီးများသည် တစ်ပင်လျှင်အသီး၂၅၀အထိ သီးတတ်ကြသည်။ကွမ်းသီးပင်သည် အသက် ၂၀၊ ၂၅နှစ်အကြာတွင် အများဆုံးသီးလျက် နောက်ပိုင်းတွင်အသီးဆုတ်သွားပြီးလျှင် အနှစ်၄၀၊၅၀အကြာတွင် သေတတ်ကြသည်။ ကွမ်းသီးပင်များကို ဆွတ်သိမ်းပြီးလျှင်ပြီးခြင်း ကွမ်းသီးခင်းထဲ၌ အခွံများကို ဓားဖြင့်ခွာပစ်ရသည်။ အခွံခွာပြီးနောက် ကွမ်းသီးပြုပြင်ယူကြရသည်။ မြန်မာနိုင်ငံအောက်ပိုင်း၌ ကွမ်းသီးပြုပြင်ယူပုံမှာ အခွံချွတ်ပြီးသောကွမ်းသီးများကို ထုံးရည်တွင် ၃နာရီ ၄နာရီခန့် ကျိုပြီးနောက်အခြောက်လှန်းရသည်။ထုံးရည်၌ ကျိုခြင်းသည် အဖန်ဓာတ်ထွက်၍ အနံ့အရသာ ကောင်းမွန်စေသည်ဟု မှတ်ယူကြသည်။ ကွမ်းသီးသည် ဖန်သည်၊ချုပ်သည်၊မမှည့်သေးသော ကွမ်းသီးသည် ဝမ်းသက်စေသည်။ မှည့်ပြီးကွမ်းသီးကို သံချဆေးအဖြစ် အသုံးပြုကြသည်။ ကွမ်းသီးပြာသည် သွားတိုက်ဆေး၊ သွားနာဆေး အဖြစ်ကောင်းသည်။ ကွမ်းသီးပင်၏အသားမှာ အလွန်မာကျောသဖြင့် ယင်းတို့ကိုလေးကိုင်း၊ လှံရိုး၊ ထမ်းပိုးများပြုလုပ်ကြသည်။ မြန်မာနိုင်ငံ၌ ပြည်တွင်းစားကုန်ပစ္စည်းများဖူလုံစေရန် အတွက် ကွမ်းသီးပင်စိုက်ပျိုးရေး စီမံကိန်းများကို နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်လျက်ရှိသည်။ ၁၉၅၃ ခုနှစ်မှ စတင်၍ ထိုစီမံကိန်းကိုဆောင်ရွက်ရာ ထိုနှစ်အတွင်း ကွမ်းသီးပင်ပေါင်း   ၅၀၀,၀၀၀  ခန့်စိုက်ပျိုးခဲ့ကြသည်။ ထို့အပြင် ပြည်သူများ ကွမ်းသီးပင်ပေါက်များကို အလွယ်တကူဝယ် ယူစိုက်ပျိုးနိုင်ကြစေရန် ရည်ရွယ်၍ ဖျာပုံ၊မြောင်းမြ၊ပုသိမ်၊မော်လမြိုင်၊ထားဝယ်၊မြိတ်၊စစ်တွေ၊ တောင်ငူ၊ကျောက်ဖြူ၊မတ္တရာ စသောမြို့များတွင် စိုက်ပျိုးရေးဌာနများဖွင့်လှစ်၍ ကွမ်းသီးပင်ပေါက်များကို ရောင်းချပေးလျက်ရှိခဲ့သည်။ ထိုကဲ့သို့ စိုက်ပျိုးကြရာ၌ ၆၀ရာခိုင်နှုန်းမျှလောက်သော ကွမ်းသီးပင်များသည် ကောင်းစွာဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသဖြင့် အနာဂတ်တွင် ထိုထက်  တိုးတက်၍ စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)