အခြားပဲများ စားသုံးမှုမြှင့်တင်ရေး လှုံ့ဆော်ပွဲများ ပြုလုပ်ရန် အိန္ဒိယပဲကုန်သည်များ အဆိုပြု

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ၂၀၂၂-၂၃ သီးနှံစိုက်ပျိုးရေးရာသီ၌ ပဲစင်းငုံ စိုက်ပျိုးထွက်ရှိမှုမှာ ယခင်နှစ် ထုတ်လုပ်မှုအောက် ၁၄% ခန့် လျော့ကျမည်ဟု အစိုးရက ခန့်မှန်းထားပြီး ကုန်သည်လုပ်ငန်းရှင် အသိုင်းအဝိုင်းကမူ အထွက်လျော့ကျမှုမှာ ၂၀% ထက်ပိုမိုမည်ဟု ခန့်မှန်းကြပါသည်။ ပြည်တွင်း၌ ပဲစင်းငုံ လက်လီဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ စာရင်းများအရ ဒေလီမြို့တော်တွင် ၁ နှစ်အတွင်း ၂၇% နှင့် ၆ လအတွင်း ၁၀% အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံ လုပ်ငန်းရှင်များအသင်း (IPGA) က ပဲစင်းငုံ၏နေရာတွင် ပဲနီလေး၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် စားတော်ပဲတို့ ကဲ့သို့သော အခြားပဲများဖြင့် အစားထိုးသုံးစွဲမှုကို မြှင့်တင်နိုင်ရေး လှုံ့ဆော်ပွဲများအား အိန္ဒိယစားနပ်ရိက္ခာနှင့် ပြည်သူ့ ဖြန့်ဖြူးမှုရေးရာ ဦးစီးဌာနနှင့် ပူးပေါင်းကျင်းပရန် အဆိုပြုခဲ့ကြောင်း သိရှိရသည်။

IPGA ကုန်သည်အသင်း၏ ဥက္ကဋ္ဌ Mr. Bimal Kothari က ဈေးကွက်၌ ဝယ်လိုအား ရှိနေချိန်တွင် အိန္ဒိယ၏ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုမှာ တစ်ဟုန်ထိုး ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အိန္ဒိယသို့ ပဲစင်းငုံများ အဓိကတင်ပို့သည့် မြန်မာနိုင်ငံတွင် ကုန်လက်ကျန်မှာ တန်ချိန် ၁ သိန်းခန့်သာရှိပြီး အာဖရိကအရှေ့ပိုင်းနိုင်ငံများမှ သင်္ဘောတင်ပို့မှုမှာလည်း စက်တင်ဘာလခန့်ကျမှသာ ရရှိနိုင်မည်ဖြစ်ရာ လက်ရှိ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်နိုင်မှု မရှိကြောင်း၊ ပဲစင်းငုံနှင့် အလားတူ သို့မဟုတ် ၎င်းထက်ပိုမို၍ ပရိုတင်းကြွယ်ဝသည့် အခြားသောပဲများကို အစားထိုးသုံးစွဲနိုင်ကြောင်း အသိပညာပေးရန်အတွက် ၎င်းတို့ အသင်းအနေဖြင့် လှုံ့ဆော် ပွဲများအား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ကို မကြာ‌သေးမီက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အစည်းအဝေး ကျင်းပတွေ့ဆုံရာတွင် တင်ပြခဲ့ကြောင်း၊ ထို့အပြင် အစိုးရ၏ လူမှုဖူလုံရေး အစီအစဉ်များအတွက် ဈေးကွက်အတွင်းမှ ပဲစင်းငုံများကို ဝယ်ယူခြင်းထက် ဈေးနှုန်းပိုမိုသက်သာမှုရှိပြီး ကုန်စည်ပမာဏ ပေါများသည့် အခြားပဲများကို အသုံးပြုရန် အကြံပြုထားကြောင်းဖြင့် ပြောဆိုပါသည်။

Mayur Global Corporation မှ ဒုတိယဥက္ကဋ္ဌ Ms. Harsha Rai ကလည်း အိန္ဒိယသို့ တင်ပို့ရန်အတွက် အာဖရိကဈေးကွက်၌ ပဲစင်းငုံ ကြိုတင်ရောင်းဝယ်မှုများသည်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမှာ ၂၅% ခန့် မြင့်တက်ခဲ့ကြောင်း၊ အိန္ဒိယဈေးကွက်အတွင်း လွန်ခဲ့သည့် သီတင်းပတ်၌ ဈေးနှုန်း ဆက်လက်မြင့်တက်နေမှုကြောင့် အာဖရိကဒေသထွက် ပဲစင်းငုံများအား ကြိုတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုများမှာ ရပ်ဆိုင်းလျက်ရှိကြောင်း၊ သီးနှံထွက်ပေါ်ချိန် ဈေးကွက်ဝင်ရောက်မှုက ဈေးနှုန်းသက်သာစေနိုင်သဖြင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် သီးနှံရိတ်သိမ်းမည့်အချိန်တိုင်အောင် စောင့်ဆိုင်းနေမည့် အခြေအနေရှိကြောင်း ပြောကြားပါသည်။ အာဖရိကဒေသ၌ အိန္ဒိယဈေးကွက်သို့ တင်ပို့ရန် စိုက်ပျိုးသည့် ပဲစင်းငုံများမှာ ဇူလိုင်၊ ဩဂုတ်လများတွင် ရိတ်သိမ်းရရှိမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၌ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သော ပဲမျိုးစုံ၏ ဈေးနှုန်းများ ကြီးမြင့်မှုဖြစ်ပေါ်သဖြင့် အမျိုးသားစိုက်ပျိုးရေးဈေးကွက်သမဝါယမအသင်းချုပ် (NAFED) သည် ပြည်ပမှတင်သွင်းသည့် စားတော်ပဲများ စားသုံးမှုမြှင့်တင်ရေး လှုံ့ဆော်ပွဲများကို  လုပ်ဆောင်ခဲ့ရကြောင်း၊ လက်ရှိ ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများ မြင့်တက်လျက်ရှိမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုန်သည်များအနေဖြင့် ပဲစင်းငုံနှင့် မတ်ပဲတို့ကို သိုလှောင်ဈေးကစားခြင်း မပြုလုပ်ရန်နှင့် အကယ်၍ ပဲမျိုးစုံကို သိုလှောင်ဈေးကစားမှုပြုပါက အစိုးရချင်း ညှိနှိုင်းဆောင်ရွက်သည့် အစီအစဉ်ဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု အိန္ဒိယအစိုးရက သတိပေးပြောဆိုထားကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

Source: Economic Times, 18 May 2023  (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)