ပြည်တွင်းစက်မှုဖွံ့ဖြိုးရေးကို မြှင့်တင်ဆောင်ရွက်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကို တားမြစ်ကန့်သတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မေလ ၃၀ ရက်နေ့တွင် ကျင်းပသော အင်ဒိုနီးရှား ကာဗွန်သိမ်းဆည်းမှုနှင့် သိုလှောင်မှုဗဟိုဌာနဖွင့်ပွဲအခမ်းအနား၌ LNG သဘာဝဓာတ်ငွေ့အတွက် တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များသည် များပြားလာသည့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ LNG အား နှစ်ပေါင်းများစွာ တင်ပို့ခဲ့ပြီးဖြစ်ရာ ယခုအခါ ပြည်တွင်း၌ပင် အရေးတကြီး လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ လေ့လာဆန်းစစ်မှုများအရ LNG တင်ပို့မှုများ ထပ်မံမဆောင်ရွက်သင့်သည်ကို တွေ့ရှိရကြောင်း၊ LNG တင်ပို့မှုနှင့်စပ်လျဉ်း၍ အစီရင်ခံစာတစ်စောင်ကို သမ္မတထံ တင်ပြထားကြောင်း၊ ထိုသို့ ကန့်သတ်ချက်များကို အဆိုပြုထားသော်လည်း စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည့် LNG တင်ပို့မှုများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Mr. Luhut Binsar Pandjaitan က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် မီသနောနှင့် ရေနံဓာတုပစ္စည်းလုပ်ငန်းများ၌ စွမ်းအင်လိုအပ်ချက် မြင့်မားလျက်ရှိရာ အစိုးရအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ဓာတ်ငွေ့တင်ပို့မှုအား လမ်းကြောင်းလွှဲပြောင်းပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ရေနံဓာတုပစ္စည်းများကို ယခုအချိန်အထိ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ လက်ရှိကာလတွင် ကလီမန်တန်မြောက်ပိုင်းစီရင်စု၌ ရေနံဓာတုစက်ရုံကို တည်ထောင်လျက်ရှိရာ ရေနံဓာတုပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအား လျှော့ချနိုင်မည်ဟု မျှော်မှန်းရကြောင်း၊ အင်ဒိုနီးရှားပြည်တွင်း၌ ဓာတ်ငွေ့လိုအပ်ချက်ရှိပြီး ပြည်တွင်းမှပင် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ကြောင်း၊ ပြည်တွင်း၌ ဓာတ်ငွေ့အသုံးပြုရာတွင် ဈေးနှုန်းလျှော့ချ နိုင်ရန် မျှော်မှန်းထားကြောင်း၊ လက်ရှိ ဓာတ်ငွေ့ယူနစ် ၁ MMBtu လျှင် ၆ အမေရိကန်ဒေါ်လာ တန်ဖိုးရှိရာ ဓာတ်ငွေ့တွင်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ဈေးနှုန်းများ လျှော့ကျသွားနိုင်ကြောင်း၊ ကုန်ကျစရိတ်သက်သာမှုနှင့် အချိန်တိုအတွင်းထိရောက်မှု ရှိစေရေး တို့သည် အဓိကအချက်ဖြစ်ကြောင်းဖြင့် ညှိနှိုင်းရေးဝန်ကြီး Mr. Pandjaitan က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် LNG ဓာတ်ငွေ့ ကုဗမီတာ ၁၄.၆ ဘီလီယံကို စံချိန် တင်တင်ပို့လျက် ကမ္ဘာ့ ၈ နိုင်ငံမြောက် LNG အများဆုံးတင်ပို့သည့်နေရာတွင် ရပ်တည်ခဲ့ကြောင်း၊ အဓိကတင်ပို့သည့် ဈေးကွက်များမှာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူနှင့် မက္ကဆီကို နိုင်ငံများဖြစ်ကြောင်း Antara News သတင်းဌာနက ဖော်ပြပါသည်။
Source: Antara News, 30 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)