အာရှဒေသသို့ ဇူလိုင်လ၌တင်ပို့မည့် ရေနံစိမ်းဈေးနှုန်းကို ဆော်ဒီအာရေးဘီးယားက မြှင့်တင်

Powered by Drupal

ယခုနှစ် ဇူလိုင်လမှစတင်၍ နေ့စဉ်ရေနံစိမ်းစည်ပေါင်း ၁ သန်းအား ထပ်မံလျှော့ချ၍ ထုတ်လုပ်မည်ဟု မေလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံသည် သိပ်သည်းဆ အလယ်အလတ်အဆင့်ရှိပြီး ဆာလ်ဖာ ပါဝင်မှုမြင့်မားသော Arab Light crude ‌ရေနံစိမ်းများ၏ ဈေးနှုန်းကို ၆ လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ မြှင့်တင်လိုက်ပါသည်။

ဆော်ဒီအာရေးဘီးယားရှိ အကြီးမားဆုံး ရေနံကုမ္ပဏီဖြစ်သော Saudi Aramco ၏ သတင်းထုတ်ပြန်ချက်အရ အာရှဈေးကွက်သို့ ဇူလိုင်လ၌ သင်္ဘောတင်ပို့မည့် Arab Light crude ‌ရေနံစိမ်း၏ တရားဝင်ရောင်းဈေးနှုန်းကို ဇွန်လသင်္ဘောတင်ပို့မှု ဈေးနှုန်းအပေါ် ရေနံတစ်စည်လျှင် ၄၅ ဆင့် ထပ်ဆောင်း တိုးမြှင့်ခဲ့ကြောင်း၊ Oman နှင့် Dubai ဈေးကွက်တို့၏ ရည်ညွှန်း ဈေးနှုန်းထက် ရေနံတစ်စည်လျှင် ၃ ဒေါ်လာ ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံအနေဖြင့် မေလ၌ နေ့စဉ်ရေနံစည်ပေါင်း ၁၀ သန်းခန့်ကို ထုတ်လုပ်လျက်ရှိရာမှ ဇူလိုင်လမှစတင်လျက် နေ့စဉ် ရေနံထုတ်လုပ်မှုကို ရေနံစည်ပေါင်း ၉ သန်းသို့ လျှော့ချထုတ်လုပ်မည်ဖြစ်သည်။

မေလနှောင်းပိုင်း၌ ပြုလုပ်ခဲ့သော ရိုက်တာသတင်းဌာန၏ ဆန်းစစ်လေ့လာမှုတစ်ရပ်တွင် ဈေးကွက်အတွင်း အရောင်းအဝယ်နည်းပါးလျက်ရှိခြင်းနှင့် ရေနံသန့်စင်ချက်လုပ်မှု အနည်းငယ်မျှသာ တိုးတက်ခြင်းတို့က ဇူလိုင်လ၌ တင်ပို့မည့် Arab Light ရေနံစိမ်းဈေးနှုန်းများကို တစ်စည်လျှင် ၁ ဒေါ်လာထက်ပိုမို၍ ကျဆင်းမှုကြီးမားစွာ ဖြစ်ပေါ်စေလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ ဆော်ဒီရေနံဈေးနှုန်းများ ပိုမိုမြင့်တက်လာမှုက ရေနံချက်လုပ်သည့်လုပ်ငန်းများအနေဖြင့် ဒေသတွင်း လက်ငင်း ရောင်းချသော ဈေးကွက်မှ သို့မဟုတ် အခြားသော ဝေးလံသည့် ဒေသများမှ လက်လှည့်ရောင်းချသည့် သင်္ဘောတင်ကုန်စည်များထံမှ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေးသို့ ဦးလှည့်လာ စေဖွယ်ရှိသည်။ လက်ရှိကာလတွင် ရုရှားနိုင်ငံထံမှ ဈေးနှုန်း လွန်စွာသက်သာမှုရှိသည့် ရေနံစိမ်းများသည် အာရှဈေးကွက်သို့ ဝင်ရောက်နေဆဲဖြစ်သည်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၏ ကနဦးအချက်အလက်များအရ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ မေလအတွင်း ရုရှားရေနံစိမ်းအား ဝယ်ယူ တင်သွင်းမှုမှာ ၎င်းတို့၏ ရေနံစိမ်းတင်သွင်းမှု ကာလတစ်လျောက်တွင် အမြင့်မားဆုံးပမာဏအဖြစ် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံအနေဖြင့် အာရှဒေသသို့ ဇူလိုင်လ၌တင်ပို့မည့် အခြားသောအရည်အသွေးအဆင့် ရေနံစိမ်းများ၏ တရားဝင်ရောင်းဈေးနှုန်းများကိုလည်း ဇွန်လအတွက် တင်ပို့မှုဈေးနှုန်းများထက် ရေနံတစ်စည်လျှင် ၄၅ ဆင့် တိုးမြှင့်ခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသတ်မှတ်ကြောင်း ထုတ်ပြန်သည့်စာအရ Arab Light ရေနံစိမ်းဈေးနှုန်းအောက်၌ သိပ်သည်းဆပိုမိုမြင့်မားသော Arab Extra Light ရေနံစိမ်း၏ဈေးနှုန်းအား ဒုတိယဆက်တိုက်လအဖြစ် လျော့နည်း၍ သတ်မှတ်ထားဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

Source: Business Recorder, 5 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)