၂ဝ၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းဆန်ထွက်ရှိမှုသည် ဒုတိယသီးနှံမှ တန်ချိန် ၇.၆ သန်းအပါအဝင် တန်ချိန် ၃၂.၇ သန်းမှ ၃၃.၂ သန်းကြား ရှိမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုတို့အတွက် လုံလောက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အယ်လ်နီညိုရာသီဥတု၏ အကျိုးသက်ရောက်မှုကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်အထွက်နှုန်းမှာ ရာခိုင်နှုန်းအား ဖြင့် ၆% ၊ တန်ချိန်အားဖြင့် ၂၅.၁ သန်းမှ ၂၅.၆ သန်းအထိ ကျဆင်းသွားနိုင်ကြောင်း Kasikorn Research Center (KRC) ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။
လာမည့်နှစ်တွင် မိုးခေါင်ရေရှားမှုနှင့် အယ်လ်နီညိုရာသီဥတု ကြာရှည်လာပါက မျှော်မှန်းထားသော စပါးအထွက်နှုန်းထက် များစွာလျော့နည်းလာနိုင်ပြီး ရေလှောင်ကန်များတွင်လည်း ရေပမာဏ သိသိသာသာကျဆင်းလာနိုင်ကာ အဓိကသီးနှံနှင့် ဒုတိယသီးနှံနှစ်မျိုးစလုံး၏ စိုက်ပျိုးမှုများအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့်အခြားသောကိစ္စရပ်များအတွက် ရေလုံလောက်မှုရှိစေရန် ရေစီမံခန့်ခွဲမှုအစီအစဉ်များကို ချက်ချင်းပြင်ဆင်ထားသင့်ကြောင်း သက်ဆိုင်ရာဌာနများ အား (KRC) မှ အသိပေးတိုက်တွန်းထားပါသည်။ ထို့ပြင် တော်ဝင်ဆည်မြောင်းဦးစီးဌာနက ကျောက်ဖရားမြစ်ဝှမ်းမှ တောင်သူများအား ဒုတိယသီးနှံစိုက်ပျိုးမှုကို ရပ်ဆိုင်းထားကြရန် တိုက်တွန်းထားသည်ဟုလည်း သိရှိရပါသည်။
ထိုင်းဆန်၏ ပို့ကုန်စျေးနှုန်းနှင့် ကမ္ဘာ့ဝယ်လိုအားသည် လယ်သမားများစွာကို ဆွဲဆောင်မှုရှိနေသည့်အတွက် ရေပြတ်လပ်မှုအန္တရာယ်ရှိနေသော်လည်း ၎င်းတို့၏ ဒုတိယသီးနှံကို စိုက်ပျိုးရန် ဆန္ဒရှိနေကြဆဲဖြစ်ကြောင်း KRC မှ ပြောကြားခဲ့ပါသည်။
Source: VNA Tuesday, 6 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)