မလေးရှား၏ မေလကုန် စားအုန်းဆီလက်ကျန်မှာ ၅လ အတွင်း အထွက်နှုန်းမြင့်တက်မှုကြောင့် ပိုမိုများပြားလာနိုင်

Powered by Drupal

ဇွန်လ ၆ ရက်နေ့၊ Reuters သတင်းဌာန၏ Survey တစ်ခုဖော်ပြချက်တွင် မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုများ တည်ငြိမ်လျက်ရှိကာ ထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ်၊ ယခုနှစ်ကာလအထိ အမြင့်ဆုံးဖြစ်ခဲ့၍ မေလကုန်၏ မလေးရှားစားအုန်းဆီ လက်ကျန်မှာ ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ Surveyတွင် သဘောထားမေးမြန်းခဲ့သော ပါဝင်သူများ၏ခန့်မှန်းမှုအရ မလေးရှားနိုင်ငံတွင် သုံးလအတွင်း ထုတ်လုပ်မှုကျဆင်းခဲ့ရာမှ ရုတ်တရက် တန်ချိန် ၁.၆ သန်း ထုတ်လုပ်နိုင်ခဲ့သဖြင့် ဧပြီလထက် ၆.၈ ရာခိုင်နှုန်း တိုးမြှင့်သိုလှောင်နိုင်မည် ဟု ခန့်မှန်းထားရာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းခန့် ပိုမိုများပြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆီအုန်းထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်းတွင် တန်ချိန် ၁.၄၅ သန်း တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကို တွေ့မြင်ရပါသည်။ TransGraph အကြံပေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး Nagaraj Meda က ပြောကြားရာတွင် ရာသီဥတုကောင်းမွန်မှု၊ ရိတ်သိမ်းရက်များပြားမှု၊ အထွက်နှုန်းတိုးတက်လာမှုတို့ကြောင့် မလေးရှားနိုင်ငံတွင် စားအုန်းဆီထုတ်လုပ်မှုမှာ ယခင်လထက် ပိုမို တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

လတ်တလောရက်သတ္တပတ်များအတွင်း ပို့ကုန်အခွန်များ လျှော့ချလိုက်သော ပြိုင်ဖက်အင်ဒိုနီးရှားနိုင်ငံနှင့် ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် စားအုန်းဆီပို့ကုန်မှာ တန်ချိန် ၁.၀၈ သန်းအထိ တင်ပို့နိုင်ခဲ့ရာ ၀.၇ ရာခိုင်နှုန်းအထိ တိုးမြှင့် တင်ပို့နိုင်ခဲ့သည်။ အဓိကတင်သွင်း သူ အိန္ဒိယနိုင်ငံအနေဖြင့် ဈေးနှုန်းမြင့်မားသော စားအုန်းဆီများအစား ဈေးနှုန်းချိုသာသော ပဲပုပ်ဆီ နှင့် နေကြာဆီများကို အစားထိုးတင်သွင်းခဲ့ခြင်းကြောင့် မေလအတွင်း အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှု မှာ ၂၇ လအတွင်း လျော့နည်းခဲ့ကြောင်း အရောင်းကိုယ်စားလှယ်များက Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ယခုနှစ်အတွင်း မလေးရှားနိုင်ငံ၏ စားအုန်းဆီကုန်ကြမ်းရည်ညွှန်းဈေးနှုန်းမှာ အကျလမ်း ကြောင်းဖက်သို့ ဦီးတည်နေပြီး ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့ကာ အခြားဆီများဖြစ်သော ပဲပုပ်စေ့ဆီ နှင့် နေကြာဆီတို့နှင့် ဈေးကွက်ယှဉ်ပြိုင်မှုကို တိုးတက်စေ ခဲ့ပါသည်။မလေးရှားနိုင်ငံ၏ သင်္ဘောတင်ပို့မှုနှင့်စပ်လျဉ်း၍ အဓိကတင်ပို့နေသည့်နေရာများမှ ဝယ်လိုအားတိုးတက်လာခြင်းနှင့် ထုတ်လုပ်မှုမြင့်တက်လာခြင်းတို့ကြောင့် ဇွန်လမှစတင်၍ သင်္ဘောတင်ပို့မှုများ တိုးတက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားပါသည်။

မလေးရှားစားအုန်းဆီအသင်းအဖွဲ့ (Malaysian Palm Oil Board) MPOB အနေဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် ကိန်းဂဏန်းသတင်းအချက်အလက်ထုတ်ပြန်သွားရန် စီစဉ်ထားပြီး မေလအတွက် အောက်ပါအတိုင်း ခန့်မှန်းထားပါသည်-

အမျိုးအစား

တန်ချိန်အပိုင်းအခြား

အလယ်အလတ်ခန့်မှန်းချက် (တန်ချိန်)

ထုတ်လုပ်မှု

1,292,000 - 1,600,000

1,450,000

တင်ပို့မှု

1,020,725 - 1,400,000

1,082,000

တင်သွင်းမှု

0 - 126,000

40,000

ကုန်အပိတ်လက်ကျန်

1,475,500 - 1,752,000

1,600,000

အထက်ပါခန့်မှန်းအထွက်နှုန်းများအပြင် ဧပြီလအတွင်း တရားဝင်ကုန်လက်ကျန် တန်ချိန် ၁,၄၉၇, ၅၃၅ နှင့် မေလခန့်မှန်းထုတ်လုပ်မှုနှင့်တင်သွင်းမှုတို့ကို ပေါင်းစပ်လိုက်ပါက မေလအတွင်း စုစုပေါင်းအရောင်းတန်ချိန်မှာ တန်ချိန် 2,987,535 ရှိမည်ဖြစ်ကြောင်း၊ တင်ပို့မှုအလယ်အလတ်တန်ဖိုးနှင့် ခန့်မှန်းကုန်အပိတ်လက်ကျန်ကိန်းဂဏန်းများအရ မလေးရှားနိုင်ငံ၏ မေလအတွင်း စားအုန်းဆီစားသုံးမှုမှာ ခန့်မှန်းတန်ချိန် ၃၀၅,၅၃၅ ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Channel News Asia, 6 June  2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)