မလေးရှားနိုင်ငံတွင် အလုပ်သမားများ ပြန်လည်ဝင်ရောက်လာမှုကြောင့် စားအုန်းဆီထုတ်လုပ်မှု မြင့်တက်နိုင်

Powered by Drupal

မလေးရှားနိုင်ငံတွင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသော အလုပ်သမားများ ပြန်လည်ဝင်ရောက်လာမှုနှင့်အတူ စားအုန်းဆီထုတ်လုပ်သော နှုန်းထားများ ပိုမိုကောင်းမွန်လာခြင်းကြောင့် ရိတ်သိမ်းမှုများ တိုးတက်ကောင်းမွန်လာနိုင်ကြောင်း သိရှိရ ပါသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် စားအုန်းဆီထုတ်လုပ်မှုမှာ လာမည့်ဩဂုတ်လမှ စက်တင်ဘာလများအတွင်း အများဆုံးမြင့်တက်လာနိုင်ကြောင်းလည်း သိရှိရပါသည်။ မလေးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု၏ ၂ဝ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်း စားသုံးသူကုန်စည်များဖြစ်သည့် အစားအသောက်များမှ အလှကုန်များအထိ သုံးစွဲလျက်ရှိကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် လှုပ်ရှားသွားလာမှုများကို ဖြေလျှော့ခဲ့သော်လည်း ပင်လယ်ရပ်ခြားရှိ အလုပ်သမားများကို ပြန်လည်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း သိရှိရပါသည်။

စားအုန်းဆီထုတ်လုပ်မှု အလားအလာကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းများအပေါ် ဖိအားများ ဖြစ်စေခဲ့ပြီး ယခင်နှစ်က ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့သော်လည်း လပေါင်း ၃ဝ အတွင်း နိမ့်ကျသောဈေးနှုန်းများဖြင့် အရောင်းအဝယ်ပြုခဲ့ကြရ ကြောင်း၊ မလေးရှားနိုင်ငံအတွင်း စားအုန်းဆီ စုစုပေါင်းရောင်းချမှု၏ ၈ဝ ရာခိုင်နှုန်းကို ရောင်းချလျက်ရှိသော မလေးရှားကျွန်းဆွယ်နှင့် ဆာဘာတို့မှ စားအုန်းဆီအထွက်နှုန်းမှာ ၂ဝ၂၂ ခုနှစ် ကာလတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဒုတိယနှစ်ဝက် ကာလတွင် အနည်းဆုံး ၂၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်းနှင့် အထွက်နှုန်းများ လျင်မြန်စွာ တိုးတက်လာခြင်းကြောင့် မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုမှာ မေလတွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းမြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။

ပင်လယ်ရပ်ခြားအလုပ်သမားများ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် မလေးရှားနိုင်ငံ၏ စားအုန်းဆီစိုက်ပျိုးသောကုမ္ပဏီများမှာ ယခင်နှစ်က အလုပ်သမားများ ပြတ်လပ်မှုကြောင့် ဆုံးရှုံးမှု မလေးရှားရင်းဂစ် ၂ဝ ဘီလီယံရှိခဲ့ရာမှ သက်သာရာ ရခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် ယခုနှစ်အတွင်း အယ်လ်နီညို ဖြစ်ပေါ်ခဲ့သော်လည်း စက်တင်ဘာလမှ အောက်တိုဘာလအတွင်းသာ ဖြစ်ပေါ်နိုင်ပြီး ထုတ်လုပ်မှုအပေါ် လက်ငင်းအကျိုးသက်ရောက်မှု အနည်းဆုံးသာရှိမည်ဟုလည်း သိရှိရပါသည်။ မလေးရှားနိုင်ငံတွင် အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားဖြစ်မှု ပြင်းထန်သည်နှင့်အမျှ စားအုန်းဆီရိတ်သိမ်းမှုအပေါ် အကျိုးသက်ရောက်မှုသည် ခြောက်လမှ ကိုးလအတွင်းတွင် တစ်ကြိမ်၊ နှစ်ဆယ်လမှ နှစ်ဆယ့်နှစ်လအတွင်းတွင်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ် နိုင်ကြောင်းလည်း သိရှိရပါသည်။

Source: Bloomberg, 2 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)