ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ကြက်သွန်နီတင်သွင်းခွင့်ပြုခဲ့ပြီးနောက် ဈေးနှုန်းများကျဆင်းလာ

Powered by Drupal

ဇွန်လ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက အိန္ဒိယနိုင်ငံမှ ဟင်းသီးဟင်းရွက်များကို တင်သွင်းခွင့်ပြုခဲ့ပြီးသည့်နောက် နိုင်ငံအနှံ့အပြားတွင် ကြက်သွန်နီဈေးနှုန်းများ သိသာစွာကျဆင်းခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရပိုင်ကုန်သွယ်မှု အဖွဲ့အစည်း၏ အချက်အလက်များအရ ဇွန်လ ၅ ရက် (တနင်္လာနေ့) ဈေးနှုန်းမှာ ပြည်တွင်းကြက်သွန်နီ တစ်ကီလိုဂရမ်လျှင် တာကာငွေ ၈၀ မှ ၉၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇွန်လ ၄ ရက်နေ့ လက်လီဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တာကာငွေ ၁၀ ကျဆင်းသွားကြောင်း သိရှိရပါသည်။

ယခင်လတွင် ပြည်တွင်းကြက်သွန်နီဈေးနှုန်းမှာ ၈၁ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီးနောက် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် ဈေးကွက်မတည်ငြိမ်မှုကို ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ကြက်သွန်နီများကို တင်သွင်းနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသား စားသုံးသူများအခွင့်အရေးကာကွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DNCRP) ၏ ညွှန်ကြားရေးမှူးချုပ်၊ AHM Shafiquzzaman က ကြက်သွန်နီများကို တင်သွင်းခွင့်ပြုပြီးနောက် တစ်နေ့တွင် ကြက်သွန်နီဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် တာကာငွေ ၁၀ နှုန်းဖြင့် ကျဆင်းလာခြင်းသည် ကုန်သည်အချို့က အကျိုးအမြတ်အတွက် ဈေးကွက်ကို ကြိုးကိုင်ခြယ်လှယ်နေခြင်းသာဖြစ်ကြောင်း အကြံပြုပြောဆိုခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်းကြက်သွန်နီထုတ်လုပ်သည့်ဒေသဖြစ်သော Pabna မှ လယ်သမားများက Dhaka၊ Chattogram နှင့် Sylhet ဒေသများရှိ အကြီးစားကုန်သည်များသည် ဒေသများရှိ ကြက်သွန်နီလက်ကားစျေးကို ထိန်းချုပ် နေကြကြောင်း၊ ၄င်းတို့သည် ဒေသခံ အရောင်းကိုယ်စားလှယ်များထံမှ ကုန်လက်ကျန်လုံ‌လောက်သည်အထိ ဝယ်ယူနေကြကြောင်းနှင့် ကုန်လက်ကျန်များလာသည်နှင့် ဈေးကွက်ကို ကြိုးကိုင်ခြယ်လှယ်နေကြကြောင်း ပြောကြားခဲ့ကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအဆင့်မြင့်အထွေထွေအတွင်းရေးမှူး Tapan Kanti Ghosh က မသမာသော ကုန်သည်များသည် ယခင်လကတည်းက ကြက်သွန်နီဈေးနှုန်း ကြီးမြင့်မှုအပေါ် အခွင့်အရေးယူခဲ့ကြောင်း၊ ဈေးကွက်အတွင်း တည်ငြိမ်မှုဖြစ်လာသည့်အချိန်အထိ တင်သွင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ကီလိုဂရမ်လျှင် တာကာငွေ ၅၀ အထိ ကျဆင်းလာသည့်အချိန်မှသာ တင်သွင်းမှုများအား ရပ်တန့်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

စိုက်ပျိုရေးဝန်ကြီးဌာနအရာရှိတစ်ဦး၏ ပြောကြားမှုအရ ဇွန် ၅ ရက်နေ့၊ ပထမဆုံးနေ့တွင် ကြက်သွန်နီတန်ချိန် ၂၈၀,၈၀၀ အတွက် တင်သွင်းခွင့်ပါမစ်လျှောက်ထားမှုပေါင်း ၂၁၀ ခုကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ Bhomra Clearing and Forwarding Agents (အကောက်ခွန်ရှင်းလင်းရေးအဖွဲ့) ၏ ပြောကြားမှုအရ ဇွန်လ ၅ ရက်နေ့တွင် Bhomra ဆိပ်ကမ်းသို့ ကြက်သွန်နီ တန်ချိန် ၃၃၀ ရောက်ရှိလာခဲ့ကြောင်းလည်း သိရှိရပါသည်။

လက်ရှိကာလတွင် ကြက်သွန်နီစျေးနှုန်းများ မြင့်တက်နေမှုကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသို့ ကြက်သွန်နီများကို တင်သွင်းခွင့်ပြုရန် စာဖြင့်အကြောင်း ကြားခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့မှ စတင်၍ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ ဈေးကောင်းရရှိစေရန် ကြက်သွန်နီတင်သွင်းမှုကို ရပ်ဆိုင်းထားခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်စဉ်ကြက်သွန်နီဝယ်လိုအားမှာ တန်ချိန် ၂၅ သိန်းရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက ယခုနှစ်တွင် ပြည်တွင်းထုတ်လုပ်မှု တန်ချိန် ၃၄ သိန်း ရှိမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သို့သော် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သိုလှောင်ရုံများ မရှိခြင်းကြောင့် နှစ်စဉ်ပြည်တွင်းအထွက်နှုန်းအနေဖြင့် ၂၅ ရာခိုင်နှုန်းမှာ အလေအလွင့်များဖြစ်လျက်ရှိသည့်အတွက် ကြက်သွန်နီ တန်ချိန် ၆.၅ သိန်းအား တင်သွင်းရန်လို အပ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source: The Daily Star, 6 June, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)